|
| 1 |
|
| ဒါဝိဒ်သည် ကိရှ၏သားရှောလုမင်းကြီးကို ဇိကလတ်မြို့၌ ရှောင်တိမ်းနေစဉ် သူ့ထံသို့လာ၍စစ်ကူတိုက်ပေးသော သူရဲကောင်းများမှာ ဤသူတို့ဖြစ်ကြ၏။ |
|
| 2 |
|
| လေးဖြင့် ကျောက်ခဲနှင့်မြားတို့ကို လက်ယာလက်၊ လက်ဝဲလက်မရွေး ပစ်ခတ်နိုင်သော ဗင်္ယာမိန်အမျိုးမှ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းလေးသည်တော်များ၊ |
|
| 3 |
|
| ဂိဗာမြို့သား ရှေမာ၏သားများဖြစ်သော အကြီးအမှူးအဟေဇာနှင့် ယောရှ၊ အာဇမာဝက်၏သားများဖြစ်သော ယေဇေလနှင့် ပေလက်၊ အာနသုတ်မြို့သားဗေရာခနှင့် ယေဟု၊ |
|
| 4 |
|
| စစ်သူရဲအယောက်သုံးဆယ်တွင်ပါဝင်၍ ထိုစစ်သူရဲအယောက်သုံးဆယ်ကို အုပ်ရသူ ဂိဗောင်မြို့သား ဣရှမာယ၊ ယေရမိ၊ ယဟာဇေလ၊ ယောဟနန်၊ ဂေဒရမြို့သား ယောဇဗဒ်၊ |
|
| 5 |
|
| ဧလုဇဲ၊ ယေရိမုတ်၊ ဗာလျာ၊ ရှေမရိ၊ ဟရုဖိလူမျိုးရှေဖတိ၊ |
|
| 6 |
|
| ကောရအမျိုးများဖြစ်သော ဧလကာန၊ ဣရှိယ၊ အာဇရေလ၊ ယောဇာ၊ ယာရှောဗံ၊ |
|
| 7 |
|
| ဂေဒေါ်မြို့သား ယေရောဟံ၏သားများဖြစ်သော ယောလာနှင့်ဇေဗဒိ တို့ဖြစ်ကြ၏။ |
|
| 8 |
|
| ဂဒ်အမျိုးအချို့တို့သည် တောကန္တာရရှိ ဒါဝိဒ်ခိုလှုံရာနေရာသို့ လာရောက်ပူးပေါင်းကြ၏။ သူတို့သည် ဒိုင်းလွှား၊ လှံတို့ကို ကိုင်ဆောင်နိုင်ပြီး ရဲစွမ်းသတ္တိရှိ၍ စစ်ရေးလေ့ကျင့်ထားသောသူများ၊ ခြင်္သေ့ကဲ့သို့ရဲရင့်သောမျက်နှာရှိ၍ တောင်ပေါ်သမင်ကဲ့သို့ လျင်မြန်သူများ ဖြစ်ကြ၏။ |
|
| 9 |
|
| ဧဇာသည် အကြီးအမှူး ဖြစ်ပြီး ဒုတိယ ဩဗဒိ၊ တတိယ ဧလျာဘ၊ |
|
| 10 |
|
| စတုတ္ထ မိရှမန္န၊ ပဉ္စမ ယေရမိ၊ |
|
| 11 |
|
| ဆဋ္ဌမ အတ္တဲ၊ သတ္တမ ဧလျေလ၊ |
|
| 12 |
|
| အဋ္ဌမ ယောဟနန်၊ နဝမ ဧလဇာဗဒ်၊ |
|
| 13 |
|
| ဒသမ ယေရမိ၊ ဧကာဒသမ မာခဗာနဲ တို့ဖြစ်ကြ၏။ |
|
| 14 |
|
| ဤသူတို့မှာ ဂဒ်အမျိုးသားစစ်ဗိုလ်ချုပ်များ ဖြစ်၏။ သူတို့တွင် အငယ်ဆုံးသူသည် လူတစ်ရာနှင့်လည်းကောင်း၊ အကြီးဆုံးသူသည် လူတစ်ထောင်နှင့်လည်းကောင်း အားညီမျှ၏။ |
|
| 15 |
|
| သူတို့သည် ဂျော်ဒန်မြစ်ကမ်းပါးတစ်လျှောက် ရေလျှံနေချိန်ဖြစ်သော ပထမလတွင် မြစ်ကိုကူးပြီး ချိုင့်ဝှမ်းလွင်ပြင်၌နေထိုင်သူအားလုံးကို အရှေ့အနောက် တကွဲတပြားစီဖြစ်အောင် နှင်ထုတ်ပစ်၏။ |
|
| 16 |
|
| အချို့သောဗင်္ယာမိန်အမျိုးသားနှင့် ယုဒအမျိုးသားတို့သည်လည်း ဒါဝိဒ်ခိုလှုံရာနေရာသို့ ရောက်လာကြ၏။ |
|
| 17 |
|
| ဒါဝိဒ်ကလည်း သူတို့ကိုထွက်တွေ့ပြီး “သင်တို့သည် ငါ့ကို ကူညီလို၍ ကောင်းကောင်းမွန်မွန်ရောက်လာခြင်းဖြစ်လျှင် ငါသည် သင်တို့နှင့် တစ်စိတ်တစ်သဘောတည်း ဖြစ်၏။ သို့သော် အမှားမပြုမိသောငါ့ကို ရန်သူတို့လက်သို့ အပ်ဖို့ သင်တို့လာခြင်းဖြစ်လျှင် ငါတို့ဘိုးဘေးတို့၏ဘုရားသခင်သည် သင်တို့ကို စီရင်တော်မူပါစေသော”ဟု ဆို၏။ |
|
| 18 |
|
| ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်၊ အကျွန်ုပ်တို့ကို အသင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။ |
|
| 19 |
|
| ဖိလိတ္တိလူမျိုးတို့သည် ရှောလုမင်းကြီးကို စစ်တိုက်သွားသောအခါ ဒါဝိဒ်လည်း လိုက်ပါရာ မနာရှေအမျိုးအချို့တို့သည် ဒါဝိဒ်ထံရောက်လာကြ၏။ သို့သော် ဖိလိတ္တိမင်းကြီးတို့က “သူသည် သူ့သခင်ရှောလုမင်းကြီးနှင့် ပြန်ပေါင်းပြီး ငါတို့ခေါင်းကို အပ်ကောင်းအပ်လိမ့်မည်”ဟု အချင်းချင်းတိုင်ပင်ကြပြီး ဒါဝိဒ်ကိုပြန်လွှတ်လိုက်သဖြင့် ဒါဝိဒ်သည် သူတို့ကို စစ်ကူမတိုက်ဖြစ်ခဲ့ဘဲ |
|
| 20 |
|
| ဇိကလတ်မြို့သို့ပြန်လာရာ မနာရှေအမျိုးထဲမှ လူတစ်ထောင်အုပ်များဖြစ်သော အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲ တို့သည် လာရောက်ပူးပေါင်းကြ၏။ |
|
| 21 |
|
| သူတို့အားလုံးသည် ရဲစွမ်းသတ္တိထက်မြက်သူများဖြစ်သောကြောင့် ဓားပြတို့ကို နှိမ်နင်းရာတွင် ဒါဝိဒ်ကို ကူညီကြ၏။ သူတို့သည် နောင်တွင် စစ်ဗိုလ်များ ဖြစ်လာကြ၏။ |
|
| 22 |
|
| နေ့စဉ်နေ့တိုင်း ဒါဝိဒ်ကိုကူညီရန် ဝင်ရောက်လာသူများလာသဖြင့် ဘုရားသခင်၏တပ်ကဲ့သို့ အင်အားကြီးမားသောစစ်တပ်ကြီးဖြစ်လာလေ၏။ |
|
| 23 |
|
| ထာဝရဘုရား၏နှုတ်ထွက်စကားအတိုင်း နိုင်ငံတော်ကို ရှောလုမင်းကြီးမှ ဒါဝိဒ်ထံလွှဲအပ်မည်ဖြစ်သောကြောင့် ဟေဗြုန်မြို့ရှိဒါဝိဒ်ထံသို့ ဝင်ရာက်လာသောလက်နက်ကိုင်စစ်သည်အကြီးအကဲတို့၏အရေအတွက်မှာ |
|
| 24 |
|
| ယုဒအမျိုးသားတွင် ဒိုင်းလွှားလှံစသောလက်နက်ကိုင်စစ်သည် အယောက်ခြောက်ထောင်ရှစ်ရာ၊ |
|
| 25 |
|
| ရှိမောင်အမျိုးသားတွင် ရဲစွမ်းသတ္တိထက်မြက်သောစစ်သည် အယောက်ခုနစ်ထောင့်တစ်ရာ၊ |
|
| 26 |
|
| လေဝိအမျိုးသားတွင် လူအယောက်လေးထောင့်ခြောက်ရာ၊ |
|
| 27 |
|
| အာရုန်အမျိုးကိုဦးဆောင်ပေးရသူ ယောယဒနှင့် သူ၏လူအယောက်သုံးထောင်ခုနစ်ရာ၊ |
|
| 28 |
|
| ရဲစွမ်းသတ္တိထက်မြက်သောလူငယ် ဇာဒုတ်နှင့် သူ့ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူး နှစ်ဆယ့်နှစ်ယောက်၊ |
|
| 29 |
|
| ယခင်က ရှောလုအိမ်တော်သားအပေါ် သစ္စာစောင့်သိသူ ဗင်္ယာမိန်အနွယ် ရှောလု၏ဆွေမျိုးသားချင်း အယောက်သုံးထောင်၊ |
|
| 30 |
|
| ဧဖရိမ်အမျိုးသားတွင် သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုထဲမှ နာမည်ကျော်စောပြီး ရဲစွမ်းသတ္တိထက်မြက်သူစစ်သူရဲ အယောက်နှစ်သောင်းရှစ်ရာ၊ |
|
| 31 |
|
| ဒါဝိဒ်ကို မင်းမြှောက်ဖို့ရန် မနာရှေအမျိုးတစ်ဝက်တွင် နာမည်စာရင်းဝင်သူအယောက်တစ်သောင်းရှစ်ထောင်၊ |
|
| 32 |
|
| ဣသခါအမျိုးသားတွင် အစ္စရေးလူတို့ပြုရမည့်အမှုကို အခြေအနေအချိန်အခါအလိုက် သိနားလည်သူ အကြီးအမှူးအယောက်နှစ်ရာနှင့် သူတို့၏အမိန့်ကိုနာခံသောဆွေမျိုးအားလုံး၊ |
|
| 33 |
|
| ဇာဗုလုန်အမျိုးတွင် ဒါဝိဒ်ကိုကူညီရန် စိတ်မထွေပြားဘဲ စစ်လက်နက်အပြည့်အစုံနှင့်တကွ တိုက်ပွဲဝင်ရန်အသင့်ရှိသူ၊ စစ်မှုထမ်းနိုင်သူ စစ်သည်အယောက်ငါးသောင်း၊ |
|
| 34 |
|
| နဿလိအမျိုးမှ တပ်မှူးအယောက်တစ်ထောင်နှင့် ဒိုင်းလှံလက်နက်ကိုင်ဆောင်သူတပ်သားအယောက်သုံးသောင်းခုနစ်ထောင်၊ |
|
| 35 |
|
| ဒန်အမျိုးတွင် တိုက်ပွဲဝင်ရန်အသင့်ဖြစ်သူ စစ်သည်အယောက်နှစ်သောင်းရှစ်ထောင့်ခြောက်ရာ၊ |
|
| 36 |
|
| အာရှာအမျိုးတွင် တိုက်ပွဲဝင်ရန်အသင့်ဖြစ်သူ၊ စစ်မှုထမ်းနိုင်သူ စစ်သည်အယောက်လေးသောင်း၊ |
|
| 37 |
|
| ဂျော်ဒန်မြစ်အရှေ့ဘက်မှ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေမျိုးနွယ်တစ်ဝက်တို့တွင် စစ်လက်နက်အပြည့်အစုံနှင့် စစ်သည်အယောက်တစ်သိန်းနှစ်သောင်း ရှိ၏။ |
|
| 38 |
|
| ဤစစ်သူရဲအားလုံးတို့သည် စစ်မြေပြင်တွင် အမိန့်ကို စိတ်နှလုံးအကြွင်းမဲ့နာခံတတ်သူများ ဖြစ်၏။ ဒါဝိဒ်ကို အစ္စရေးတစ်မျိုးနွယ်လုံး၏ဘုရင်အဖြစ် တင်မြှောက်ရန် ဟေဗြုန်မြို့သို့ ရောက်လာကြသူများလည်း ဖြစ်၏။ ကျန်အစ္စရေးလူမျိုးအပေါင်းတို့သည်လည်း ဒါဝိဒ်ကို မင်းမြှောက်ရန် တစ်စိတ်တစ်သဘောတည်းရှိကြ၏။ |
|
| 39 |
|
| အမျိုးသားချင်းတို့ ပြင်ဆင်ကျွေးမွေးသဖြင့် ထိုနေရာတွင် သူတို့သည် ဒါဝိဒ်နှင့်အတူ သုံးရက်တိုင်တိုင်စားသောက်ပွဲများ ကျင်းပကြ၏။ |
|
| 40 |
|
| ရပ်နီးနေသူများသာမက ရပ်ဝေးနေသူများဖြစ်သော ဣသခါအမျိုး၊ ဇာဗုလုန်အမျိုး၊ နဿလိအမျိုး တို့သည်လည်း မုန့်ညက်နှင့်လုပ်သောအစားအစာများ၊ သဖန်းပျဉ်များ၊ စပျစ်သီးခြောက်များ၊ စပျစ်ဝိုင်၊ ဆီ၊ နွားသား၊ သိုးသား စသောအစားအစာများကို မြည်း၊ ကုလားအုတ်၊ လား၊ နွား တို့ဖြင့် အမြောက်အမြားတင်ဆောင်လာကြ၏။ ဤသို့ဖြင့် အစ္စရေးအမျိုးသားတို့ အလွန်ဝမ်းမြောက်ဝမ်းသာကြလေ၏။ |
|
|
|
|