×

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း

ဆာလံကျမ်း ၁၄၅

1
အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​၏​ရှင်ဘုရင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​ချီးမြှောက်​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို ကာလ​အစဉ်အဆက်​ကောင်းချီးထောမနာ​ပြု​ပါ​မည်​။
2
အကျွန်ုပ်​သည် ကိုယ်တော်​ကို နေ့စဉ်နေ့တိုင်း​ကောင်းချီးထောမနာ​ပြု​၍ ကိုယ်တော်​၏​နာမ​တော်​ကို ကာလ​အစဉ်အဆက် ချီးမွမ်း​ပါ​မည်​။
3
ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၍ အလွန်​ချီးမွမ်းဖွယ်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​ကြီးမြတ်​တော်မူ​ခြင်း​ကို စူးစမ်း​၍​မ​ကုန်​နိုင်​။
4
မျိုးဆက်​တစ်​ဆက်​သည် နောက်​မျိုးဆက်​တစ်​ဆက်​အား ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို ထောမနာပြု​ပြောဆို​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​များ အကြောင်း​ကို​လည်း ပြောကြား​ပါ​လိမ့်မည်​။
5
အကျွန်ုပ်​သည် ကိုယ်တော်​၏ ဘုန်းကျက်သရေ​နှင့်​ဆိုင်​သည့် ဘုန်းအသရေ​ခန့်ညားထည်ဝါမှု​ကို​လည်းကောင်း​၊ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို​လည်းကောင်း ဆင်ခြင်အောက်မေ့​ပါ​မည်​။
6
သူ​တို့​သည် ကိုယ်တော်​၏​အံ့ဩ​ဖွယ်​ကောင်း​သော တန်ခိုး​တော်​အကြောင်း​ကို ပြောဆို​ကြ​ပါ​လိမ့်မည်​။ အကျွန်ုပ်​သည်​လည်း ကိုယ်တော်​၏ ကြီးမြတ်​တော်မူ​ခြင်း​အကြောင်း​ကို ပြောကြား​ပါ​မည်​။
7
သူ​တို့​သည် ကိုယ်တော်​၏ ကြွယ်ဝ​သော​ကောင်းမြတ်​ခြင်း​နှင့်​ဆိုင်​သည့် အောက်မေ့စရာ​ကို မြွက်ဆို​၍ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အကြောင်း​ကို ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါ​လိမ့်မည်​။
8
ထာဝရဘုရား​သည် ကျေးဇူးပြု​တတ်​သော​သဘော​၊ သနားစုံမက်​တတ်​သော​သဘော​ရှိ​တော်မူ​၏​။ စိတ်ရှည်​၍ မေတ္တာကရုဏာ​ကြီးမား​တော်မူ​၏​။
9
ထာဝရဘုရား​သည် အရာ​ခပ်သိမ်း​တို့​အပေါ် ကောင်းမြတ်​တော်မူ​၏​။ မိမိ​ပြုလုပ်​ဖန်ဆင်း​သော​အရာ​အားလုံး​ကို​လည်း သနားစုံမက်​တော်မူ​၏​။
10
အို ထာဝရဘုရား​၊ ကိုယ်တော်​ပြုလုပ်​ဖန်ဆင်း​သော​အရာ​ရှိသမျှ​တို့​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​သန့်ရှင်း​သူ​အပေါင်း​တို့​သည်​လည်း ကိုယ်တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​ပါ​လိမ့်မည်​။
11
သူ​တို့​သည် ကိုယ်တော့်​နိုင်ငံ​၏ ဘုန်းအသရေ​တော်​အကြောင်း​ကို ပြောဆို​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​အကြောင်း​ကို​လည်း မြွက်ဆို​ကြ​ပါ​လိမ့်မည်​။
12
ဤသို့ဖြင့် ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​များ​နှင့် ကိုယ်တော့်​နိုင်ငံ​၏​ဘုန်းအသရေ​ခန့်ညားထည်ဝါမှု​ကို လူသား​တို့​အား သိမြင်​စေ​ကြ​ပါ​လိမ့်မည်​။
13
ကိုယ်တော်​၏​နိုင်ငံ​သည် ထာဝရ​နိုင်ငံ​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​အုပ်စိုးမှု​သည်​လည်း မျိုးဆက်​အစဉ်အဆက်​တည်​ပါ​၏​။
14
ထာဝရဘုရား​သည် လဲကျ​သော​သူ​ရှိသမျှ​တို့​ကို ထောက်မ​၍ ကိုင်းညွတ်​နိမ့်ကျ​နေ​သော​သူ​အပေါင်း​တို့​ကို ထူမ​တော်မူ​၏​။
15
လူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို မျှော်ကြည့်​ကြ​ပါ​၏​။ ကိုယ်တော်​သည်​လည်း အချိန်တန်​လျှင် သူ​တို့​အား အစားအစာ​ကို ပေး​တော်မူ​ပါ​၏​။
16
လက်​တော်​ကို​ဖွင့်​၍ သက်ရှိ​သတ္တဝါ​အပေါင်း​တို့​၏ အလို​ကို ပြည့်စုံကြွယ်ဝ​စေ​တော်မူ​၏​။
17
ထာဝရဘုရား​သည် မိမိ​၏​လမ်း​တော်​ရှိသမျှ​တို့​၌ ဖြောင့်မတ်​၍ မိမိ​ပြု​တော်မူ​သော​အမှု​ရှိသမျှ​တို့​၌ သစ္စာရှိ​တော်မူ​၏​။
18
ထာဝရဘုရား​သည် မိမိ​ကို​ခေါ်​သော​သူ​အားလုံး​၊ သမ္မာတရား​နှင့်အညီ မိမိ​ကို​ခေါ်​သော​သူ​အားလုံး​၏ အနီး​တွင်​ရှိ​တော်မူ​၏​။
19
ကိုယ်တော်​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​၏ အလို​ကို ပြည့်စုံ​စေ​တော်မူ​၏​။ သူ​တို့​၏​အော်ဟစ်သံ​ကို​လည်း​ကြား​၍ သူ​တို့​ကို ကယ်တင်​တော်မူ​၏​။
20
ထာဝရဘုရား​သည် မိမိ​ကို​ချစ်​သော​သူ​အပေါင်း​တို့​ကို စောင့်ရှောက်​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​အပေါင်း​တို့​ကို​ကား ဖျက်ဆီး​တော်မူ​လိမ့်မည်​။
21
ငါ​၏​နှုတ်​သည် ထာဝရဘုရား​၏ ဂုဏ်ကျေးဇူး​တော်​ကို​မြွက်ဆို​မည်​။ သတ္တဝါ​အပေါင်း​တို့​သည် ကိုယ်တော်​၏ သန့်ရှင်း​သော​နာမ​တော်​ကို ကာလ​အစဉ်အဆက် ကောင်းချီးထောမနာ​ပြု​ကြ​ပါစေ​။
Burmese Bible MSBU
MYANMAR STANDARD BIBLE 2012, 2014, 2017, 2021 by Global Bible Initiative
:
မှတ်စုများကိုသိမ်းဆည်းပါ