|
| 1 |
|
| ထိုအခါ နေမတ်အမျိုးသား ဇောဖာက |
|
| 2 |
|
| “တုံ့ပြန်ပြောဆိုလိုသောစိတ် ပြင်းပြလွန်းသဖြင့် ငါ့စိတ်မငြိမ်မသက်ဖြစ်နေ၏။ |
|
| 3 |
|
| ငါ့အား ပြစ်တင်ရှုတ်ချသောစကားကို ကြားရ၏။ ထို့ကြောင့် ငါနားလည်သလို ငါပြန်ပြောမည်။ |
|
| 4 |
|
| ရှေးယခင် မြေကြီးပေါ်တွင် လူဟူ၍စဖြစ်လာစဉ်ကတည်းက |
|
| 5 |
|
| ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။ |
|
| 6 |
|
| သူသည် မိုးထိအောင်ဘဝင်မြင့်၍ သူ့ခေါင်းသည် မိုးတိမ်နှင့်ထိလျှင်ပင် |
|
| 7 |
|
| သူသည် မိမိမစင်ကဲ့သို့ ပျက်စီးပျောက်ကွယ်သွားရလိမ့်မည်။ သူ့ကိုမြင်ဖူးသောသူတို့က ‘သူဘယ်ရောက်သွားသနည်း’ဟု မေးကြလိမ့်မည်။ |
|
| 8 |
|
| သူသည် အိပ်မက်ကဲ့သို့ ပျောက်ပျက်သွား၍ သူ့ကို တွေ့ရတော့မည်မဟုတ်။ ညအချိန်မြင်ရသောစိတ်အာရုံကဲ့သို့ ထွက်ပြေးသွားလိမ့်မည်။ |
|
| 9 |
|
| သူ့ကို မြင်ဖူးခဲ့သူတို့သည် သူ့ကို နောက်ထပ်မြင်ရတော့မည်မဟုတ်။ သူ့နေရာကိုလည်း မြင်ရတော့မည်မဟုတ်။ |
|
| 10 |
|
| သူ့သားသမီးတို့သည် ဆင်းရဲသားတို့၏အလိုကိုလိုက်ရလိမ့်မည်။ သူ၌ရှိသောစည်းစိမ်ဥစ္စာများကိုလည်း သူ့လက်ဖြင့် ပြန်ပေးရလိမ့်မည်။ |
|
| 11 |
|
| သူ့အရိုးတို့သည် နုပျိုသန်စွမ်းသော်လည်း သူနှင့်အတူ မြေမှုန့်ထဲ၌ လဲလျောင်းရလိမ့်မည်။ |
|
| 12 |
|
| မကောင်းမှုသည် သူ့ခံတွင်းအဖို့ ချိုမြိန်သဖြင့် လျှာအောက်တွင် ဝှက်ထားမည်ဆိုလျှင်၊ |
|
| 13 |
|
| ထွေးထုတ်ဖို့နှမြောသဖြင့် ခံတွင်း၌သာ ငုံထားမည်ဆိုလျှင် |
|
| 14 |
|
| ထိုအစာတို့သည် ဝမ်းထဲတွင် မြွေဟောက်အဆိပ်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။ |
|
| 15 |
|
| သူဝါးမျိုထားသောဥစ္စာပစ္စည်းတို့ကို ပြန်အန်ထုတ်ရလိမ့်မည်။ ဘုရားသခင်သည် ထိုအရာတို့ကို သူ့ဝမ်းထဲမှ ထုတ်ပစ်တော်မူမည်။ |
|
| 16 |
|
| သူသည် မြွေဟောက်အဆိပ်ကို စုပ်ယူလိမ့်မည်။ မြွေပွေး၏လျှာသည် သူ့ကို သတ်လိမ့်မည်။ |
|
| 17 |
|
| နို့နှင့်ပျားရည်စီးသော စမ်းချောင်းများ၊ မြစ်များကို သူတွေ့မြင်ရလိမ့်မည်မဟုတ်။ |
|
| 18 |
|
| ပင်ပန်းစွာရှာဖွေထားသောအရာများကိုလည်း မစားရဘဲ စွန့်လွှတ်ရလိမ့်မည်။ ကုန်သွယ်၍ရသောအမြတ်ကိုလည်း ခံစားခွင့်ရမည်မဟုတ်။ |
|
| 19 |
|
| အကြောင်းမူကား သူသည် ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်ထားပြီး ကိုယ်တိုင်မဆောက်သောအိမ်ကိုလည်း လုယူလေပြီ။ |
|
| 20 |
|
| ထို့ကြောင့် သူ့စိတ်သည် ငြိမ်းချမ်းမှုကိုမသိနိုင်။ သူ၏တပ်မက်စိတ်သည် သူ့ကိုလွတ်မြောက်ခွင့်မပေး။ |
|
| 21 |
|
| သူဝါးမျိုစရာ တစ်စုံတစ်ရာကျန်မည်မဟုတ်။ သူ့စည်းစိမ်များလည်း တည်မြဲမည်မဟုတ်။ |
|
| 22 |
|
| သူသည် ကြွယ်ဝချမ်းသာလျက်နေစဉ်မှာပင် ဒုက္ခရောက်ရလိမ့်မည်။ ဆင်းရဲဒုက္ခသည်လည်း သူ့ထံသို့ အစုလိုက်အပြုံလိုက်ရောက်လာလိမ့်မည်။ |
|
| 23 |
|
| သူဝမ်းပြည့်အောင်စားနေစဉ်မှာပင် ကိုယ်တော်သည် အမျက်တော်မီးကိုလွှတ်၍ သူ့အပေါ် ရွာကျစေတော်မူလိမ့်မည်။ |
|
| 24 |
|
| သူသည် သံလက်နက်ဘေးမှ ထွက်ပြေးတိမ်းရှောင်နိုင်သော်လည်း ကြေးဝါမြားသည် သူ့ကို ထိုးဖောက်လိမ့်မည်။ |
|
| 25 |
|
| ကျောတွင်စိုက်ဝင်နေသောမြားကိုဆွဲနုတ်သောအခါ သည်းခြေ၌စူးနေသော မြားဦးသည်လည်း ထွက်လာ၍ သူသည် ကြောက်ရွံ့ထိတ်လန့်လျက်နေရလိမ့်မည်။ |
|
| 26 |
|
| အမှောင်ထုကြီးသည် သူ၏စည်းစိမ်ဘဏ္ဍာကို ချောင်းမြောင်းနေ၏။ မမွှေးရသောမီးသည် သူ့ကိုဝါးမျို၍ သူ့တဲ၌ကြွင်းကျန်သောသူတို့ကိုလည်း လောင်ကျွမ်းလိမ့်မည်။ |
|
| 27 |
|
| မိုးကောင်းကင်သည် သူ့အပြစ်များကို ဖော်ထုတ်ပြီး မြေကြီးသည် သူ့ကိုဆန့်ကျင်ထကြွလိမ့်မည်။ |
|
| 28 |
|
| သူ့အိမ်၌ရှိသောဥစ္စာတို့သည် သိမ်းသွားခြင်း ခံရလိမ့်မည်။ အမျက်တော်နေ့ရက်တွင် သုတ်သင်ပယ်ရှင်းခြင်း ခံရလိမ့်မည်။ |
|
| 29 |
|
| ဤသည်ကား ဆိုးယုတ်သောသူအဖို့ ဘုရားသခင်ထံမှ ဝေစုဖြစ်၏။ သူ့အဖို့ ဘုရားသခင်သတ်မှတ်ထားသောအမွေလည်း ဖြစ်၏”ဟု ဆိုလေ၏။ |
|
|
|
|