|
| 1 |
|
| ယာကုပ်သည် ခရီးဆက်သွားရာ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် သူနှင့်လာတွေ့ကြ၏။ |
|
| 2 |
|
| ယာကုပ်သည် သူတို့ကိုမြင်သောအခါ “ဤနေရာသည် ဘုရားသခင်၏တပ်စခန်းဖြစ်၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို မဟာနိမ် ဟုခေါ်၏။ |
|
| 3 |
|
| ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍ |
|
| 4 |
|
| “သင်တို့သည် ငါ၏သခင်ဧသောအား သခင်၏အစေအပါးယာကုပ်က ‘အကျွန်ုပ်သည် လာဗန်ထံ၌ ယခုထိတိုင် တည်းခိုနေထိုင်ခဲ့ပါ၏။ |
|
| 5 |
|
| အကျွန်ုပ်တွင် နွားများ၊ မြည်းများ၊ သိုးဆိတ်များနှင့် ကျွန်ယောက်ျားများ၊ ကျွန်မိန်းမများရှိပါ၏။ အကျွန်ုပ်သည် သခင့်ရှေ့၌မျက်နှာရမည့်အကြောင်း လူလွှတ်၍ အကျွန်ုပ်၏သခင်အား ကြိုတင်ကြားလျှောက်ပါ၏’ဟူ၍ ပြောရမည်”ဟု မှာကြားလိုက်လေ၏။ |
|
| 6 |
|
| စေတမန်တို့သည် ယာကုပ်ထံသို့ပြန်ရောက်လာ၍ “အကျွန်ုပ်တို့သည် သခင်၏အစ်ကိုဧသောထံသို့ရောက်ခဲ့ပါပြီ။ သူသည်လည်း သခင်နှင့်တွေ့ဆုံရန် လူလေးရာနှင့်အတူ လာနေပါသည်”ဟု လျှောက်ကြ၏။ |
|
| 7 |
|
| ထိုအခါ ယာကုပ်သည် အလွန်ကြောက်၍ စိတ်ပူပန်သဖြင့် မိမိနှင့်အတူရှိသောလူတို့ကိုလည်းကောင်း၊ သိုးဆိတ်၊ နွားနှင့် ကုလားအုတ်တို့ကိုလည်းကောင်း အုပ်စုနှစ်စုခွဲထား၏။ |
|
| 8 |
|
| ယာကုပ်က “အကယ်၍ ဧသောသည် တစ်စုကိုလာ၍တိုက်ခိုက်လျှင် ကျန်တစ်စုသည် လွတ်လိမ့်မည်”ဟု ဆို၏။ |
|
| 9 |
|
| ထို့နောက် ယာကုပ်က “အကျွန်ုပ်အဖအာဗြဟံ၏ဘုရား၊ အကျွန်ုပ်အဖဣဇက်၏ဘုရား၊ အကျွန်ုပ်အား ‘သင့်ပြည်၊ သင့်ဆွေမျိုးသားချင်းတို့ထံသို့ ပြန်သွားလော့။ ငါသည် သင့်ကိုကောင်းစားစေမည်’ဟု မိန့်တော်မူသောထာဝရဘုရား၊ |
|
| 10 |
|
| ကိုယ်တော်၏အစေအပါးအပေါ်ထားတော်မူသော မေတ္တာကရုဏာတော်အလုံးစုံ၊ သစ္စာတော်အလုံးစုံကို အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် ဤဂျော်ဒန်မြစ်ကို ဖြတ်ကူးခဲ့စဉ်က တောင်ဝှေးတစ်ချောင်းသာပါပါ၏။ ယခုမူကား အုပ်စုနှစ်စုဖြစ်လာပါပြီ။ |
|
| 11 |
|
| အကျွန်ုပ်အစ်ကိုဧသော၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကြောင်းမူကား သူသည်လာ၍ အကျွန်ုပ်ကိုလည်းကောင်း၊ ကလေးနှင့်မိခင်တို့ကိုလည်းကောင်း တိုက်ခိုက်မည်ကိုအကျွန်ုပ်ကြောက်ပါ၏။ |
|
| 12 |
|
| သို့သော် ကိုယ်တော်က ‘ငါသည် သင့်ကိုအမှန်ပင်ကောင်းစားစေ၍ သင်၏သားစဉ်မြေးဆက်တို့ကို မရေတွက်နိုင်အောင် များပြားသောပင်လယ်သဲပွင့်ကဲ့သို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူခဲ့ပါပြီ”ဟု လျှောက်လေ၏။ |
|
| 13 |
|
| ယာကုပ်သည် ထိုညတွင် ထိုအရပ်၌ညအိပ်နားပြီးလျှင် အစ်ကိုဧသောအား လက်ဆောင်ပေးရန် မိမိ၏လက်ရှိဥစ္စာထဲမှ |
|
| 14 |
|
| ဆိတ်မအကောင်နှစ်ရာ၊ ဆိတ်ထီးအကောင်နှစ်ဆယ်၊ သိုးမအကောင်နှစ်ရာ၊ သိုးထီးအကောင်နှစ်ဆယ်၊ |
|
| 15 |
|
| နို့တိုက်ကုလားအုတ်အကောင်သုံးဆယ်နှင့် ၎င်းတို့၏သားပေါက်များ၊ နွားမအကောင်လေးဆယ်၊ နွားထီးဆယ်ကောင်၊ မြည်းမအကောင်နှစ်ဆယ်နှင့် မြည်းထီးဆယ်ကောင်တို့ကိုယူ၍ |
|
| 16 |
|
| ၎င်းတို့ကို သူ့အမျိုးနှင့်သူ အုပ်လိုက် အုပ်လိုက် မိမိကျွန်တို့လက်သို့အပ်လေ၏။ ထို့နောက် ထိုကျွန်တို့အား “ငါ့ရှေ့မှ ကူးသွားနှင့်ကြလော့။ တိရစ္ဆာန်တစ်အုပ်နှင့်တစ်အုပ်ကို ခပ်လှမ်းလှမ်းခွာထားလော့”ဟု ဆို၏။ |
|
| 17 |
|
| ထို့ပြင် ရှေ့ဆုံးမှသွားသောသူအား “ငါ့အစ်ကိုဧသောသည် သင့်ကိုတွေ့၍ ‘သင်သည် မည်သူ၏လူဖြစ်သနည်း။ မည်သည့်အရပ်သို့သွားမည်နည်း။ သင့်ရှေ့၌ရှိသောဤအရာတို့ကား မည်သူ၏ဥစ္စာဖြစ်သနည်း’ဟု သင့်ကိုမေးလျှင် |
|
| 18 |
|
| ‘သခင့်အစေအပါး ယာကုပ်၏ဥစ္စာဖြစ်ပါ၏။ ဤအရာတို့သည် သခင်ဧသောအား ဆက်သလိုက်သောလက်ဆောင်ဖြစ်ပါ၏။ သူသည်လည်း အကျွန်ုပ်တို့နောက်မှ လိုက်လာပါ၏’ဟူ၍ လျှောက်ရမည်”ဟု မှာကြားလေ၏။ |
|
| 19 |
|
| ဒုတိယလူ၊ တတိယလူနှင့် တိရစ္ဆာန်အုပ်နောက်မှလိုက်သောသူအပေါင်းတို့ကိုလည်း “သင်တို့သည် ဧသောကိုတွေ့သောအခါ ထိုအတိုင်းလျှောက်ရမည်။ |
|
| 20 |
|
| ထို့ပြင် ‘အရှင့်အစေအပါး ယာကုပ်သည်လည်း အကျွန်ုပ်တို့နောက်မှ လိုက်လာပါ၏’ဟူ၍ လျှောက်ရမည်”ဟု မှာကြားလေ၏။ ယာကုပ်က “ငါ့အလျင်ရောက်နှင့်သောလက်ဆောင်ဖြင့် သူ့ကိုစိတ်ပြေစေပြီးမှ သူနှင့်ငါတွေ့ဆုံမည်။ သို့ပြုလျှင် သူသည် ငါ့ကိုလက်ခံကောင်းလက်ခံလိမ့်မည်”ဟု တွေးထင်သောကြောင့်ဖြစ်၏။ |
|
| 21 |
|
| ထိုသို့ ယာကုပ်သည် မိမိထက်အလျင် လက်ဆောင်ကို တစ်ဖက်ကမ်းသို့ပို့လိုက်၏။ သူကိုယ်တိုင်မူကား ထိုညတွင် စခန်းထဲ၌ ညအိပ်နားလေ၏။ |
|
| 22 |
|
| သို့သော် ထိုညတွင် သူသည် ထ၍ မိမိ၏မယားနှစ်ယောက်၊ မိမိ၏ကျွန်မနှစ်ယောက်နှင့် မိမိ၏သားတစ်ဆယ့်တစ်ယောက်တို့ကိုခေါ်ဆောင်၍ ယဗ္ဗုတ်ရေဆိပ်မှ ဖြတ်ကူး၏။ |
|
| 23 |
|
| ထိုသို့ သားမယားတို့ကို ချောင်းတစ်ဖက်ကမ်းသို့ဖြတ်ကူးစေပြီးလျှင် မိမိပိုင်ဆိုင်သောဥစ္စာတို့ကိုလည်း တစ်ဖက်ကမ်းသို့ပို့လိုက်၏။ |
|
| 24 |
|
| ယာကုပ်သည် တစ်ယောက်တည်းကျန်ခဲ့၏။ ထိုအခါ လူတစ်ယောက်သည် အရုဏ်တက်ချိန်အထိ ယာကုပ်နှင့်နပန်းလုံးလေ၏။ |
|
| 25 |
|
| ထိုသူသည် ယာကုပ်ကို မနိုင်မှန်းသိမြင်သောအခါ ယာကုပ်၏တင်ပါးဆုံအဆစ်ကိုထိုး၏။ ထို့ကြောင့် ထိုသူနှင့်နပန်းလုံးစဉ်တွင် ယာကုပ်၏တင်ပါးဆုံအဆစ်သည် လွဲလေ၏။ |
|
| 26 |
|
| ထိုသူက “အရုဏ်တက်ပြီဖြစ်၍ ငါ့ကိုလွှတ်ပါ”ဟု ဆို၏။ သို့သော် ယာကုပ်က “အကျွန်ုပ်ကိုကောင်းချီးမပေးလျှင် အရှင့်ကို အကျွန်ုပ်မလွှတ်ပါ”ဟု ဆို၏။ |
|
| 27 |
|
| ထိုသူကလည်း “သင့်နာမည်ကား အဘယ်နည်း”ဟု မေးလျှင် “ယာကုပ် ဖြစ်ပါသည်”ဟု ပြန်ဖြေ၏။ |
|
| 28 |
|
| ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေး ဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။ |
|
| 29 |
|
| ယာကုပ်ကလည်း “အရှင်၏အမည်ကို သိပါရစေ”ဟု ဆိုလျှင် ထိုသူက “အဘယ်ကြောင့် ငါ၏အမည်ကိုမေးသနည်း”ဟု ဆိုပြီး ထိုအရပ်၌ ယာကုပ်ကို ကောင်းချီးပေးလေ၏။ |
|
| 30 |
|
| ထို့ကြောင့် ယာကုပ်က “ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်မြင်ရလျက်နှင့် အသက်ချမ်းသာရာရသေး၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို ပေနွေလ ဟုခေါ်၏။ |
|
| 31 |
|
| ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ နေထွက်ပြီဖြစ်၏။ သူသည် သူ၏တင်ပါးဆုံအဆစ်လွဲသွားသောကြောင့် ထော့နဲ့ထော့နဲ့ဖြင့်သွားလေ၏။ |
|
| 32 |
|
| ထိုသို့ ယာကုပ်၏တင်ပါးဆုံအဆစ်၌ရှိသောအကြောကို ထိုးသောကြောင့် ယနေ့တိုင်အောင် အစ္စရေးအမျိုးသားတို့သည် တင်ပါးဆုံအဆစ်၌ရှိသောအကြောကို မစားကြချေ။ |
|
|
|
|