|
| 1 |
|
| အစ္စရေးလူမျိုးအပေါင်းတို့သည် ဟေဗြုန်မြို့ရှိ ဒါဝိဒ်ထံ၌ စုရုံးကြပြီး “ကြည့်လော့။ အကျွန်ုပ်တို့သည် အရှင်၏အရိုး၊ အရှင်၏အသားများ ဖြစ်ကြပါ၏။ |
|
| 2 |
|
| ယခင် ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။ |
|
| 3 |
|
| အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်သည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် ရှမွေလမှတစ်ဆင့် ထာဝရဘုရားမိန့်မှာထားတော်မူခဲ့သည့်အတိုင်း သူတို့သည် ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။ |
|
| 4 |
|
| တစ်ခါသော် ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ပြည်သားရင်းယေဗုသိလူမျိုးတို့နေထိုင်ရာ ယေဗုတ်ဟုခေါ်သောဂျေရုဆလင်မြို့သို့ ချီတက်ကြ၏။ |
|
| 5 |
|
| ယေဗုတ်မြို့သားတို့က ဒါဝိဒ်မင်းကြီးအား “သင်သည် ဤမြို့ထဲသို့ မဝင်ရ”ဟု ဆို၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။ |
|
| 6 |
|
| ထို့နောက် ဒါဝိဒ်မင်းကြီးက “ယေဗုသိလူမျိုးကို ဦးစွာတိုက်ခိုက်နိုင်သူအား ဗိုလ်ချုပ်ကြီးရာထူးပေးမည်”ဟု မိန့်ဆိုလျှင် ဇေရုယာ၏သားယွာဘသည် ဦးစွာသွားတိုက်၏။ ထို့ကြောင့် သူသည် ဗိုလ်ချုပ်ကြီး ဖြစ်လာလေ၏။ |
|
| 7 |
|
| ဒါဝိဒ်မင်းကြီးသည် ရဲတိုက်တွင်နေသည်ကိုအစွဲပြု၍ ထိုရဲတိုက်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆိုကြ၏။ |
|
| 8 |
|
| ဒါဝိဒ်မင်းကြီးသည် မိလ္လော နှင့် ဝန်းကျင်ပတ်ပတ်လည်တွင် မြို့ကိုတည်ဆောက်၏။ မြို့၏ကျန်အပိုင်းကို ယွာဘက ပြန်လည်ပြုပြင်၏။ |
|
| 9 |
|
| ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ရှိတော်မူသည်ဖြစ်၍ သူသည် အားကြီးသည်ထက်ကြီးလာလေ၏။ |
|
| 10 |
|
| အစ္စရေးလူမျိုးတို့အား ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း အစ္စရေးလူမျိုးအပေါင်းတို့သည် ဒါဝိဒ်ကို မင်းမြှောက်၍ နိုင်ငံတော်တည်ထောင်ရာတွင် သူ့ကိုဝိုင်းဝန်းကူညီပေးသော စစ်သူရဲအကြီးအကဲများရှိခဲ့ကြ၏။ |
|
| 11 |
|
| ဒါဝိဒ်မင်းကြီး၌ရှိသော စာရင်းဝင်သူရဲကောင်းများမှာ ဤသူတို့ဖြစ်၏။ တပ်မှူးသုံးဆယ်ကိုဦးစီးရသော ဟခမောနိအမျိုး ယာရှောဗံသည် လှံကိုဝှေ့ယမ်းလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် လူအယောက်သုံးရာကို သတ်ဖြတ်နိုင်ခဲ့သူဖြစ်၏။ |
|
| 12 |
|
| နောက်တစ်ဦးမှာ သူရဲကောင်းသုံးဦးအဝင်ဖြစ်သော အဟောဟိလူမျိုး ဒေါဒေါ၏သား ဧလာဇာ ဖြစ်၏။ |
|
| 13 |
|
| ဧလာဇာသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ပါသဒမ္မိမ်အရပ်ရှိ မုယောစပါးအပြည့်စိုက်ထားသောလယ်ကွက်၌နေစဉ် ဖိလိတ္တိလူမျိုးတို့ စစ်တိုက်ရန် စုဝေးချီတက်လာကြ၏။ ကျန်စစ်သည်များ ဖိလိတ္တိလူမျိုးတို့ရှေ့မှ ထွက်ပြေးကုန်သော်လည်း |
|
| 14 |
|
| ဧလာဇာသည် လယ်ကွက်အလယ်တွင်ရပ်လျက် ဖိလိတ္တိလူမျိုးတို့ကို ခုခံတိုက်ခိုက်ရာ ထာဝရဘုရားသည် ကြီးမားသောအောင်ပွဲကို ရစေတော်မူ၏။ |
|
| 15 |
|
| စစ်သူရဲသုံးဆယ်ထဲမှ သုံးဦးသည် ဒါဝိဒ်မင်းကြီးရှိရာ အဒုလံလိုဏ်ဂူကျောက်ဆောင်သို့ ဆင်းသွားကြ၏။ ဖိလိတ္တိတပ်မူကား ရေဖိမ်ချိုင့်ဝှမ်းတွင် စခန်းချလျက်ရှိ၏။ |
|
| 16 |
|
| ထိုအချိန်က ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်စံမြန်းလျက်ရှိပြီး ဖိလိတ္တိမြို့စောင့်တပ်မူကား ဗက်လင်မြို့၌ တပ်စွဲထားလျက်ရှိ၏။ |
|
| 17 |
|
| ဒါဝိဒ်မင်းကြီးက “ဗက်လင်မြို့တံခါးအနီးရှိ ရေတွင်းမှရေကို ငါ့အတွက် တစ်ယောက်ယောက်ခပ်ပေးလျှင် ကောင်းပေမည်”ဟု တောင့်တ၍ ဆိုမိလျှင် |
|
| 18 |
|
| ထိုသူရဲကောင်းသုံးဦးသည် ဖိလိတ္တိတပ်စခန်းကို ထိုးဖောက်ပြီး ဗက်လင်မြို့တံခါးအနီးရှိရေတွင်းမှ ရေကိုခပ်ယူကာ ဒါဝိဒ်မင်းကြီးထံ ယူဆောင်လာပေး၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ထိုရေကိုမသောက်ဘဲ ထာဝရဘုရားရှေ့တော်တွင် သွန်းလျက် |
|
| 19 |
|
| “အို အကျွန်ုပ်၏ဘုရားသခင်၊ ဤအမှုသည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် သူတို့၏အသွေးဖြစ်ပါ၏။ သူတို့အသက်နှင့်ရင်း၍ရလာသောရေကို အကျွန်ုပ်သောက်ရပါမည်လော။ သူတို့သည် အသက်ကိုရင်း၍ ဤရေများကို ခပ်လာခဲ့သည်မဟုတ်လော”ဟု ဆိုလျက် ထိုရေကို မသောက်ဘဲ နေ၏။ သူရဲကောင်းသုံးဦးတို့သည် ဤသို့စွမ်းဆောင်ပေးခဲ့လေ၏။ |
|
| 20 |
|
| ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲသည် ထိုသူရဲကောင်းသုံးဦးကို ဦးဆောင်ရ၏။ သူသည် လှံကိုဝှေ့ယမ်းပြီး လူအယောက်သုံးရာကို တိုက်ခိုက်သတ်ဖြတ်၏။ ထို့ကြောင့် သူသည် ထိုသူရဲကောင်းသုံးဦးကဲ့သို့ နာမည်ကျော်စော၏။ |
|
| 21 |
|
| သူသည် ထိုသူရဲကောင်းသုံးဦးတို့ထက် နှစ်ဆအစွမ်းထက်သောကြောင့် သူတို့၏အကြီးအကဲဖြစ်ရ၏။ သို့သော် ပထမသူရဲကောင်းသုံးဦးကို မမီ။ |
|
| 22 |
|
| ရဲစွမ်းသတ္တိထက်မြက်သော ကပ်ဇေလမြို့မှ စစ်သူရဲမျိုးရိုး ယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့ကဲ့သို့အားကြီးသောမောဘလူမျိုးနှစ်ဦးကို သုတ်သင်ပစ်ခဲ့၏။ နှင်းကျသောနေ့တစ်နေ့တွင် ခြင်္သေ့တွင်းထဲသို့ဝင်ပြီး ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။ |
|
| 23 |
|
| သူသည် အရပ်ငါးတောင် ရှိသောအီဂျစ်အမျိုးသားတစ်ယောက်ကိုလည်း သတ်ခဲ့၏။ ရက်ကန်းလိပ်တုံးတမျှကြီးသောလှံကိုကိုင်ထားသော ထိုအီဂျစ်အမျိုးသားအား သူသည် ကြိမ်လုံးဖြင့်သာ သွား၍တိုက်ခိုက်၏။ အီဂျစ်အမျိုးသား၏လက်မှ လှံကိုလုယူ၍ ထိုလှံဖြင့်ပင် ထိုသူကို ထိုးသတ်လေ၏။ |
|
| 24 |
|
| ယောယဒ၏သား ဗေနာယသည် ထိုသို့ပြုခဲ့သောကြောင့် သူရဲကောင်းသုံးဦးကဲ့သို့ပင် သူသည်လည်း နာမည်ကျော်စော၏။ |
|
| 25 |
|
| သူသည် စစ်သူရဲအယောက်သုံးဆယ်ထက် အစွမ်းထက်သော်လည်း ပထမသူရဲကောင်းသုံးဦးကိုမမီ။ ဒါဝိဒ်မင်းကြီးသည် သူ့အား ကိုယ်ရံတော်မှူးအဖြစ် ခန့်အပ်ထား၏။ |
|
| 26 |
|
| အခြားရဲစွမ်းသတ္တိရှိသောစစ်သူရဲများမှာ ယွာဘ၏ညီ အာသဟေလ၊ ဗက်လင်မြို့သား ဒေါဒေါ၏သား ဧလဟာနန်၊ |
|
| 27 |
|
| ဟာရုတ်မြို့သား ရှမ္မုတ်၊ ပေလောမြို့သား ဟေလက်၊ |
|
| 28 |
|
| တေကောမြို့သား ဣကေရှ၏သား ဣရ၊ အနေသောသိလူမျိုး အဗျေဇာ၊ |
|
| 29 |
|
| ဟုရှသိလူမျိုး သိဗေခဲ၊ အဟောဟိလူမျိုး ဣလဲ၊ |
|
| 30 |
|
| နေတောဖာသိလူမျိုး မဟာရဲ၊ နေတောဖာသိလူမျိုး ဗာနာ၏သား ဟေလက်၊ |
|
| 31 |
|
| ဂိဗာမြို့မှ ဗင်္ယာမိန်သားမြေး ရိဘဲ၏သား အိတ္တဲ၊ ပိရသုန်မြို့သား ဗေနာယ၊ |
|
| 32 |
|
| ဂါရှချိုင့်ဝှမ်းမှ ဟုရဲ၊ အာဗသိလူမျိုး အဗျေလ၊ |
|
| 33 |
|
| ဗာဟုမိလူမျိုး အာဇမာဝက်၊ ရှာလဗောနိလူမျိုး ဧလျာဘ၊ |
|
| 34 |
|
| ဂိဇောနိလူမျိုး ဟာရှင်၏သားများ၊ ဟာရရိလူမျိုး ရှာဂဲ၏သား ယောနသန်၊ |
|
| 35 |
|
| ဟာရရိလူမျိုး စာကာ၏သား အဟိအံ၊ ဥရ၏သား ဧလိဖလ၊ |
|
| 36 |
|
| မေခေရသိလူမျိုး ဟေဖာ၊ ပေလောနိလူမျိုး အဟိယ၊ |
|
| 37 |
|
| ကရမေလိလူမျိုး ဟေဇရဲ၊ ဧဇဗဲ၏သား နာရဲ၊ |
|
| 38 |
|
| နာသန်၏ညီ ယောလ၊ ဟာဂရိ၏သား မိဗဟာ၊ |
|
| 39 |
|
| အမ္မုန်လူမျိုး ဇေလက်၊ ဇေရုယာ၏သား ယွာဘ၏လက်နက်ကိုင် ဗေရောသိလူမျိုး နဟာရဲ၊ |
|
| 40 |
|
| ဣသရိလူမျိုး ဣရ၊ ဣသရိလူမျိုး ဂါရက်၊ |
|
| 41 |
|
| ဟိတ္တိလူမျိုး ဥရိယ၊ အာလဲ၏သား ဇာဗဒ်၊ |
|
| 42 |
|
| ရုဗင်အနွယ်တွင် လူအယောက်သုံးဆယ်ကို ကြီးစိုးသော ရုဗင်အမျိုး၏အကြီးအမှူး ရှိဇ၏သား အဒိန၊ |
|
| 43 |
|
| မာခါ၏သား ဟာနန်၊ မိသနိလူမျိုး ယောရှာဖတ်၊ |
|
| 44 |
|
| အာရှတယောသိလူမျိုး ဩဇိ၊ အာရောရိလူမျိုး ဟောသံ၏သားများဖြစ်သော ရှာမ၊ ယေယေလ၊ |
|
| 45 |
|
| ရှိမရိ၏သား ယေဒယေလနှင့် သူ့ညီ တိဇိလူမျိုး ယောဟ၊ |
|
| 46 |
|
| မဟာဝိလူမျိုး ဧလျေလ၊ ဧလနန်၏သား ယေရိဗဲနှင့် ယောရှဝိ၊ မောဘလူမျိုး ဣသမ၊ |
|
| 47 |
|
| ဧလျေလ၊ ဩဗက်၊ မေဇောဗိတ်လူမျိုး ယာသေလ တို့ဖြစ်ကြ၏။ |
|
|
|
|