|
| 1 |
|
| ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် လူတစ်ထောင်အုပ်များ၊ လူတစ်ရာအုပ်များ၊ ခေါင်းဆောင်များအားလုံးတို့နှင့် တိုင်ပင်ပြီး |
|
| 2 |
|
| အစ္စရေးလူထုတစ်ရပ်လုံးအား “သင်တို့သဘောတူမည်၊ ငါတို့၏ဘုရားသခင်ထာဝရဘုရားလည်း အခွင့်ပေးမည်ဆိုလျှင် အစ္စရေးပြည်တစ်ပြည်လုံးမှ ကျန်နေသောညီအစ်ကိုတို့မှစ၍ မြို့များနှင့်ဝန်းကျင်ရှိစားကျက်မြေတို့တွင်နေထိုင်ကြသော ယဇ်ပုရောဟိတ်များ၊ လေဝိလူများရှိရာနေရာအနှံ့အပြားသို့ လူကိုစေလွှတ်၍ အကျွန်ုပ်တို့နှင့် လာရောက်ပူးပေါင်းစေမည်။ |
|
| 3 |
|
| ထို့နောက် ရှောလုမင်းကြီးလက်ထက်က မေးမြန်းခြင်းမရှိခဲ့သော ငါတို့ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ကို ငါတို့ထံ ပြန်လည်သယ်ဆောင်လာကြမည်”ဟု ဆို၏။ |
|
| 4 |
|
| ပြည်သူပြည်သားအားလုံး သဘောတူနှစ်သက်ကြသောကြောင့် လူထုတစ်ရပ်လုံးက ထိုသို့ပြုမည်ဟု ဆိုကြ၏။ |
|
| 5 |
|
| ဤသို့ဖြင့် ဒါဝိဒ်မင်းကြီးသည် ကိရယတ်ယာရိမ်မြို့ရှိ ဘုရားသခင်၏သေတ္တာတော်ကို ပြန်လည်သယ်ဆောင်လာရန် အီဂျစ်ပြည်၊ ရှိဟောရအရပ်မှ လီဘိုဟာမတ်အရပ်တိုင်အောင် အစ္စရေးလူမျိုးအားလုံးကို စုဝေးစေ၏။ |
|
| 6 |
|
| ထာဝရဘုရား၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်သော၊ ခေရုဗိမ် တို့အထက်တွင် စံနေတော်မူသော ဘုရားသခင်၏သေတ္တာတော်ကို သယ်ဆောင်လာရန် ဒါဝိဒ်မင်းကြီးသည် အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ ယုဒပြည်၊ ကိရယတ်ယာရိမ် ခေါ် ဗာလာမြို့သို့ သွားလေ၏။ |
|
| 7 |
|
| ဘုရားသခင်၏သေတ္တာတော်ကို လှည်းအသစ်ပေါ်တွင်တင်ပြီး အဘိနဒပ်၏အိမ်မှ သယ်ဆောင်လာကြ၏။ ဩဇနှင့်အဟိဩတို့သည် လှည်းကိုမောင်းနှင်ပေးကြ၏။ |
|
| 8 |
|
| ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ဘုရားသခင်ရှေ့တော်တွင် စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ လင်းကွင်း၊ တံပိုးခရာတို့ကို တီးမှုတ်လျက် အားရပျော်မြူးစွာသီချင်းဆိုကြ၏။ |
|
| 9 |
|
| ခိဒုန်ကောက်နယ်တလင်းသို့ ရောက်လာသောအခါ နွားခြေချော်သွား၍ ဩဇသည် သေတ္တာတော်ကို လက်နှင့်လှမ်းထိန်းလိုက်မိ၏။ |
|
| 10 |
|
| ဤသို့ ဩဇသည် သေတ္တာတော်ကို လှမ်းထိန်းလိုက်မိရာ ထာဝရဘုရားသည် သူ့အားအမျက်ထွက်တော်မူပြီး ဒဏ်ခတ်တော်မူသောကြောင့် သူသည် ဘုရားသခင်ရှေ့တွင်ပင် သေလေ၏။ |
|
| 11 |
|
| ဤသို့ ဩဇအား ထာဝရဘုရားဒဏ်ခတ်တော်မူသောကြောင့် ဒါဝိဒ်မင်းကြီးသည် စိတ်ဆိုးလေ၏။ ထို့ကြောင့် ယနေ့တိုင် ထိုနေရာကို ပေရဩဇ ဟုခေါ်ဆိုလေ၏။ |
|
| 12 |
|
| ထိုနေ့တွင် ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့် “ဘုရားသခင်၏သေတ္တာတော်သည် ငါ့ထံ မည်သို့ရောက်လာနိုင်မည်နည်း”ဟု တွေးတောလေ၏။ |
|
| 13 |
|
| ဒါဝိဒ်မင်းကြီးသည် သေတ္တာတော်ကို မိမိနှင့်အတူ ဒါဝိဒ်မြို့သို့ မသယ်ဆောင်သွားဘဲ ဂိတ္တိလူမျိုး ဩဗဒေဒုံ၏အိမ်သို့ သယ်ဆောင်သွား၏။ |
|
| 14 |
|
| ဤသို့ဖြင့် ဘုရားသခင်၏သေတ္တာတော်သည် ဩဗဒေဒုံ၏အိမ်၌ အိမ်သားတို့နှင့်အတူ သုံးလမျှကိန်းဝပ်တော်မူပြီး ထာဝရဘုရားသည် ဩဗဒေဒုံ၏အိမ်သူအိမ်သားများနှင့် သူပိုင်ဆိုင်သမျှတို့ကို ကောင်းချီးပေးတော်မူ၏။ |
|
|
|
|