|
| 1 |
|
| အာခဇိမင်းကြီး၏သားတော် ယုဒဘုရင်ယောရှမင်းကြီး နန်းစံနှစ်ဆယ့်သုံးနှစ်တွင် ယေဟုမင်းကြီး၏သားတော် ယောခတ်သည် အစ္စရေးပြည်၌နန်းတက်ပြီး ရှမာရိမြို့တွင်တစ်ဆယ့်ခုနစ်နှစ် စိုးစံ၏။ |
|
| 2 |
|
| သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုများကို ပြု၏။ အစ္စရေးလူမျိုးကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီး ပြုသောအပြစ်တို့ကို မလွှဲမရှောင်ဘဲ ထိုအပြစ်တို့နောက်သို့လိုက်၏။ |
|
| 3 |
|
| ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အမျက်ထွက်၍ ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးလက်ထက်မှစ၍ ဟာဇေလမင်းကြီး၏သားတော် ဗင်္ဟာဒဒ်၏လက်ထက်တစ်လျှောက်လုံး သူတို့၏လက်အောက်ခံ ဖြစ်စေတော်မူ၏။ |
|
| 4 |
|
| ထိုအခါ ယောခတ်မင်းကြီးသည် ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်လေ၏။ အစ္စရေးလူမျိုးတို့အား ဆီးရီးယားဘုရင်ဖိနှိပ်ညှဉ်းဆဲသည်ကို ထာဝရဘုရား မြင်တော်မူသဖြင့် သူ၏တောင်းပန်သံကို နားညောင်းတော်မူ၏။ |
|
| 5 |
|
| အစ္စရေးလူမျိုးတို့အား ကယ်တင်ပေးမည့်သူတစ်ဦးကို ထာဝရဘုရား ပေါ်ထွန်းစေတော်မူသဖြင့် အစ္စရေးအမျိုးသားတို့သည် ဆီးရီးယားလူမျိုးလက်မှ လွတ်မြောက်၍ ယခင်ကကဲ့သို့ပင် မိမိတို့အိမ်တွင် ပြန်လည်နေထိုင်ရလေ၏။ |
|
| 6 |
|
| သို့သော် သူတို့သည် အစ္စရေးလူမျိုးကို လမ်းမှားစေသည့် ယေရောဗောင်မင်းမျိုးမင်းနွယ်ပြုသောအပြစ်မျိုးကို မလွှဲမရှောင်ဘဲ လိုက်၍ပြုကျင့်ကြ၏။ အာရှရနတ်ဘုရားမတံခွန်တိုင်သည်လည်း ရှမာရိမြို့တွင် စိုက်ထူလျက်ပင်ရှိနေသေး၏။ |
|
| 7 |
|
| ဆီးရီးယားဘုရင်က အစ္စရေးစစ်တပ်ကို ဖျက်ဆီးပစ်၍ ကောက်နယ်တလင်းရှိအမှုန့်ကဲ့သို့ ဖြစ်စေသောကြောင့် ယောခတ်မင်းကြီးတွင် မြင်းတပ်သားအယောက်ငါးဆယ်၊ စစ်ရထား ဆယ်စီး၊ ခြေလျင်တပ်သားအယောက်တစ်သောင်းမှလွဲ၍ စစ်တပ်ဟူ၍ပင် မရှိတော့ပေ။ |
|
| 8 |
|
| ကျန်ရှိနေသော ယောခတ်မင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာအားလုံး၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။ |
|
| 9 |
|
| ယောခတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောရှ သည် သူ့အရိုက်အရာကို ဆက်ခံ၏။ |
|
| 10 |
|
| ယုဒဘုရင်ယောရှမင်းကြီး နန်းစံသုံးဆယ့်ခုနစ်နှစ်တွင် ယောခတ်မင်းကြီး၏သားတော်ယဟောရှသည် အစ္စရေးပြည်တွင် နန်းတက်၍ ရှမာရိမြို့တွင် တစ်ဆယ့်ခြောက်နှစ် စိုးစံ၏။ |
|
| 11 |
|
| သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်ပြုသမျှအပြစ်တို့ကို မလွဲမရှောင်ဘဲ လိုက်၍ပြုကျင့်၏။ |
|
| 12 |
|
| ကျန်ရှိနေသော ယောရှ မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများ၊ ယုဒဘုရင်အာမဇိမင်းကြီးနှင့် စစ်တိုက်ရာတွင် အစွမ်းသတ္တိကြီးမားခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။ |
|
| 13 |
|
| ယောရှ မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို အစ္စရေးဘုရင်တို့နှင့်အတူ ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ ယေရောဗောင်သည် သူ၏ရာဇပလ္လင်တွင် စံမြန်းလေ၏။ |
|
| 14 |
|
| ဧလိရှဲသည် သေလုမျောပါးနာမကျန်းဖြစ်နေချိန်တွင် အစ္စရေးဘုရင်ယောရှ မင်းကြီးက သူ့ထံလာ၍ငိုကြွေးလျက် “အကျွန်ုပ်အဖ၊ အကျွန်ုပ်အဖ၊ အစ္စရေးစစ်ရထား၊ အစ္စရေးမြင်းစီးသူရဲများပါတကား”ဟု ဆို၏။ |
|
| 15 |
|
| ဧလိရှဲကလည်း သူ့အား “လေးနှင့်မြားကို ယူခဲ့လော့”ဟုဆိုလျှင် သူသည် လေးနှင့်မြားကိုယူခဲ့၏။ |
|
| 16 |
|
| ထို့နောက် ဧလိရှဲက အစ္စရေးဘုရင်အား “လက်ကိုလေးပေါ် တင်လော့”ဟုဆိုလျှင် သူလည်း လက်ကိုလေးပေါ်တင်၏။ ထိုအခါ ဧလိရှဲက မိမိလက်ကို အစ္စရေးဘုရင်၏လက်ပေါ် တင်၏။ |
|
| 17 |
|
| ထို့နောက် ဧလိရှဲက “အရှေ့ပြတင်းပေါက်ကို ဖွင့်လော့”ဟုဆိုသဖြင့် ပြတင်းပေါက်ကိုဖွင့်လျှင် ဧလိရှဲက “ပစ်လော့”ဟုဆိုသဖြင့် ရှင်ဘုရင်လည်း ပစ်လိုက်လေ၏။ ထိုအခါ ဧလိရှဲက “ထာဝရဘုရား၏အောင်မြင်သောမြား၊ ဆီးရီးယားလူမျိုးကိုအောင်နိုင်သောမြား ဖြစ်၏။ သင်သည် အာဖက်မြို့တွင် ဆီးရီးယားလူမျိုးတို့ကို အပြီးသတ်တိုက်ခိုက်နှိမ်နင်းနိုင်လိမ့်မည်”ဟု ဆို၏။ |
|
| 18 |
|
| တစ်ဖန် ဧလိရှဲက “မြားတို့ကို ယူဦးလော့”ဟုဆိုလျှင် ရှင်ဘုရင်လည်း ယူ၏။ ထို့နောက် ဧလိရှဲက “ထိုမြားဖြင့် မြေကြီးကို ရိုက်လော့”ဟုဆိုလျှင် ရှင်ဘုရင်လည်း မြေကြီးကို သုံးကြိမ်ရိုက်ပြီး ရပ်လိုက်၏။ |
|
| 19 |
|
| ထိုအခါ ဘုရားသခင်၏လူက ရှင်ဘုရင်ကို အမျက်ထွက်၍ “သင်သည် ငါးကြိမ်ခြောက်ကြိမ်ရိုက်သင့်၏။ သို့မှ ဆီးရီးယားဘုရင်ကို အပြီးသတ်တိုက်ခိုက်နှိမ်နင်းနိုင်မည်။ ယခုမှာ ဆီးရီးယားဘုရင်ကို သုံးကြိမ်သာ အောင်နိုင်လိမ့်မည်”ဟု ဆို၏။ |
|
| 20 |
|
| ထို့နောက်တွင် ဧလိရှဲကွယ်လွန်သွားသဖြင့် သူ့ကို သင်္ဂြိုဟ်ကြ၏။ နှစ်ဦးပိုင်းရောက်ချိန်တွင် မောဘဓားပြအဖွဲ့တို့သည် တိုင်းပြည်ကို လာရောက်တိုက်ခိုက်ကြ၏။ |
|
| 21 |
|
| အစ္စရေးလူမျိုးတို့သည် လူတစ်ယောက်ကို သင်္ဂြိုဟ်နေစဉ် ထိုဓားပြအဖွဲ့လာနေသည်ကို တွေ့သဖြင့် အလောင်းကို ဧလိရှဲ၏သင်္ချိုင်းတွင်းထဲသို့ ပစ်ချကြလေ၏။ ထိုအလောင်းမှာ ဧလိရှဲ၏အရိုးများနှင့် သွားထိသောအခါ အသက်ပြန်ဝင်လာ၍ မတ်တတ်ရပ်လေ၏။ |
|
| 22 |
|
| ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ယောခတ်မင်းကြီးလက်ထက်ကာလပတ်လုံး အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲခဲ့၏။ |
|
| 23 |
|
| သို့သော် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကြောင့် သူတို့ကို သနားစုံမက်၍ ကြည့်ရှုတော်မူ၏။ သူတို့ကို မဖျက်ဆီးလိုသောကြောင့် ယနေ့တိုင်အောင် သူတို့ကို ရှေ့တော်မှ မဖယ်ရှားဘဲနေတော်မူ၏။ |
|
| 24 |
|
| ဆီးရီးယားဘုရင်ဟာဇေလမင်းကြီး အနိစ္စရောက်သောအခါ သူ၏သားတော်ဗင်္ဟာဒဒ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ |
|
| 25 |
|
| ယောခတ်မင်းကြီး၏သားတော်ယဟောရှသည် ခမည်းတော်ယောခတ်မင်းကြီးလက်ထက် တိုက်ပွဲဖြစ်စဉ် အသိမ်းခံလိုက်ရသောမြို့ရွာများကို ဟာဇေလမင်းကြီး၏သားတော်ဗင်္ဟာဒဒ်လက်မှ ပြန်လည်သိမ်းယူခဲ့၏။ ယောရှ မင်းကြီးသည် ဗင်္ဟာဒဒ်မင်းကြီးကို သုံးကြိမ်အောင်နိုင်ခဲ့ပြီး အစ္စရေးမြို့ရွာများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။ |
|
|
|
|