×

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း

ယောဘဝတ္တု ၁၇

1
ငါ့​အသက်​ဝိညာဉ် ချုပ်ငြိမ်း​ပြီ​။ ငါ​နေ​ရ​မည့်​နေ့ရက်​တို့ ကုန်ဆုံး​ပြီ​။ သင်္ချိုင်း​လည်း ငါ့​ကို စောင့်ကြို​နေ​ပြီ​။
2
အကယ်စင်စစ် လှောင်ပြောင်​သူ​တို့​သည် ငါ့​ကို ဝိုင်းရံ​လျက်​ရှိ​၏​။ သူ​တို့​လှောင်ပြောင်​ထေ့ငေါ့​သည်​ကို ငါ​ကြည့်​နေ​ရ​ပါ​၏​။
3
ကိုယ်တော်တိုင် အကျွန်ုပ်​အတွက် အာမခံ​ပေး​တော်မူ​ပါ​။ မည်သူ​သည် အကျွန်ုပ်​အတွက် အာမခံ​ပေး​မည်နည်း​။
4
ကိုယ်တော်​သည် သူ​တို့​စိတ်​ကို အသိဉာဏ်​နှင့်​ကင်း​စေ​တော်မူ​ပြီ​။ သူ​တို့​ကို ချီးမြှောက်​တော်မူ​မည်​မ​ဟုတ်​။
5
ဝေစု​ရရှိ​ရန် ကိုယ့်​မိတ်ဆွေ​ကို သစ္စာဖောက်​သော​သူ​၏​သားသမီး​တို့​သည်​လည်း မျက်စိကွယ်​ရ​လိမ့်မည်​။
6
ကိုယ်တော်​သည် ငါ့​ကို လူ​တို့​ပုံခိုင်းစရာ​ဖြစ်​စေ​ပြီ​။ ငါ့​မျက်နှာ​ကို တံတွေးထွေးစရာ​ဖြစ်​စေ​ပြီ​။
7
ပူဆွေးသောက​များ​ကြောင့် ငါ့​မျက်စိ​များ​လည်း မှုန်​လေ​ပြီ​။ ငါ့​ကိုယ်အင်္ဂါ​ရှိသမျှ​လည်း အရိပ်​သဖွယ် ဖြစ်​ကုန်​ပါ​ပြီ​။
8
ဤ​အဖြစ်​ကြောင့် ဖြောင့်မှန်​သော​သူ​တို့​သည် အံ့ဩထိတ်လန့်​ကြ​ပြီ​။ အပြစ်မဲ့​သော​သူ​တို့​သည်​လည်း ဘုရားတရားမဲ့​သော​သူ​တို့​အပေါ် မခံမရပ်​နိုင်​ဖြစ်​ကြ​ပြီ​။
9
ဖြောင့်မတ်​သော​သူ​မူကား မိမိ​လမ်း​အတိုင်း တည်ကြည်​စွာ​လျှောက်လှမ်း​၍ လက်​စင်ကြယ်​သော​သူ​သည်​လည်း ပို၍​ပို၍​အားကြီး​လာ​လိမ့်မည်​။
10
သင်​တို့​အားလုံး ထပ်လာ​၍ ငြင်းခုံ​ကြ​။ သင်​တို့​တွင် ပညာရှိ​ဟူ၍​တစ်ယောက်​မျှ ငါ​တွေ့​ရ​မည်​မ​ဟုတ်​။
11
ငါ​နေ​ရ​မည့်​နေ့ရက်​များ ကုန်လွန်​သွား​ပြီ​။ ငါ့​ရည်ရွယ်ချက်​၊ ငါ့​စိတ်​အလိုဆန္ဒ​များ​လည်း ပျက်လွင့်​ကုန်​ပြီ​။
12
သူ​တို့​သည် ည​ကို​ပင် နေ့​ဟု​ဆို​လျက် မှောင်​နေ​သည်​ကို​ပင် ‘​မိုးလင်း​တော့​မည်​’​ဟု ဆို​တတ်​ကြ​၏​။
13
မရဏာနိုင်ငံ​သည် ငါ​မျှော်လင့်​ရာ​အိမ်​ဖြစ်၍ ငါ့​အိပ်ရာ​ကို မှောင်မိုက်​၌ ခင်းထား​ရ​လျှင်
14
သေတွင်း​ကို အဖေ​၊ လောက်ကောင်​ကို အမေ​၊ နှမ ဟူ၍ ငါ​ခေါ်​ရ​တော့​မည်​။
15
ငါ​၏​မျှော်လင့်​ခြင်း​ကား အဘယ်မှာ​နည်း​။ ငါ​၏​မျှော်လင့်​ခြင်း​ကို အဘယ်သူ​မြင်​ရ​မည်နည်း​။
16
ထို​အရာ​တို့​သည် မရဏာ​တံခါးပေါက်​ထဲသို့ ဝင်သွား​မည်လော​။ ငါ​နှင့်အတူ မြေမှုန့်​ထဲတွင် ဆင်း​နေ​မည်လော​”​ဟု ဆို​လေ​၏​။
Burmese Bible MSBU
MYANMAR STANDARD BIBLE 2012, 2014, 2017, 2021 by Global Bible Initiative
:
မှတ်စုများကိုသိမ်းဆည်းပါ