|
| 1 |
|
| ထို့နောက် အစ္စရေးသည် မိမိပိုင်ဆိုင်သမျှကိုယူဆောင်လျက် ခရီးပြုလေ၏။ ဗေရရှေဘအရပ်သို့ရောက်သော် မိမိဖခင်ဣဇက်၏ဘုရားသခင်အား ယဇ်ပူဇော်၏။ |
|
| 2 |
|
| ဘုရားသခင်သည် ညအချိန်၌ စိတ်အာရုံဖြင့် အစ္စရေးအား “ယာကုပ်၊ ယာကုပ်”ဟု ခေါ်လျှင် ယာကုပ်က “အကျွန်ုပ်ရှိပါ၏”ဟု ထူးလေ၏။ |
|
| 3 |
|
| ဘုရားသခင်က “ငါသည် ဘုရားသခင်ဖြစ်၏။ သင့်ဖခင်၏ဘုရားဖြစ်၏။ အီဂျစ်ပြည်သို့ သင်ဆင်းသွားရမည်ကို မကြောက်နှင့်။ အကြောင်းမူကား ငါသည် ထိုအရပ်၌ သင့်ကို လူမျိုးကြီးဖြစ်စေမည်။ |
|
| 4 |
|
| ငါသည် သင်နှင့်အတူ အီဂျစ်ပြည်သို့ဆင်းသွားမည်။ ငါသည် သင့်ကို ဧကန်ပြန်ခေါ်ဆောင်ခဲ့ဦးမည်။ ယောသပ်သည် မိမိလက်ဖြင့် သင်၏မျက်စိကိုပိတ်ပေးလိမ့်မည်”ဟု မိန့်တော်မူ၏။ |
|
| 5 |
|
| ထို့နောက် ယာကုပ်သည် ဗေရရှေဘအရပ်မှထသွားလေ၏။ ယာကုပ်ကိုခေါ်ဆောင်ရန်အတွက် ဖာရောမင်းကြီးပေးလိုက်သောလှည်းများဖြင့် အစ္စရေး၏သားတို့သည် မိမိတို့ဖခင်ယာကုပ်နှင့်တကွ ကလေးများ၊ မိန်းမများကိုခေါ်ဆောင်သွားကြ၏။ |
|
| 6 |
|
| သူတို့သည် မိမိတို့၏တိရစ္ဆာန်များနှင့် ခါနာန်ပြည်၌မိမိတို့စုဆောင်းရရှိသည့်ဥစ္စာများကိုလည်း ယူသွားကြ၏။ ဤသို့ဖြင့် ယာကုပ်နှင့်တကွ သူနှင့်အတူနေသောသူ၏သားမြေးအပေါင်းတို့သည် အီဂျစ်ပြည်သို့သွားကြ၏။ |
|
| 7 |
|
| ယာကုပ်သည် သူ၏သားသမီးများ၊ သားသမီးတို့၏သားသမီးများစသော မိမိသားမြေးအပေါင်းတို့ကို အီဂျစ်ပြည်သို့ မိမိနှင့်အတူခေါ်ဆောင်သွားလေ၏။ |
|
| 8 |
|
| အီဂျစ်ပြည်သို့ရောက်လာသော အစ္စရေး၏သားမြေးများတည်းဟူသော ယာကုပ်နှင့်သူ၏သားမြေးများ၏အမည်ကား ဤသို့တည်း။ ယာကုပ်၏သားဦးမှာ ရုဗင် ဖြစ်၏။ |
|
| 9 |
|
| ရုဗင်၏သားများမှာ ဟာနုတ်၊ ဖာလု၊ ဟေဇရုန်၊ ကာမိ တို့ဖြစ်ကြ၏။ |
|
| 10 |
|
| ရှိမောင်၏သားများမှာ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာနှင့် ခါနာန်အမျိုးသမီး၏သားရှောလ တို့ဖြစ်ကြ၏။ |
|
| 11 |
|
| လေဝိ၏သားများမှာ ဂေရရှုန်၊ ကောဟတ်၊ မေရာရိ တို့ဖြစ်ကြ၏။ |
|
| 12 |
|
| ယုဒ၏သားများမှာ ဧရ၊ ဩနန်၊ ရှေလ၊ ဖာရက်၊ ဇေရ တို့ဖြစ်ကြ၏။ ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌သေဆုံးကြ၏။ ဖာရက်၏သားများမှာ ဟေဇရုန်၊ ဟာမုလ တို့ဖြစ်ကြ၏။ |
|
| 13 |
|
| ဣသခါ၏သားများမှာ တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန် တို့ဖြစ်ကြ၏။ |
|
| 14 |
|
| ဇာဗုလုန်၏သားများမှာ သရက်၊ ဧလုန်၊ ယာလေလ တို့ဖြစ်ကြ၏။ |
|
| 15 |
|
| ဤသူတို့ကား ပါဒန်အာရံပြည်၌ ယာကုပ်အတွက် လေအာမွေးဖွားပေးသော လေအာ၏သားများဖြစ်ကြ၏။ သမီးဒိနအပါအဝင် ယာကုပ်၏သားသမီးစုစုပေါင်းမှာ သုံးဆယ့်သုံးယောက်ဖြစ်၏။ |
|
| 16 |
|
| ဂဒ်၏သားများမှာ ဇိဖျုန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ တို့ဖြစ်ကြ၏။ |
|
| 17 |
|
| အာရှာ၏သားများမှာ ဣမန၊ ဣရွာ၊ ဣရွှိ၊ ဗေရိယနှင့် သူတို့၏နှမစေရ တို့ဖြစ်ကြ၏။ ဗေရိယ၏သားများမှာ ဟေဗာ၊ မာလချေလ တို့ဖြစ်ကြ၏။ |
|
| 18 |
|
| ဤသူတို့ကား လာဗန်က မိမိသမီးလေအာအားလက်ဖွဲ့အဖြစ်ပေးသော ဇိလပ၏သားများဖြစ်ကြ၏။ ဇိလပသည် ယာကုပ်အတွက် ဤသားတစ်ဆယ့်ခြောက်ယောက်ကို မွေးဖွားပေး၏။ |
|
| 19 |
|
| ယာကုပ်မယား ရာခေလ၏သားများမှာ ယောသပ်၊ ဗင်္ယာမိန် တို့ဖြစ်ကြ၏။ |
|
| 20 |
|
| ယောသပ်သည် အီဂျစ်ပြည်၌ သားမနာရှေနှင့်ဧဖရိမ်ကိုရ၏။ ထိုသားတို့ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်က ယောသပ်အတွက်မွေးဖွားပေး၏။ |
|
| 21 |
|
| ဗင်္ယာမိန်၏သားများမှာ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ တို့ဖြစ်ကြ၏။ |
|
| 22 |
|
| ဤသူတို့ကား ယာကုပ်အတွက် ရာခေလမွေးဖွားပေးသော ရာခေလ၏သားများဖြစ်၍ စုစုပေါင်း တစ်ဆယ့်လေးယောက်ရှိ၏။ |
|
| 23 |
|
| ဒန်၏သားမှာ ဟုရှိမ် ဖြစ်၏။ |
|
| 24 |
|
| နဿလိ၏သားများမှာ ယာဇေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင် တို့ဖြစ်ကြ၏။ |
|
| 25 |
|
| ဤသူတို့ကား လာဗန်က မိမိသမီးရာခေလအားလက်ဖွဲ့အဖြစ်ပေးသော ဗိလဟာ၏သားများဖြစ်ကြ၏။ ဗိလဟာသည် ယာကုပ်အတွက် ဤသားတို့ကိုမွေးဖွားပေး၍ စုစုပေါင်းခုနစ်ယောက်ရှိ၏။ |
|
| 26 |
|
| ယာကုပ်ချွေးမများကိုထည့်မတွက်ဘဲ ယာကုပ်နှင့်အတူ အီဂျစ်ပြည်သို့ရောက်လာသည့် ယာကုပ်မှဆင်းသက်လာသူအားလုံး စုစုပေါင်းခြောက်ဆယ့်ခြောက်ယောက်ရှိ၏။ |
|
| 27 |
|
| အီဂျစ်ပြည်၌ ယောသပ်ရနှင့်သော သားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အီဂျစ်ပြည်သို့ရောက်သော ယာကုပ်၏အိမ်သူအိမ်သားစုစုပေါင်းမှာ အယောက်ခုနစ်ဆယ်ဖြစ်၏။ |
|
| 28 |
|
| ဂေါရှင်အရပ်သို့ ရောက်လာကြသောအခါ ယာကုပ်သည် ဂေါရှင်အရပ်၌ မိမိအား လာရောက်တွေ့ဆုံရန် ယောသပ်ထံသို့ယုဒကို အလျင်စေလွှတ်လိုက်၏။ |
|
| 29 |
|
| ယောသပ်သည် မိမိရထားကိုအသင့်ပြင်ဆင်စေပြီးလျှင် မိမိဖခင်အစ္စရေးနှင့်တွေ့ဆုံရန် ဂေါရှင်အရပ်သို့သွားလေ၏။ ဖခင်ကိုတွေ့သောအခါ ဖခင်၏လည်ပင်းကိုဖက်၍ အတန်ကြာငိုကြွေးလေ၏။ |
|
| 30 |
|
| ထိုအခါ အစ္စရေးက ယောသပ်အား “သင်အသက်ရှင်နေသေးသည်ကို ငါတွေ့မြင်ရပြီဖြစ်၍ ယခု ငါသေပျော်ပြီ”ဟု ဆိုလေ၏။ |
|
| 31 |
|
| ယောသပ်သည် မိမိ၏ညီအစ်ကိုတို့နှင့်မိမိဖခင်၏အိမ်သူအိမ်သားတို့အား “အကျွန်ုပ်သွား၍ ဖာရောမင်းကြီးနှင့်စကားပြောမည်။ သူ့အား ‘ခါနာန်ပြည်၌နေသော အကျွန်ုပ်၏ညီအစ်ကိုများနှင့်အကျွန်ုပ်ဖခင်၏အိမ်သူအိမ်သားတို့သည် အကျွန်ုပ်ထံသို့ရောက်လာကြပါပြီ။ |
|
| 32 |
|
| သူတို့သည် သိုးဆိတ်ကိုထိန်းကျောင်းသောသူများ၊ တိရစ္ဆာန်မွေးမြူသောသူများ ဖြစ်ကြပါ၏။ သူတို့၏သိုးဆိတ်များ၊ နွားများနှင့် သူတို့ပိုင်ဆိုင်သောအရာအားလုံးတို့ကို ယူဆောင်လာကြပါပြီ’ဟု အကျွန်ုပ်လျှောက်ထားပါမည်။ |
|
| 33 |
|
| ဖာရောမင်းကြီးက သင်တို့ကိုခေါ်၍ ‘သင်တို့သည် မည်သည့်အလုပ်ကိုလုပ်ကိုင်ကြသနည်း’ဟု မေးခဲ့လျှင် |
|
| 34 |
|
| သင်တို့က ‘အကျွန်ုပ်တို့၏ဘိုးဘေးမှစ၍ အရှင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ငယ်ရွယ်စဉ်မှ ယခုတိုင်အောင် တိရစ္ဆာန်မွေးမြူသောသူများဖြစ်ကြပါ၏’ဟု လျှောက်ရမည်။ သို့မှသာ သင်တို့သည် ဂေါရှင်အရပ်၌ နေထိုင်ခွင့်ရကြလိမ့်မည်။ အကြောင်းမူကား သိုးထိန်းဟူသမျှကို အီဂျစ်လူမျိုးတို့စက်ဆုပ်ရွံရှာကြ၏”ဟု ဆိုလေ၏။ |
|
|
|
|