|
| 1 |
|
| အာဗြံ၏မယားစာရဲသည် အာဗြံအတွက် သားသမီးမမွေးဖွားပေးနိုင်ချေ။ စာရဲတွင် ဟာဂရအမည်ရှိသော အီဂျစ်လူမျိုးကျွန်မတစ်ယောက်ရှိ၏။ |
|
| 2 |
|
| ထို့ကြောင့် စာရဲက အာဗြံအား “ကြည့်ရှုလော့။ ထာဝရဘုရားသည် အကျွန်ုပ်အား သားသမီးမွေးဖွားခွင့်ပေးတော်မမူ။ အကျွန်ုပ်၏ကျွန်မထံသို့ ဝင်ပါလော့။ အကျွန်ုပ်သည် သူ့အားဖြင့် မိသားစုတစ်ခုတည်ဆောက်နိုင်ကောင်းတည်ဆောက်နိုင် လိမ့်မည်”ဟု ဆိုလျှင် အာဗြံသည်လည်း စာရဲ၏စကားကိုနားထောင်လေ၏။ |
|
| 3 |
|
| ဤသို့ဖြင့် အာဗြံသည် ခါနာန်ပြည်၌ ဆယ်နှစ်ကြာနေထိုင်ပြီးနောက်တွင် အာဗြံ၏မယားစာရဲသည် မိမိကျွန်မ အီဂျစ်လူမျိုးဟာဂရကိုခေါ်၍ မိမိခင်ပွန်းအာဗြံအား မယားအဖြစ်ပေးလေ၏။ |
|
| 4 |
|
| အာဗြံသည်လည်း ဟာဂရထံသို့ဝင်သဖြင့် ဟာဂရသည် ကိုယ်ဝန်ဆောင်လေ၏။ ဟာဂရသည် မိမိကိုယ်ဝန်ရှိနေကြောင်းသိသောအခါ မိမိသခင်မကို မထီလေးစားပြုလေ၏။ |
|
| 5 |
|
| သို့ဖြစ်၍ စာရဲက အာဗြံအား “အကျွန်ုပ်ခံရသောမထီလေးစားပြုခြင်းအမှုသည် သခင့်အပေါ်ကျရောက်ပါစေ။ အကျွန်ုပ်၏ကျွန်မကို သခင့်ရင်ခွင်၌ အကျွန်ုပ်ပေးအပ်ခဲ့ပါသည်။ သို့သော် သူသည် မိမိကိုယ်ဝန်ရှိနေကြောင်းသိသောအခါ အကျွန်ုပ်ကိုမထီလေးစားပြုပါသည်။ ထာဝရဘုရားသည် အကျွန်ုပ်နှင့်သခင့်ကြားတွင် တရားသဖြင့်စီရင်ပေးတော်မူပါစေသော”ဟု ဆိုလေ၏။ |
|
| 6 |
|
| အာဗြံကလည်း “ကြည့်ရှုလော့။ သင်၏ကျွန်မသည် သင့်လက်ထဲ၌ရှိ၏။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုပါ”ဟု စာရဲအား ဆို၏။ ထိုအခါ စာရဲသည် ဟာဂရကိုနှိပ်စက်သဖြင့် သူသည် စာရဲထံမှထွက်ပြေးလေ၏။ |
|
| 7 |
|
| ထာဝရဘုရား၏ကောင်းကင်တမန်သည် တောကန္တာရ၌ရှိသည့် စမ်းရေတွင်းတည်းဟူသော ရှုရအရပ်သို့သွားသောလမ်း၌ရှိသည့် စမ်းရေတွင်းနားမှာ ဟာဂရကိုတွေ့၍ |
|
| 8 |
|
| “စာရဲ၏ကျွန်မ ဟာဂရ၊ သင်သည် မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်နည်း”ဟု မေးလေ၏။ သူကလည်း “ကျွန်မသည် ကျွန်မ၏သခင်မ စာရဲထံမှထွက်ပြေးလာပါသည်”ဟု ဖြေလေ၏။ |
|
| 9 |
|
| ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း “သင်၏သခင်မထံသို့ပြန်သွား၍ သူ၏လက်အောက်၌နှိမ့်ချရိုကျိုးစွာနေလော့”ဟု သူ့အား မြွက်ဆို၏။ |
|
| 10 |
|
| တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်က “ငါသည် သင်၏သားစဉ်မြေးဆက်တို့ကို အလွန်များပြားစေမည်။ သူတို့သည် များပြားလှသဖြင့် မရေမတွက်နိုင်အောင်ဖြစ်လိမ့်မည်”ဟု ဆိုလေ၏။ |
|
| 11 |
|
| ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်က “ကြည့်ရှုလော့။ သင်သည် ကိုယ်ဝန်ဆောင်လျက်ရှိ၍ သားကိုမွေးဖွားလိမ့်မည်။ သူ၏အမည်ကို ဣရှမေလဟုမှည့်ခေါ်ရမည်။ အကြောင်းမူကား ထာဝရဘုရားသည် သင်ခံရသောဖိစီးနှိပ်စက်မှုကို ကြားသိတော်မူပြီ။ |
|
| 12 |
|
| သူသည် မြည်းရိုင်းကဲ့သို့သောသူဖြစ်ပြီး သူသည် လူတိုင်းကိုဆန့်ကျင်လိမ့်မည်။ လူတိုင်းသည်လည်း သူ့ကိုဆန့်ကျင်လိမ့်မည်။ သူသည် မိမိညီအစ်ကိုအပေါင်းတို့နှင့် ရန်ဘက်ပြုလျက် နေထိုင်လိမ့်မည်”ဟု မြွက်ဆို၏။ |
|
| 13 |
|
| သို့ဖြစ်၍ ဟာဂရက “ငါ့ကို မြင်တော်မူသောအရှင်ကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကား”ဟု ဆိုလျက် မိမိအားမိန့်မြွက်တော်မူသော ထာဝရဘုရား၏နာမတော်ကို “ကိုယ်တော်သည် အကျွန်ုပ်ကိုမြင်တော်မူသောဘုရားပေတည်း”ဟု မှည့်ခေါ်လေ၏။ |
|
| 14 |
|
| ထို့ကြောင့် ထိုရေတွင်းကို ဗေရလဟဲရော ဟုခေါ်၏။ ၎င်းသည် ကာဒေရှအရပ်နှင့် ဗေရက်အရပ်ကြား၌ရှိ၏။ |
|
| 15 |
|
| ထို့နောက် ဟာဂရသည် အာဗြံအတွက် သားယောက်ျားကိုမွေးဖွား၏။ အာဗြံသည်လည်း ဟာဂရမွေးဖွားသော မိမိသား၏အမည်ကို ဣရှမေလ ဟုမှည့်ခေါ်လေ၏။ |
|
| 16 |
|
| ဟာဂရသည် အာဗြံအတွက် ဣရှမေလကိုမွေးဖွားသောအခါ အာဗြံသည် အသက်ရှစ်ဆယ့်ခြောက်နှစ်ရှိပြီဖြစ်၏။ |
|
|
|
|