|
| 1 |
|
| ယာကုပ်အတွက် လေအာမွေးဖွားပေးသောသမီးဒိနသည် ခါနာန်ပြည်ရှိအမျိုးသမီးတို့ထံ အလည်အပတ်သွားရာ |
|
| 2 |
|
| ထိုပြည်၏မင်းဖြစ်သောဟိဝိလူမျိုးဟာမော်၏သား ရှေခင်သည် သူ့ကိုမြင်လျှင် ခေါ်ဆောင်သွား၍ သူနှင့်အိပ်ခြင်းဖြင့် သူ့အသရေကိုရှုတ်ချလေ၏။ |
|
| 3 |
|
| ရှေခင်၏စိတ်နှလုံးသည် ယာကုပ်၏သမီးဒိနကိုစွဲလမ်း၏။ သူသည် ထိုမိန်းကလေးကိုချစ်၏။ ကြင်နာစွာစကားပြော၏။ |
|
| 4 |
|
| ရှေခင်သည် မိမိဖခင်ဟာမော်အား “ဤမိန်းကလေးကို အကျွန်ုပ်၏မယားအဖြစ် တောင်းပေးပါ”ဟု လျှောက်ဆို၏။ |
|
| 5 |
|
| ယာကုပ်သည် သူ၏သမီးဒိနကို ရှေခင်ကညစ်ညူးအောင်ပြုခဲ့ကြောင်း ကြားသိသော်လည်း သူ၏သားတို့သည် တိရစ္ဆာန်တို့နှင့်အတူ တောထဲ၌ရှိနေကြသောကြောင့် သူတို့ပြန်မရောက်မချင်း တိတ်ဆိတ်စွာနေ၏။ |
|
| 6 |
|
| ရှေခင်၏ဖခင်ဟာမော်သည် ယာကုပ်နှင့်ပြောဆိုဆွေးနွေးရန် ယာကုပ်ထံသို့လာ၏။ |
|
| 7 |
|
| ယာကုပ်၏သားတို့သည် ထိုသတင်းကိုကြားလျှင်ကြားချင်း တောမှပြန်လာကြ၏။ သူတို့သည် စိတ်ထိခိုက်၍ အလွန်အမျက်ထွက်ကြ၏။ အကြောင်းမူကား ရှေခင်သည် ယာကုပ်၏သမီးနှင့်အိပ်ခြင်းဖြင့် အစ္စရေးလူမျိုး၌ ယုတ်ညံ့သောအမှုကိုပြု၏။ ဤအမှုသည် မပြုအပ်သောအမှုဖြစ်၏။ |
|
| 8 |
|
| ဟာမော်က သူတို့အား “ငါ့သားရှေခင်၏စိတ်နှလုံးသည် သင်တို့၏သမီးကိုစွဲလမ်းနေပါ၏။ သူ့ကို ငါ့သား၏မယားအဖြစ်ပေးပါ။ |
|
| 9 |
|
| ငါတို့ဆွေမျိုးတော်ကြစို့။ သင်တို့၏သမီးတို့ကို ငါတို့အားပေးစား၍ ငါတို့၏သမီးတို့ကိုလည်း သင်တို့ယူကြပါ။ |
|
| 10 |
|
| သို့ပြုလျှင် သင်တို့သည် ငါတို့နှင့်အတူနေထိုင်နိုင်ပါသည်။ ဤပြည်သည်လည်း သင်တို့အတွက်ဖြစ်မည်။ ဤပြည်၌ နေထိုင်လျက် ရောင်းဝယ်ဖောက်ကားပြီး ဥစ္စာဆည်းပူးကြပါ”ဟု ပြောဆိုလေ၏။ |
|
| 11 |
|
| ရှေခင်ကလည်း မိန်းကလေး၏ဖခင်နှင့်အစ်ကိုတို့အား “အကျွန်ုပ်သည် သင်တို့ရှေ့၌ မျက်နှာရပါစေ။ သင်တို့တောင်းသမျှကို အကျွန်ုပ်ပေးပါမည်။ |
|
| 12 |
|
| မင်္ဂလာကြေးနှင့်လက်ဆောင်ကို သင်တို့အလိုရှိသမျှ အကျွန်ုပ်ထံမှတောင်းပါ။ သင်တို့တောင်းသည့်အတိုင်း အကျွန်ုပ်ပေးပါမည်။ ဤမိန်းကလေးကိုသာ အကျွန်ုပ်၏မယားအဖြစ်ပေးပါ”ဟု ဆို၏။ |
|
| 13 |
|
| သို့သော် ယာကုပ်၏သားတို့သည် သူတို့၏နှမဒိနကို ညစ်ညူးအောင် ရှေခင်ပြုခဲ့သောကြောင့် ရှေခင်နှင့်သူ၏ဖခင်ဟာမော်အား တစ်ဖက်လှည့်ဖြင့် ပြန်ပြောကြ၏။ |
|
| 14 |
|
| သူတို့က “ငါတို့၏နှမကို အရေဖျားမလှီးသောသူနှင့်ပေးစားခြင်းအမှုကို ငါတို့မပြုနိုင်ပါ။ အကြောင်းမူကား ထိုသို့ပြုလျှင် ငါတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းခံရလိမ့်မည်။ |
|
| 15 |
|
| သင်တို့၌ရှိသောယောက်ျားတိုင်းသည် ငါတို့ကဲ့သို့အရေဖျားလှီးခြင်းကိုခံသောသူ ဖြစ်မှသာလျှင် ငါတို့သည် သင်တို့နှင့်လိုက်လျောသဘောတူနိုင်မည်။ |
|
| 16 |
|
| ထိုအခါ ငါတို့သည် ငါတို့သမီးတို့ကို သင်တို့အားပေးစား၍ သင်တို့၏သမီးတို့ကိုလည်း ငါတို့ယူမည်။ ငါတို့သည် သင်တို့နှင့်အတူနေထိုင်၍ လူမျိုးတစ်မျိုးတည်းဖြစ်လာမည်။ |
|
| 17 |
|
| သို့သော် သင်တို့သည် အရေဖျားလှီးခြင်းကိုခံရန် သဘောမတူလျှင် ငါတို့သည် ငါတို့သမီးကိုခေါ်၍ ထွက်သွားမည်”ဟု ဆိုကြ၏။ |
|
| 18 |
|
| သူတို့၏စကားကို ဟာမော်နှင့်သူ၏သားရှေခင်သည် နှစ်သက်သဘောကျကြ၏။ |
|
| 19 |
|
| ထိုလူငယ်သည် ယာကုပ်၏သမီးကိုနှစ်သက်သဖြင့် နှောင့်နှေးခြင်းမရှိဘဲ ထိုအမှုကိုပြု၏။ သူသည် မိမိဖခင်၏အိမ်သူအိမ်သားအပေါင်းတို့တွင် ဂုဏ်သရေအရှိဆုံးသူဖြစ်၏။ |
|
| 20 |
|
| ဟာမော်နှင့်သူ၏သားရှေခင်သည် မြို့တံခါးသို့သွား၍ မြို့သားတို့အား |
|
| 21 |
|
| “ဤသူတို့သည် ငါတို့နှင့်ခင်မင်ရင်းနှီးသောသူများဖြစ်ကြ၏။ သူတို့သည် ဤပြည်၌နေထိုင်၍ ရောင်းဝယ်ဖောက်ကားကြပါစေ။ ဤပြည်သည် သူတို့နေသာအောင် ကျယ်ဝန်း၏။ သူတို့၏သမီးတို့ကို ငါတို့၏မယားအဖြစ်ယူ၍ ငါတို့၏သမီးတို့ကိုလည်း သူတို့အား ပေးစားကြစို့။ |
|
| 22 |
|
| သူတို့အရေဖျားလှီးခြင်းကိုခံသကဲ့သို့ ငါတို့ထဲ၌ရှိသောယောက်ျားတိုင်းသည် အရေဖျားလှီးခြင်းကိုခံရမည်ဟူသောအချက်ဖြင့်သာ သူတို့သည် ငါတို့နှင့်လိုက်လျောသဘောတူ၍ ငါတို့နှင့်အတူနေထိုင်ပြီး လူမျိုးတစ်မျိုးတည်းဖြစ်ကြမည်။ |
|
| 23 |
|
| ထိုအခါ သူတို့၏သိုးနွားများမှစ၍ သူတို့၏ဥစ္စာနှင့်တိရစ္ဆာန်ရှိသမျှတို့သည် ငါတို့ဥစ္စာဖြစ်လာမည်မဟုတ်လော။ သူတို့နှင့်လိုက်လျောသဘောတူကြစို့။ သို့ပြုလျှင် သူတို့သည် ငါတို့နှင့်အတူနေထိုင်ကြလိမ့်မည်”ဟု ဆိုကြ၏။ |
|
| 24 |
|
| မြို့တံခါးမှဝင်ထွက်သွားလာသောသူအပေါင်းတို့သည် ဟာမော်နှင့်သူ့သားရှေခင်၏စကားကို နားထောင်ကြ၏။ မြို့တံခါးမှဝင်ထွက်သွားလာသောယောက်ျားအပေါင်းတို့သည်လည်း အရေဖျားလှီးခြင်းကိုခံကြ၏။ |
|
| 25 |
|
| သုံးရက်မြောက်သောနေ့၌ သူတို့နာကျင်လျက်နေကြသောအခါ ယာကုပ်၏သားနှစ်ယောက်ဖြစ်သော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည် ဓားကိုယ်စီကိုင်ဆောင်လျက် ထိုမြို့ထဲသို့ ရဲရင့်စွာဝင်ရောက်၍ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။ |
|
| 26 |
|
| ဟာမော်နှင့်သူ၏သားရှေခင်ကိုလည်း သူတို့၏ဓားဖြင့်သတ်ပြီးလျှင် ဒိနကို ရှေခင်၏အိမ်မှခေါ်လျက် ထွက်သွားကြ၏။ |
|
| 27 |
|
| ယာကုပ်၏သားတို့သည် မိမိတို့နှမကို မြို့သားတို့ညစ်ညူးစေသောကြောင့် အသတ်ခံရသောသူတို့ထံသို့လာ၍ သူတို့၏မြို့ကို သိမ်းယူကြ၏။ |
|
| 28 |
|
| သူတို့သည် မြို့သားတို့၏သိုးဆိတ်၊ နွား၊ မြည်းများမှစ၍ မြို့တွင်း၊ မြို့ပြင်ရှိပစ္စည်းတို့ကို ယူကြ၏။ |
|
| 29 |
|
| အိမ်ထဲ၌ရှိသောဥစ္စာပစ္စည်းအားလုံးကို သိမ်းယူသွား၏။ ကလေးနှင့်မိန်းမတို့ကိုလည်း တစ်ယောက်မကျန် ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ |
|
| 30 |
|
| ထိုအခါ ယာကုပ်က ရှိမောင်နှင့်လေဝိအား “ဤပြည်၌နေထိုင်ကြသော ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့ ငါ့ကိုစက်ဆုပ်ရွံရှာအောင် သင်တို့ပြုခြင်းအားဖြင့် ငါ့ကို ဒုက္ခပေးကြပြီတကား။ ငါ၌ လူအင်အားအနည်းငယ်သာရှိ၏။ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်ခိုက်လျှင် ငါနှင့်ငါ၏အိမ်သူအိမ်သားတို့သည် ပျက်စီးကြရလိမ့်မည်”ဟု ဆိုလေ၏။ |
|
| 31 |
|
| သို့သော် သူတို့က “အကျွန်ုပ်တို့၏နှမကို ပြည့်တန်ဆာကဲ့သို့ ပြုရသလော”ဟု ပြန်ပြောကြ၏။ |
|
|
|
|