|
| 1 |
|
| အာဗြံသည် သူ၏မယား၊ သူပိုင်ဆိုင်သောအရာအားလုံးနှင့်တကွ လောတပါလျက် အီဂျစ်ပြည်မှထွက်၍ နေဂေ့အရပ်သို့ သွားလေ၏။ |
|
| 2 |
|
| အာဗြံသည် တိရစ္ဆာန်မှစ၍ ရွှေ၊ ငွေတို့ဖြင့် အလွန်ကြွယ်ဝ၏။ |
|
| 3 |
|
| သူသည် နေဂေ့အရပ်မှ ဗေသလမြို့သို့ ခရီးဆက်သွား၍ ဗေသလမြို့နှင့်အာဣမြို့ကြား၊ ယခင်က သူတဲဆောက်ခဲ့ရာအရပ်၊ |
|
| 4 |
|
| ယခင်က ယဇ်ပလ္လင်တည်ခဲ့ရာအရပ်သို့ ရောက်လေ၏။ ထိုအရပ်တွင် အာဗြံသည် ထာဝရဘုရား၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြုလေ၏။ |
|
| 5 |
|
| အာဗြံနှင့်အတူလိုက်လာသောလောတတွင်လည်း သိုးအုပ်၊ နွားအုပ်နှင့် တဲများရှိသဖြင့် |
|
| 6 |
|
| ထိုသူနှစ်ဦးတို့သည် အတူတကွနေထိုင်ရန် မြေမလုံလောက်ပေ။ အကြောင်းမူကား သူတို့၏ဥစ္စာအလွန်များပြားသဖြင့် သူတို့သည် အတူတကွနေထိုင်ရန် မဖြစ်နိုင်တော့ချေ။ |
|
| 7 |
|
| အာဗြံ၏တိရစ္ဆာန်ထိန်းကျောင်းသူတို့နှင့် လောတ၏တိရစ္ဆာန်ထိန်းကျောင်းသူတို့ကြား၌ ခိုက်ရန်ဖြစ်ပွားခြင်းရှိကြ၏။ (ထိုကာလတွင် ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့သည် ထိုပြည်၌နေထိုင်လျက်ရှိကြ၏။) |
|
| 8 |
|
| ထို့ကြောင့် အာဗြံက လောတအား “ငါတို့သည် ဆွေမျိုးသားချင်း ဖြစ်ကြသောကြောင့် ငါနှင့်သင့်ကြား၌လည်းကောင်း၊ ငါ၏တိရစ္ဆာန်ထိန်းကျောင်းသူတို့နှင့် သင်၏တိရစ္ဆာန်ထိန်းကျောင်းသူတို့ကြား၌လည်းကောင်း ခိုက်ရန်ဖြစ်ပွားခြင်းမရှိပါစေနှင့်။ |
|
| 9 |
|
| မြေတစ်ပြင်လုံးသည် သင့်ရှေ့၌ရှိသည်မဟုတ်လော။ ယခု ငါနှင့်ခွဲ၍နေပါ။ သင်သည် လက်ဝဲဘက်သို့သွားလျှင် ငါသည် လက်ယာဘက်သို့သွားမည်။ သင်သည် လက်ယာဘက်သို့သွားလျှင် ငါသည် လက်ဝဲဘက်သို့သွားမည်”ဟု ဆို၏။ |
|
| 10 |
|
| လောတသည် မျှော်ကြည့်ရာ ဇောရမြို့သို့သွားသောလမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်ဝှမ်းတစ်ဝှမ်းလုံးသည် ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်း ရေပေါများလျက်ရှိသည်ကိုမြင်လေ၏။ (ထိုအချိန်က သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူသေးချေ။) |
|
| 11 |
|
| ထို့ကြောင့် လောတသည် ဂျော်ဒန်မြစ်ဝှမ်းတစ်ဝှမ်းလုံးကို မိမိအတွက် ရွေးချယ်လေ၏။ ထို့နောက် လောတသည် အရှေ့ဘက်သို့ရွှေ့ပြောင်းသဖြင့် သူတို့သည် တစ်ဦးနှင့်တစ်ဦး ခွဲခွာသွားကြ၏။ |
|
| 12 |
|
| အာဗြံသည် ခါနာန်ပြည်၌နေလေ၏။ လောတမူကား သောဒုံမြို့တိုင်အောင် တဲကိုရွှေ့၍ မြစ်ဝှမ်းရှိမြို့တို့တွင်နေထိုင်လေ၏။ |
|
| 13 |
|
| သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။ |
|
| 14 |
|
| လောတသည် အာဗြံနှင့်ခွဲခွာသွားပြီးနောက် ထာဝရဘုရားက အာဗြံအား “ယခုမျှော်ကြည့်လော့။ သင်ရှိရာအရပ်မှ အရှေ့၊ အနောက်၊ တောင်၊ မြောက်သို့ကြည့်လော့။ |
|
| 15 |
|
| အကြောင်းမူကား သင်မြင်ရသောမြေအားလုံးကို ငါသည် သင်နှင့်သင်၏သားစဉ်မြေးဆက်အား ကာလအစဉ်အဆက် ပိုင်ဆိုင်စေမည်။ |
|
| 16 |
|
| ငါသည် သင်၏သားစဉ်မြေးဆက်ကို မြေမှုန့်ကဲ့သို့များပြားစေမည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် မြေမှုန့်ကိုရေတွက်နိုင်လျှင် သင်၏သားစဉ်မြေးဆက်ကိုလည်း ရေတွက်နိုင်လိမ့်မည်။ |
|
| 17 |
|
| ထလော့၊ ဤမြေကို အလျားတစ်လျှောက်၊ အနံတစ်လျှောက် လျှောက်သွားလော့။ ထိုမြေကို သင့်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ |
|
| 18 |
|
| ထို့ကြောင့် အာဗြံသည် သူ၏တဲကိုရွှေ့၍ ဟေဗြုန်မြို့ရှိ မံရေဝက်သစ်ချပင်များအနီး၌ သွားရောက်နေထိုင်၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။ |
|
|
|
|