|
| 1 |
|
| ဇေဒကိမင်းကြီး နန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် မိမိစစ်သည်အပေါင်းတို့နှင့်တကွ ဂျေရုဆလင်မြို့သို့စစ်ချီလာ၍ မြို့ပြင်၌စခန်းချကြ၏။ မြို့ပတ်ပတ်လည်၌ မြေကတုတ်ကိုဆောက်ကြ၏။ |
|
| 2 |
|
| ဇေဒကိမင်းကြီးနန်းစံ တစ်ဆယ့်တစ်နှစ်တိုင်အောင် မြို့ကိုဝိုင်းထားကြ၏။ |
|
| 3 |
|
| ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။ |
|
| 4 |
|
| နောက်ဆုံး၌ မြို့ရိုးကျိုးပေါက်သွားပြီး ခါလဒဲစစ်သည်တို့က မြို့ကိုဝိုင်းရံထားကြသော်လည်း ရှင်ဘုရင်နှင့်တကွ စစ်သူရဲအပေါင်းတို့သည် ညအချိန်တွင် ဘုရင့်ဥယျာဉ်တော်အနီး မြို့ရိုးနှစ်ခုကြားရှိတံခါးမှထွက်၍ အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။ |
|
| 5 |
|
| ခါလဒဲစစ်သည်တို့သည်လည်း ရှင်ဘုရင်နောက်သို့လိုက်ကြရာ ဇေဒကိမင်းကြီးကို ဂျေရိခေါလွင်ပြင်၌ မီလေ၏။ သူ၏စစ်သည်အပေါင်းတို့သည်လည်း တကွဲတပြားထွက်ပြေးကြ၏။ |
|
| 6 |
|
| ခါလဒဲစစ်သည်တို့သည် ဇေဒကိမင်းကြီးကိုဖမ်းဆီးပြီး ဘေဘီလုံဘုရင်ရှိရာ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ သူ့ကို စီရင်ချက်ချလေ၏။ |
|
| 7 |
|
| ဇေဒကိမင်းကြီး၏သားတို့ကို ဇေဒကိမင်းကြီးရှေ့မှောက်တွင်ပင် သတ်၏။ ဇေဒကိမင်းကြီး၏မျက်စိကိုလည်းဖောက်ထုတ်ပြီး သူ့ကို ကြေးနီကြိုးဖြင့်ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။ |
|
| 8 |
|
| ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး နန်းစံတစ်ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌ ဘေဘီလုံဘုရင်၏အမှုထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဂျေရုဆလင်မြို့သို့ရောက်လာ၏။ |
|
| 9 |
|
| သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။ |
|
| 10 |
|
| ကိုယ်ရံတော်မှူးနှင့်ပါလာသော ခါလဒဲစစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိ မြို့ရိုးကို ဖြိုဖျက်ကြ၏။ |
|
| 11 |
|
| ထို့နောက် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲ၌ကြွင်းကျန်သောသူများ၊ ဘေဘီလုံဘုရင်ထံ ခိုလှုံလာသူများနှင့် ကျန်ရှိသောပြည်သူပြည်သားတို့ကို ဖမ်းခေါ်သွားလေ၏။ |
|
| 12 |
|
| သို့သော် ကိုယ်ရံတော်မှူးသည် ဆင်းရဲသောပြည်သားအချို့ကို ချန်ထား၍ စပျစ်ခြံများ၊ လယ်များတွင် အလုပ်လုပ်စေ၏။ |
|
| 13 |
|
| ခါလဒဲစစ်သည်တို့သည် ထာဝရဘုရား၏အိမ်တော်၌ရှိသောကြေးနီတိုင်များ၊ ထာဝရဘုရား၏အိမ်တော်၌ရှိသောကြေးနီရေကန်နှင့်တွန်းလှည်း တို့ကိုချိုးဖဲ့၍ ကြေးနီရှိသမျှကို ဘေဘီလုံမြို့သို့ ယူဆောင်သွားကြ၏။ |
|
| 14 |
|
| အိုးများ၊ ဂေါ်ပြားများ၊ မီးညှပ်များ၊ ဇွန်းများမှစ၍ အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် ကြေးနီတန်ဆာပလာရှိသမျှတို့ကိုလည်း ယူဆောင်သွားကြ၏။ |
|
| 15 |
|
| ကိုယ်ရံတော်မှူးသည် ရွှေစင်၊ ငွေစင်ဖြင့်လုပ်ထားသော မီးကျီးခံဗန်းများ၊ ဇလုံများကိုလည်း သိမ်းယူသွားလေ၏။ |
|
| 16 |
|
| ထာဝရဘုရား၏အိမ်တော်၌ ရှောလမုန်မင်းကြီးပြုလုပ်ထားသော တိုင်နှစ်တိုင်၊ ရေကန်တစ်ကန်နှင့် တွန်းလှည်းများစသည့် ကြေးနီတန်ဆာပလာအားလုံး၏အလေးချိန်မှာ ချိန်တွယ်၍ပင်မရနိုင်ချေ။ |
|
| 17 |
|
| တိုင်တစ်တိုင်စီ၏အမြင့်မှာ တစ်ဆယ့်ရှစ်တောင် ရှိပြီး တိုင်ထိပ်တွင် ကြေးနီတိုင်အုပ် ပါရှိ၏။ ထိုတိုင်အုပ်သည်လည်း အမြင့်သုံးတောင် ရှိပြီး တိုင်အုပ်ပတ်ပတ်လည်တွင်လည်း ကြေးနီအတိပြီးသောရာဇမတ်ကွက်နှင့်သလဲသီးပုံများလည်း ပါရှိ၏။ ထိုနည်းတူ ဒုတိယတိုင်တွင်လည်း ရာဇမတ်ကွက်များ ပါရှိ၏။ |
|
| 18 |
|
| ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်းစရာယ၊ လက်ထောက်ယဇ်ပုရောဟိတ်ဇေဖနိနှင့် တံခါးစောင့်သုံးယောက်တို့ကို ခေါ်ဆောင်သွား၏။ |
|
| 19 |
|
| စစ်သူရဲတို့ကို ကြီးကြပ်အုပ်ချုပ်ရသူစစ်သူကြီးတစ်ဦး၊ မြို့ထဲ၌တွေ့မိသော ဘုရင့်အတိုင်ပင်ခံအမတ်ငါးဦး၊ ပြည်သားတို့ထဲမှ စစ်သားရှာဖွေစုဆောင်းပေးရသူ စစ်စာရေးတော်ကြီးတစ်ဦး၊ မြို့ထဲ၌တွေ့မိသောပြည်သူပြည်သားအယောက်ခြောက်ဆယ်တို့ကိုလည်း မြို့ထဲမှ ခေါ်ယူသွားလေ၏။ |
|
| 20 |
|
| ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ထိုသူတို့ကို ရိဗလမြို့ရှိ ဘေဘီလုံဘုရင်ထံသို့ ခေါ်ဆောင်လာ၏။ |
|
| 21 |
|
| ဘေဘီလုံဘုရင်သည် ထိုသူတို့ကို ဟာမတ်ပြည်၊ ရိဗလမြို့တွင် ဒဏ်ခတ်ကွပ်မျက်လေ၏။ ဤသို့ဖြင့် ယုဒလူမျိုးတို့သည် နေရင်းပြည်မှ ဖမ်းခေါ်သွားခြင်းခံရလေ၏။ |
|
| 22 |
|
| ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးချန်ထားခဲ့သည့် ယုဒပြည်၌ကျန်ခဲ့သော လူတို့ကို အုပ်ချုပ်ရန် ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိကို ခန့်ထား၏။ |
|
| 23 |
|
| ဘေဘီလုံဘုရင်က ဂေဒလိကိုခန့်ထားကြောင်း တပ်အကြီးအကဲအပေါင်းတို့နှင့်သူ၏လူများ ကြားသိသောအခါ နေသနိ၏သားဣရှမေလ၊ ကာရာ၏သားယောဟနန်၊ နေတောဖာသိလူမျိုး တာနုမက်၏သားစရာယ၊ မာခါသိအမျိုးသားယာဇညာတို့သည် သူတို့၏လူများနှင့်တကွ ဂေဒလိရှိရာ မိဇပါမြို့သို့ရောက်လာကြ၏။ |
|
| 24 |
|
| ဂေဒလိကလည်း သူတို့နှင့်သူတို့၏လူများအား “ခါလဒဲလူမျိုးတို့ကို အစေခံရမည်ကို မကြောက်ကြနှင့်။ ဤပြည်၌ နေထိုင်ကြလော့။ ဘေဘီလုံဘုရင်ကို အစေခံကြလော့။ သို့ပြုလျှင် သင်တို့ကောင်းစားရလိမ့်မည်”ဟု ကျိန်ဆိုလေ၏။ |
|
| 25 |
|
| သတ္တမလတွင် တော်ဝင်မင်းမျိုးမင်းနွယ်ဖြစ်သော ဧလိရှမာ၏မြေး၊ နေသနိ၏သားဣရှမေလသည် လူဆယ်ယောက်နှင့်အတူ မိဇပါမြို့သို့လာ၏။ သူတို့သည် ဂေဒလိအပါအဝင် ဂေဒလိနှင့်အတူနေသော ဂျူးလူမျိုးများနှင့် ခါလဒဲလူမျိုးများကိုပါ မိဇပါမြို့တွင် တိုက်ခိုက်သတ်ဖြတ်လေ၏။ |
|
| 26 |
|
| ထိုအခါ စစ်တပ်အကြီးအကဲများအပါအဝင် လူကြီးလူငယ်အားလုံးတို့သည် ခါလဒဲလူမျိုးတို့ကိုကြောက်သဖြင့် ထ၍ အီဂျစ်ပြည်သို့ ထွက်ပြေးသွားကြလေ၏။ |
|
| 27 |
|
| ယုဒဘုရင်ယောယခိမ်မင်းကြီး ဖမ်းခေါ်သွားခြင်းခံရပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်၊ ဒွါဒသမလ၊ နှစ်ဆယ့်ခုနစ်ရက်နေ့ ဘေဘီလုံဘုရင်ဧဝိလမေရောဒက်မင်းကြီး နန်းတက်သောနှစ်တွင် ယုဒဘုရင်ယောယခိမ်မင်းကြီးကို အကျဉ်းထောင်မှ လွှတ်ပေးလိုက်၏။ |
|
| 28 |
|
| သူ့ကို ကောင်းမွန်စွာဆက်ဆံပြောဆိုပြီး သူ၏ပလ္လင်ကို ဘေဘီလုံမြို့ရှိ အခြားဘုရင်တို့၏ပလ္လင်ထက် ချီးမြှောက်ထား၏။ |
|
| 29 |
|
| ဤသို့ဖြင့် ယောယခိမ်မင်းကြီးသည် ထောင်အဝတ်ကိုလဲ၍ သူအသက်ရှင်သမျှကာလပတ်လုံး နေ့စဉ်ဘေဘီလုံဘုရင်ထံ၌ စားသောက်ခွင့်ရ၏။ |
|
| 30 |
|
| သူအသက်ရှင်သမျှကာလပတ်လုံး သူ့အဖို့ စားစရိတ်၊ သုံးစရိတ်စသည့် နေ့စဉ်လိုအပ်ချက်ကို ရှင်ဘုရင်သည် သူ့အား ပေးသနားလေ၏။ |
|
|
|
|