|
| 1 |
|
| အစ္စရေးဘုရင်ယေရောဗောင်မင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်အာမဇိမင်းကြီး၏သားတော်အာဇရိ နန်းတက်၏။ |
|
| 2 |
|
| အာဇရိနန်းတက်သောအခါ သက်တော်တစ်ဆယ့်ခြောက်နှစ်သာ ရှိသေး၏။ ဂျေရုဆလင်မြို့တွင် ငါးဆယ့်နှစ်နှစ် စိုးစံ၏။ မယ်တော်ကား ဂျေရုဆလင်မြို့သူ ယေခေါလိအမည်ရှိ၏။ |
|
| 3 |
|
| အာဇရိ မင်းကြီးသည် ခမည်းတော်အာမဇိမင်းကြီးပြုကျင့်သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ |
|
| 4 |
|
| သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားသောကြောင့် လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာတို့၌ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းမီးရှို့ပူဇော်လျက် ရှိကြ၏။ |
|
| 5 |
|
| ထာဝရဘုရားသည် အာဇရိမင်းကြီးကို ဒဏ်ခတ်တော်မူသဖြင့် သူသည် အနိစ္စရောက်သည်အထိ အနာကြီးရောဂါစွဲကပ်ပြီး သီးခြားနန်းဆောင်တွင် စံမြန်းရ၏။ သားတော်ယောသံသည် နန်းတွင်းကိုအုပ်စိုး၍ တိုင်းသူပြည်သားလူအပေါင်းတို့ကို စီရင်အုပ်ချုပ်ရလေ၏။ |
|
| 6 |
|
| ကျန်ရှိနေသော အာဇရိ မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။ |
|
| 7 |
|
| အာဇရိ မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောသံသည် သူ့အရိုက်အရာကို ဆက်ခံ၏။ |
|
| 8 |
|
| ယုဒဘုရင်အာဇရိ မင်းကြီး နန်းစံသုံးဆယ့်ရှစ်နှစ်တွင် ယေရောဗောင်မင်းကြီး၏သားတော်ဇာခရိသည် အစ္စရေးဘုရင် ဖြစ်လာပြီး ရှမာရိမြို့တွင် ခြောက်လစိုးစံ၏။ |
|
| 9 |
|
| ဇာခရိမင်းကြီးသည် ဘိုးဘေးတို့ကဲ့သို့ပင် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်များကို မလွှဲမရှောင်ခဲ့ပေ။ |
|
| 10 |
|
| ယာဗက်၏သားရှလ္လုံသည် ဇာခရိမင်းကြီးအား လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လူအများရှေ့တွင်ပင် ကွပ်မျက်၍ မင်းအရိုက်အရာကို ဆက်ခံလေ၏။ |
|
| 11 |
|
| ကျန်ရှိနေသော ဇာခရိမင်းကြီးလက်ထက် အဖြစ်အပျက်များကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ |
|
| 12 |
|
| ဤသည်မှာ “သင်၏သားမြေးလေးဆက်အထိ အစ္စရေးလူမျိုးတို့၏ရာဇပလ္လင်တွင် စံမြန်းရမည်”ဟု ထာဝရဘုရားက ယေဟုအား မိန့်မှာထားသည့်စကားအတိုင်း ပြည့်စုံလာခြင်းဖြစ်၏။ |
|
| 13 |
|
| ယုဒဘုရင်ဩဇိမင်းကြီး နန်းစံသုံးဆယ့်ကိုးနှစ်တွင် ယာဗက်၏သားရှလ္လုံ နန်းတက်ပြီး ရှမာရိမြို့တွင် တစ်လစိုးစံ၏။ |
|
| 14 |
|
| ဂါဒိ၏သားမေနဟင်သည် တိရဇာမြို့မှရှမာရိမြို့သို့ချီသွား၍ ယာဗက်၏သားရှလ္လုံမင်းကြီးကို ရှမာရိမြို့တွင်ပင် လုပ်ကြံသတ်ဖြတ်ပြီးလျှင် သူ့အရိုက်အရာကို ဆက်ခံလေ၏။ |
|
| 15 |
|
| ကျန်ရှိနေသော ရှလ္လုံမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ရှင်ဘုရင်ကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ခဲ့ပုံများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ |
|
| 16 |
|
| တိဖသမြို့တံခါးကို မဖွင့်ပေးသောကြောင့် မေနဟင်မင်းကြီးသည် တိဖသမြို့နှင့်မြို့သူမြို့သားများသာမက တိရဇာမြို့မှစ၍ တိဖသမြို့နယ်နိမိတ်အထိ တိုက်ခိုက်ဖျက်ဆီးလေ၏။ ကိုယ်ဝန်ဆောင်အားလုံး၏ဗိုက်ကို ခွဲဖောက်ပစ်၏။ |
|
| 17 |
|
| ယုဒဘုရင်အာဇရိမင်းကြီး နန်းစံသုံးဆယ့်ကိုးနှစ်တွင် ဂါဒိ၏သားမေနဟင်သည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် ဆယ်နှစ်စိုးစံ၏။ |
|
| 18 |
|
| သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်ပြုသောအပြစ်များကို တစ်သက်လုံးမလွှဲမရှောင်ခဲ့ပေ။ |
|
| 19 |
|
| အဆီးရီးယားဘုရင်ပုလမင်းကြီးသည် အစ္စရေးပြည်ကို လာရောက်တိုက်ခိုက်သဖြင့် မေနဟင်က ပုလမင်းကြီး မိမိနှင့်လက်တွဲပြီး မိမိလက်ထဲ၌နိုင်ငံတော်တည်မြဲလာစေရန် ငွေတာလန်တစ်ထောင် ကို ဆက်သလိုက်၏။ |
|
| 20 |
|
| ထိုသို့ အဆီးရီးယားဘုရင်အား ဆက်သနိုင်ရန် မေနဟင်မင်းကြီးသည် အစ္စရေးပြည်ရှိသူဌေးအားလုံးတို့ထံမှ တစ်ဦးလျှင် ငွေရှယ်ကယ်ငါးဆယ် ကို ကောက်ခံခဲ့၏။ ဤသို့ဖြင့် အဆီးရီးယားဘုရင်သည် ထိုပြည်တွင် ဆက်မနေဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့၏။ |
|
| 21 |
|
| ကျန်ရှိနေသော မေနဟင်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။ |
|
| 22 |
|
| မေနဟင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏သားတော်ပေကဟိသည် သူ့အရိုက်အရာကို ဆက်ခံ၏။ |
|
| 23 |
|
| ယုဒဘုရင်အာဇရိ မင်းကြီး နန်းစံအနှစ်ငါးဆယ်တွင် မေနဟင်မင်းကြီး၏သားတော်ပေကဟိသည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် နှစ်နှစ်စိုးစံ၏။ |
|
| 24 |
|
| သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်များကို မလွှဲမရှောင်ခဲ့ပေ။ |
|
| 25 |
|
| ရေမလိ၏သား တပ်မှူးပေကာသည် အာဂေါဘ၊ အရေဟနှင့် ဂိလဒ်ပြည်သားအယောက်ငါးဆယ်တို့နှင့်အတူ လျှို့ဝှက်ကြံစည်ပြီး ရှမာရိမြို့ရှိ ဘုရင့်နန်းတော်ခံတပ်တွင် ပေကဟိမင်းကြီးကို လုပ်ကြံသတ်ဖြတ်လိုက်၏။ ထို့နောက် ပေကာသည် ဘုရင့်အရိုက်အရာကို ဆက်ခံလေ၏။ |
|
| 26 |
|
| ကျန်ရှိနေသော ပေကဟိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ |
|
| 27 |
|
| ယုဒဘုရင်အာဇရိ မင်းကြီး နန်းစံငါးဆယ့်နှစ်နှစ်တွင် ရေမလိ၏သားပေကာသည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် အနှစ်နှစ်ဆယ်စိုးစံ၏။ |
|
| 28 |
|
| သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်များကို မလွှဲမရှောင်ခဲ့ပေ။ |
|
| 29 |
|
| အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။ |
|
| 30 |
|
| ဩဇိမင်းကြီး၏သားတော်ယောသံမင်းကြီး နန်းစံအနှစ်နှစ်ဆယ်တွင် ဧလာမင်းကြီး၏သားတော်ဟောရှေသည် ရေမလိ၏သားပေကာမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လုပ်ကြံသတ်ဖြတ်ကာ သူ့အရိုက်အရာကို ဆက်ခံလေ၏။ |
|
| 31 |
|
| ကျန်ရှိနေသော ပေကာမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ |
|
| 32 |
|
| ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီး နန်းစံနှစ်နှစ်တွင် ယုဒဘုရင်ဩဇိမင်းကြီး၏သားတော်ယောသံ နန်းတက်၏။ |
|
| 33 |
|
| ယောသံနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ် စိုးစံ၏။ မယ်တော်ကား ဇာဒုတ်၏သမီး ယေရုရှာအမည်ရှိ၏။ |
|
| 34 |
|
| ယောသံမင်းကြီးသည် ခမည်းတော်ဩဇိမင်းကြီး ပြုကျင့်သမျှအတိုင်း ထာဝရဘုရား၏ရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ |
|
| 35 |
|
| သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားခဲ့ပေ။ လူတို့သည် အထွတ်အမြတ်ထားရာနေရာများတွင် ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းမီးရှို့ပူဇော်လျက်ရှိ၏။ သူသည် ထာဝရဘုရား၏အိမ်တော်အထက်တံခါးကိုလည်း တည်ဆောက်ခဲ့၏။ |
|
| 36 |
|
| ကျန်ရှိနေသော ယောသံမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။ |
|
| 37 |
|
| ထိုအချိန်တွင် ထာဝရဘုရားသည် ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးနှင့် ရေမလိ၏သားပေကာမင်းကြီးတို့ကိုလွှတ်၍ ယုဒပြည်ကို စတင်တိုက်ခိုက်စေ၏။ |
|
| 38 |
|
| ယောသံမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာခတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ |
|
|
|
|