|
| 1 |
|
| အို ဘုရားသခင်၊ အကျွန်ုပ်၏စိတ်နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်သည် သီချင်းဆို၍ အကျွန်ုပ်၏စိတ်ဝိညာဉ်ဖြင့် သီဆိုချီးမွမ်းပါမည်။ |
|
| 2 |
|
| စောင်းပြားနှင့်စောင်းကောက်တို့၊ နိုးထကြလော့။ အရုဏ်ဦးကိုလည်း ငါနိုးထစေမည်။ |
|
| 3 |
|
| အို ထာဝရဘုရား၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်တွင် ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါမည်။ လူတို့အလယ်တွင် ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။ |
|
| 4 |
|
| အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကောင်းကင်ထိတိုင်အောင်ကြီးမား၍ ကိုယ်တော်၏သစ္စာတော်သည် မိုးတိမ်ထိတိုင်အောင်ရောက်ပါ၏။ |
|
| 5 |
|
| အို ဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်အထက်၌ချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်၏ဘုန်းအသရေတော်သည်လည်း ကမ္ဘာမြေတစ်ခွင်လုံးကို လွှမ်းမိုးပါစေသော။ |
|
| 6 |
|
| ကိုယ်တော်ချစ်တော်မူသောသူတို့သည် လွတ်မြောက်ခြင်းသို့ရောက်မည့်အကြောင်း ကိုယ်တော်၏လက်ယာလက်တော်ဖြင့်ကယ်တင်ပြီး အကျွန်ုပ်တို့ကို ထူးတော်မူပါ။ |
|
| 7 |
|
| ဘုရားသခင်သည် မိမိ၏သန့်ရှင်းရာဌာနတော်မှ မိန့်တော်မူသည်မှာ “ငါသည် ရွှင်မြူးခြင်းရှိလျက် ရှေခင်မြို့ကိုခွဲဝေ၍ သုကုတ်ချိုင့်ဝှမ်းကိုတိုင်းတာဝေခြမ်းမည်။ |
|
| 8 |
|
| ဂိလဒ်ပြည်ကို ငါပိုင်၏။ မနာရှေပြည်ကိုလည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည် ငါ၏သံခမောက်ဖြစ်ပြီး ယုဒပြည်သည် ငါ၏ကျိုင်းတော်ဖြစ်၏။ |
|
| 9 |
|
| မောဘပြည်သည် ငါ၏ခြေဆေးအိုးဖြစ်၏။ ဧဒုံပြည်အပေါ် ငါ့ဖိနပ်ကိုငါပစ်ချမည်။ ဖိလိတ္တိပြည်အပေါ် ငါအောင်ပွဲခံကြွေးကြော်မည်”ဟူ၍ဖြစ်၏။ |
|
| 10 |
|
| မည်သူသည် ငါ့ကို ခံတပ်မြို့သို့ ခေါ်ဆောင်သွားမည်နည်း။ မည်သူသည် ငါ့ကိုဧဒုံပြည်သို့ ပို့ဆောင်ပေးမည်နည်း။ |
|
| 11 |
|
| အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ငြင်းပယ်တော်မူခဲ့သည်မဟုတ်လော။ အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဗိုလ်ခြေများနှင့်အတူ ချီတက်တော်မမူပါ။ |
|
| 12 |
|
| ရန်သူ့လက်မှလွတ်ရန် အကျွန်ုပ်တို့ကိုကူညီမစတော်မူပါ။ အကြောင်းမူကား လူပေးသောကယ်တင်ခြင်းသည် အချည်းနှီးဖြစ်ပါ၏။ |
|
| 13 |
|
| ငါတို့သည် ဘုရားသခင်အားဖြင့် ရဲရင့်စွာပြုကြမည်။ ကိုယ်တော်သည် ငါတို့အားရန်ဖက်ပြုသောသူများကို နင်းချေတော်မူလိမ့်မည်။ |
|
|
|
|