×

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း

ရာဇဝင်ချုပ်ပဌမစောင် ၁၈

1
ထို့နောက်တွင် ဒါဝိဒ်​မင်းကြီး​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​နှိမ်နင်း​ပြီး ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ ဂါသ​မြို့​နှင့်​ဝန်းကျင်​ရှိ​ရွာ​များ​ကို သိမ်းယူ​လိုက်​၏​။
2
ထို့နောက် မောဘ​ပြည်​ကို​လည်း တိုက်ခိုက်သိမ်းပိုက်​နိုင်​သဖြင့် မောဘ​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​ဖြစ်လာ​ပြီး အခွန်​များ​ကို​ဆက်သ​ရ​၏​။
3
ဇောဘ​ဟာမတ်​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​သည် ယူဖရေးတီး​မြစ် ​တစ်လျှောက်​ကို ပြန်လည်​သိမ်းပိုက်​ရန် စစ်ချီ​လာ​သောအခါ ဒါဝိဒ်​မင်းကြီး​သည် သူ့​ကို​တိုက်ခိုက်​ပြီး
4
ထို​ဘုရင်​ထံမှ စစ်ရထား​အစီး​တစ်ထောင်​၊ မြင်းစီးသူရဲ​အယောက်​ခုနစ်​ထောင်​၊ ခြေလျင်တပ်သား​အယောက်​နှစ်သောင်း​တို့​ကို သိမ်းပိုက်​လိုက်​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် မိမိ​အဖို့ စစ်ရထား​မြင်း​အကောင်​တစ်ရာ​ကို​ချန်ထား​ပြီး ကျန်​စစ်ရထား​မြင်း​အားလုံး​ကို တံကောက်ကြော ဖြတ်ပစ်​လေ​၏​။
5
ဒါဝိဒ်​မင်းကြီး​သည် ဇောဘ​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​ကို စစ်ကူ​လာ​သော ဒမတ်စကပ်​မြို့သား ဆီးရီးယား​လူမျိုး​တို့​ထဲမှ ဆီးရီးယား​လူမျိုး နှစ်သောင်းနှစ်ထောင်​ကို သုတ်သင်​ပစ်​ပြီး
6
ဆီးရီးယား​ပြည်​၊ ဒမတ်စကပ်​မြို့​တွင် မြို့စောင့်တပ်​များ​ကို ချထား​ခဲ့​၏​။ ဆီးရီးယား​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​များ​ဖြစ်လာ​ပြီး အခွန်​ဆက်သ​ရ​၏​။ ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​စစ်ချီ​သွား​လေရာရာ​၌ အောင်ပွဲရ​စေ​တော်မူ​၏​။
7
ဒါဝိဒ်​မင်းကြီး​သည် ဟာဒဒေဇာ​မင်းကြီး​၏​အစေအပါး​တို့​ကိုင်ဆောင်​သော ရွှေ​ဒိုင်းလွှား​တို့​ကို သိမ်း​ပြီး ဂျေရုဆလင်​မြို့​သို့ ယူဆောင်​လာ​၏​။
8
ဒါဝိဒ်​မင်းကြီး​သည် တိဗဟတ်​မြို့​၊ ခုန်​မြို့​စသည့် ဟာဒဒေဇာ​မင်းကြီး​ပိုင်​သော​မြို့​တို့​မှ ကြေးနီ​အမြောက်အမြား​ကို​လည်း သိမ်းယူ​လေ​၏​။ ထို​ကြေးနီ​များ​ဖြင့်​ပင် ရှောလမုန်​မင်းကြီး​သည် ကြေးနီ​ရေကန်​နှင့် တိုင်​များ​၊ ကြေးနီ​အသုံးအဆောင်​များ​ကို သွန်းလုပ်​ခဲ့​၏​။
9
ဇောဘ​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​၏​စစ်တပ်​တစ်တပ်လုံး​အား ဒါဝိဒ်​မင်းကြီး​ချေမှုန်း​လိုက်​ကြောင်း​ကို ဟာမတ်​ဘုရင်​တောဣ​မင်းကြီး​ကြား​လျှင်
10
သာကြောင်းမာကြောင်း​နှုတ်ဆက်​ရန်​နှင့် ဟာဒဒေဇာ​မင်းကြီး​ကို တိုက်ခိုက်​ချေမှုန်း​နိုင်​သောကြောင့် ဂုဏ်ပြု​ရန် ရွှေထည်​၊ ငွေထည်​၊ ကြေးထည်​တို့​ပါ​လျက် မိမိ​သား​တော်​ဟဒေါရံ​ကို ဒါဝိဒ်​မင်းကြီး​ထံ​စေလွှတ်​၏​။ အကြောင်းမှာ တောဣ​မင်းကြီး​သည်​လည်း ဟာဒဒေဇာ​မင်းကြီး​နှင့် စစ်တိုက်​ခဲ့​ဖူး​၏​။
11
ဒါဝိဒ်​မင်းကြီး​သည် ထို​ပစ္စည်း​များ​အပြင် ဧဒုံ​၊ မောဘ​၊ အမ္မုန်​၊ ဖိလိတ္တိ​၊ အာမလက် စသော​လူမျိုး​အပေါင်း​တို့​ထံမှ သိမ်းယူ​သော ရွှေ​ငွေ​တို့​ကို​လည်း ထာဝရဘုရား​ထံ ဆက်ကပ်​၏​။
12
ဇေရုယာ​၏​သား​အဘိရှဲ​သည်​လည်း ဧဒုံ​လူမျိုး တစ်သောင်းရှစ်ထောင်​ကို ဆား​ချိုင့်ဝှမ်း​တွင် သုတ်သင်​နိုင်​ခဲ့​ပြီး
13
ဧဒုံ​ပြည်​တွင် မြို့စောင့်တပ်​များ ချထား​လိုက်​၏​။ ဧဒုံ​လူမျိုး​အပေါင်း​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​ဖြစ်သွား​၏​။ ထာဝရဘုရား​သည်​လည်း ဒါဝိဒ်​မင်းကြီး​စစ်ချီ​သွား​လေရာရာ​၌ အောင်ပွဲ​ရ​စေ​တော်မူ​၏​။
14
ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​တစ်မျိုးလုံး​ကို​အုပ်စိုး​၍ ပြည်သူပြည်သား​အပေါင်း​တို့​ကို တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ အုပ်ချုပ်​၏​။
15
ဇေရုယာ​၏​သား​ယွာဘ​ကား ဗိုလ်ချုပ်​၊ အဟိလုဒ်​၏​သား​ယောရှဖတ်​ကား အတွင်းဝန်​၊
16
အဟိတုပ်​၏​သား ဇာဒုတ်​နှင့် အဗျာသာ​၏​သား​အဘိမလက်​တို့​ကား ယဇ်ပုရောဟိတ်​များ​၊ စရာယ​ကား စာရေးတော်ကြီး​၊
17
ယောယဒ​၏​သား ဗေနာယ​ကား ခေရသိ​လူမျိုး​နှင့်​ပေလသိ​လူမျိုး​တို့​ကို အုပ်ချုပ်ရသူ​၊ ဒါဝိဒ်​မင်းကြီး​၏​သား​တို့​ကား ရှင်ဘုရင်​အနား​၌ ခစား​ရ​သော အရာရှိ​များ စသည်​ဖြင့် အသီးသီး​နေရာ​ရ​ကြ​၏​။
Burmese Bible MSBU
MYANMAR STANDARD BIBLE 2012, 2014, 2017, 2021 by Global Bible Initiative
:
မှတ်စုများကိုသိမ်းဆည်းပါ