×

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း

ဆာလံကျမ်း ၁၈

1
အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စွမ်းပကား​ဖြစ်​တော်မူ​သော​ကိုယ်တော်​ကို အကျွန်ုပ်​မြတ်နိုး​ပါ​၏​။
2
ထာဝရဘုရား​သည် ငါ​၏​ကျောက်​၊ ငါ​၏​ရဲတိုက်​၊ ငါ့​ကို​ကယ်တင်​တော်မူ​သော​အရှင်​၊ ငါ​၏​ဘုရား​၊ ငါ​ခိုလှုံ​ရာ​ကျောက်ဆောင်​၊ ငါ​၏​ဒိုင်းလွှား​၊ ငါ​၏​ကယ်တင်​ခြင်း​ဦးချို​နှင့် ငါ​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။
3
ချီးမွမ်းထိုက်​သော​ထာဝရဘုရား​ကို ငါ​ခေါ်​သောအခါ ငါ့​ရန်သူ​တို့​၏​လက်​မှ ငါ့​ကို​ကယ်တင်​တော်မူ​၏​။
4
သေ​ခြင်း​၏​ကြိုး​တို့​သည် ငါ့​ကို​ရစ်ပတ်​ထား​ပြီး ဖျက်ဆီး​ခြင်း​ရေအဟုန်​တို့​သည် ငါ့​ကို​ခြောက်လှန့်​နေ​ပါ​၏​။
5
မရဏာ​ကြိုး​တို့​သည် ငါ့​ကို ပတ်စည်း​ထား​ပြီး သေမင်း​ထောင်ချောက်​များ​လည်း ငါ့​ကို ဆီးကြို​နေ​ပါ​၏​။
6
ဆင်းရဲဒုက္ခ​ရောက်​စဉ် ငါ​သည် ထာဝရဘုရား​ကို ခေါ်​ပါ​၏​။ ငါ​၏​ဘုရားသခင်​ကို အကူအညီ​အော်ဟစ်​တောင်းခံ​ပါ​၏​။ ကိုယ်တော်​သည် ငါ​၏​အသံ​ကို ဗိမာန်တော်​ထဲမှ ကြား​တော်မူ​ပါ​၏​။ ငါ​၏​အော်ဟစ်သံ​သည်​လည်း ကိုယ်တော်​၏​ရှေ့​တော်​၊ ကိုယ်တော်​၏​နား​တော်​သို့​ရောက်​ပါ​၏​။
7
ထိုအခါ ကိုယ်တော်​သည် အမျက်ထွက်​တော်မူ​သောကြောင့် မြေကြီး​သည် ယိမ်းထိုး​လှုပ်ခါ​၏​။ တောင်​များ​၏​အခြေအမြစ်​တို့​သည်​လည်း ယိမ်းထိုး​ခါယမ်း​ကြ​၏​။
8
ကိုယ်တော်​၏​နှာခေါင်း​တော်​ထဲမှ မီးခိုး​ထွက်​၍ ခံတွင်း​တော်​ထဲမှ မီးတောက်​ထွက်လာ​၏​။ ထို​မီးတောက်​ကြောင့် မီးခဲ​တို့​သည် တောက်လောင်​ကြ​၏​။
9
ကိုယ်တော်​သည် မိုးကောင်းကင်​ကို ညွတ်​စေ​၍ ကြွဆင်း​တော်မူ​၏​။ အမှောင်ထု​သည် ခြေ​တော်​အောက်​၌​ရှိ​၏​။
10
ကိုယ်တော်​သည် ခေရုဗိမ် ​ကို​စီး​၍ ပျံသန်း​တော်မူ​၏​။ လေ​အတောင်ပံ​များ​အားဖြင့် ထိုးဆင်း​တော်မူ​၏​။
11
ကိုယ်တော်​သည် အမှောင်​ကို မိမိ​၏​လျှို့ဝှက်​သော​နေရာ​ဖြစ်​စေ​တော်မူ​၏​။ မိုး​ရေ​ဖွဲ့​ထား​သော​တိမ်တိုက်ထု​ကြီး​၏​အမှောင်ထု​သည် ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​သော အခြံအရံ​ဖြစ်​၏​။
12
ရှေ့​တော်​ရှိ​ရောင်ခြည်​တော်​ကြောင့် မိုးသီး​နှင့်​တောက်လောင်​သော​မီးခဲ​များ​သည် ကိုယ်တော်​၏​တိမ်တိုက်​များ​ကို ဖြတ်ကျော်​၍​ထွက်လာ​ကြ​၏​။
13
ထာဝရဘုရား​သည် ကောင်းကင်​၌ ခြိမ်းသံ​ကို​ပေး​တော်မူ​၏​။ အမြင့်ဆုံး​သော​အရှင်​သည် မိမိ​အသံ​ကို မိုးသီး​နှင့်​တောက်လောင်​သော​မီးခဲ​များ​နှင့်တကွ လွှင့်​တော်မူ​၏​။
14
မြား​တို့​ကို ပစ်လွှတ်​၍ ရန်သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​၏​။ လျှပ်စီးလက်​စေ​၍ သူ​တို့​ကို ကစဥ့်ကလျား​ဖြစ်စေ​တော်မူ​၏​။
15
အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ဆုံးမ​ခြင်း​နှင့် နှာခေါင်း​တော်​ထဲမှ ရှူထုတ်​သော​လေ​ကြောင့် ပင်လယ်​ကြမ်းပြင်​များ ပေါ်လာ​၍ ကမ္ဘာကြီး​၏​အောက်ခြေ​တို့​သည် ဟင်းလင်းပြင်​ဖြစ်​လေ​၏​။
16
ကိုယ်တော်​သည် အထက်အရပ်​မှ​လှမ်း​၍ ငါ့​ကို​ဆွဲကိုင်​တော်မူ​၏​။ ရေထု​ထဲမှ ငါ့​ကို​ဆယ်ယူ​တော်မူ​၏​။
17
ငါ​မ​ပြိုင်​နိုင်​လောက်အောင် ခွန်အား​ကြီးမား​သော ငါ့​ရန်သူ​၏​လက်​မှ​လည်းကောင်း​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း ငါ့​ကို​ကယ်နုတ်​တော်မူ​၏​။
18
ငါ​ဘေးဒုက္ခ​ရောက်​ချိန်​တွင် သူ​တို့​သည် ငါ့​ကို တိုက်ခိုက်​ကြ​သော်လည်း ထာဝရဘုရား​သည် ငါ့​ကို ထောက်မ​တော်မူ​၏​။
19
ကိုယ်တော်​သည် ငါ့​ကို ကျယ်ဝန်း​သော​အရပ်​သို့ ပို့ဆောင်​တော်မူ​၏​။ ငါ့​ကို​နှစ်သက်​တော်မူ​သောကြောင့် ငါ့​ကို​ကယ်မ​တော်မူ​၏​။
20
ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ ငါ့​ကို ကျေးဇူးပြု​တော်မူ​၏​။ ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို ချီးမြှောက်​တော်မူ​၏​။
21
အကြောင်းမူကား ငါ​သည် ထာဝရဘုရား​၏​လမ်း​တို့​ကို စောင့်ထိန်း​၏​။ ဆိုးယုတ်​သော​အမှု​ကို မ​ပြု​ပါ​။ ငါ​၏​ဘုရားသခင်​ထံမှ ကျောခိုင်း​မ​သွား​ပါ​။
22
အကယ်စင်စစ် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို ငါ​မျက်မှောက်​ပြု​ပါ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​မှ ငါ​လွှဲရှောင်​မ​သွား​ပါ​။
23
ငါ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ အပြစ်တင်စရာမရှိ​အောင်​နေ​၍ ဒုစရိုက်​မ​ပြု​မိ​အောင် ကိုယ့်ကိုယ်ကို စောင့်ထိန်း​ပါ​၏​။
24
ထို့ကြောင့် ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ​၊ ကိုယ်တော်​၏​မျက်မှောက်​တော်​၌ ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို​ချီးမြှောက်​တော်မူ​၏​။
25
ကိုယ်တော်​သည် မေတ္တာကရုဏာ​ရှိ​သော​သူ​အား မိမိ​မေတ္တာကရုဏာ​ရှိ​ကြောင်း​ကို ပြ​တော်မူ​၏​။ အပြစ်ကင်း​သော​သူ​အား မိမိ​အပြစ်ကင်း​ကြောင်း​ကို ပြ​တော်မူ​၏​။
26
သန့်ရှင်း​သော​သူ​အား မိမိ​သန့်ရှင်း​ကြောင်း​ကို ပြ​တော်မူ​၏​။ ကောက်ကျစ်​သော​သူ​အား မိမိ​ဉာဏ်များ​ကြောင်း​ကို ပြ​တော်မူ​၏​။
27
အကြောင်းမူကား ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​လူမျိုး​ကို ကယ်တင်​တော်မူ​၏​။ ထောင်လွှား​သော​မျက်နှာ​ကို​ကား နိမ့်ကျ​စေ​တော်မူ​၏​။
28
ကိုယ်တော်​သည် အကျွန်ုပ်​၏​မီးခွက်​ကို ထွန်းလင်း​စေ​တော်မူ​၏​။ အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​သည် အကျွန်ုပ်​၏​မှောင်မိုက်​ကို လင်း​စေ​တော်မူ​၏​။
29
အကယ်စင်စစ် အကျွန်ုပ်​သည် ကိုယ်တော်​အားဖြင့် တပ်​တစ်တပ်လုံး​ကို ဝင်ရောက်စီးနင်း​နိုင်​ပါ​၏​။ အကျွန်ုပ်​၏​ဘုရားသခင်​အားဖြင့် တံတိုင်း​ကို​လည်း ကျော်​နိုင်​ပါ​၏​။
30
ဘုရားသခင်​၏​လမ်း​သည် ပြည့်ဝစုံလင်​၏​။ ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​သည် ခိုင်လုံ​မှန်ကန်​၏​။ ကိုယ်တော်​သည် အထံ​တော်​၌​ခိုလှုံ​သော​သူ ရှိသမျှ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။
31
အကြောင်းမူကား ထာဝရဘုရား​မှတစ်ပါး မည်သူ​သည် ဘုရားသခင်​ဖြစ်​သနည်း​။ ငါ​တို့​၏​ဘုရားသခင်​မှတစ်ပါး မည်သူ​သည် ကျောက်ဆောင်​ဖြစ်​သနည်း​။
32
ဘုရားသခင်​သည် ငါ့​ကို ခွန်အား​နှင့်​ပတ်စည်း​သော​ဘုရား​ဖြစ်၍ ငါ​၏​လမ်း​ကို ချောမွေ့​စေ​တော်မူ​၏​။
33
ငါ​၏​ခြေ​ကို သမင်​တို့​၏​ခြေ​ကဲ့သို့​ဖြစ်စေ​၍ မြင့်သောနေရာ​တို့​၌ ငါ့​ကို​ရပ်​စေ​တော်မူ​၏​။
34
ငါ​၏​လက်​ကို စစ်ရေး​၌​လေ့ကျက်​စေ​တော်မူ​သဖြင့် ငါ​၏​လက်ရုံး​သည် ကြေးဝါ​လေး​ကို​တင်​နိုင်​၏​။
35
ကိုယ်တော်​သည် ကယ်တင်​ခြင်း​ဒိုင်းလွှား​ကို အကျွန်ုပ်​အား​ပေး​တော်မူ​၏​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အကျွန်ုပ်​ကို​ဖေးမ​၍ ကိုယ်တော်​၏​နူးညံ့သိမ်မွေ့​သော​သဘော​ကြောင့် အကျွန်ုပ်​သည် ကြီးမြတ်​သူ​ဖြစ်လာ​ရ​ပါ​၏​။
36
ကိုယ်တော်​သည် အကျွန်ုပ်​ခြေလှမ်းစရာလမ်း​ကို ကျယ်ပြန့်​စေ​တော်မူ​သောကြောင့် အကျွန်ုပ်​ခြေ​မ​ချော်​ခဲ့​ပါ​။
37
အကျွန်ုပ်​သည် အကျွန်ုပ်​၏​ရန်သူ​များ​ကို​လိုက်​၍​မီ​ပြီး သူ​တို့​ကို​အပြီးသတ်​မ​သုတ်သင်​မီ​တိုင်အောင် နောက်ပြန်​မ​လှည့်​ခဲ့​ပါ​။
38
အကျွန်ုပ်​သည် သူ​တို့​မ​ထ​နိုင်​အောင် ချေမှုန်း​ခဲ့​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​၏​ခြေ​အောက်​တွင် လဲကျ​ခဲ့​ကြ​ပါ​၏​။
39
ကိုယ်တော်​သည် စစ်ပွဲ​အတွက် အကျွန်ုပ်​ကို​ခွန်အား​နှင့်​ပတ်စည်း​၍ အကျွန်ုပ်​ကို​ဆန့်ကျင်​သော​သူ​တို့​အား အကျွန်ုပ်​အောက်​တွင် ညွတ်တွား​စေ​တော်မူ​၏​။
40
အကျွန်ုပ်​ရှေ့​တွင် အကျွန်ုပ်​၏​ရန်သူ​တို့​ကို လည်စင်း​ခံရ​စေ​သဖြင့် အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​အား အကျွန်ုပ်​ဖယ်ရှားသုတ်သင်​နိုင်​ခဲ့​ပါ​၏​။
41
သူ​တို့​အော်ဟစ်​သော်လည်း ကယ်တင်​မည့်​သူ​မ​ရှိ​ပါ​။ ထာဝရဘုရား​ထံ အကူအညီ​အော်ဟစ်​တောင်းခံ​ကြ​သော်လည်း သူ​တို့​ကို ထူး​တော်​မ​မူ​ပါ​။
42
ထိုအခါ အကျွန်ုပ်​သည် သူ​တို့​ကို လေ​ထဲ​လွင့်ပါ​သော​မြေမှုန့်​ကဲ့သို့ ညက်ညက်ချေ​၍ လမ်း​ပေါ်မှ​ရွှံ့​ကဲ့သို့ သူ​တို့​ကို​သွန်ပစ်​ပါ​၏​။
43
ကိုယ်တော်​သည် အကျွန်ုပ်​ကို​တိုက်ခိုက်​သော လူ​တို့​လက်​မှ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​၍ လူမျိုးတကာ​တို့​၏​အကြီးအမှူး ဖြစ်စေ​တော်မူ​၏​။ အကျွန်ုပ်​မ​သိ​ဖူး​သော​လူ​တို့​သည် အကျွန်ုပ်​ကို​အစေခံ​ကြ​ပါ​၏​။
44
သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကို​ကြား​ရ​သည်​နှင့် အကျွန်ုပ်​စကား​ကို​နာခံ​ကြ​ပါ​၏​။ တိုင်းတစ်ပါးသား​တို့​သည် အကျွန်ုပ်​ကို ခယဝပ်တွား​ကြ​ပါ​၏​။
45
တိုင်းတစ်ပါးသား​တို့​သည် လက်မှိုင်ချ​၍ မိမိ​တို့​၏​ခြေကုပ်စခန်း​များ​ထဲမှ တုန်လှုပ်​လျက်​ထွက်လာ​ကြ​ပါ​၏​။
46
ထာဝရဘုရား​သည် အသက်ရှင်​တော်မူ​၏​။ သို့ဖြစ်၍ ငါ​၏​ကျောက်ဆောင်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ငါ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ကို ချီးမြှောက်​ကြ​လော့​။
47
ဘုရားသခင်​သည် ငါ့​အတွက်​လက်တုံ့ပြန်​ပေး​၍ လူမျိုး​တို့​ကို ငါ့​လက်​အောက်​သို့ ရောက်​စေ​တော်မူ​၏​။
48
ငါ​၏​ရန်သူ​တို့​လက်​မှ ငါ့​ကို​လွတ်မြောက်​စေ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​သော သူ​တို့​အပေါ် အကျွန်ုပ်​ကို​ချီးမြှောက်​တော်မူ​ပြီး ရက်စက်ကြမ်းကြုတ်​သော​သူ​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​၏​။
49
ထို့ကြောင့် အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် လူမျိုးတကာ​တို့​အလယ်​၌ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို​သီဆိုချီးမွမ်း​ပါ​မည်​။
50
ကိုယ်တော်​သည် မိမိ​ခန့်ထား​သော​ရှင်ဘုရင်​အား ကြီးမား​သော​အောင်ပွဲ​များ​ကို​ခံ​စေ​ပြီး မိမိ​ဘိသိက်ပေး​ထား​သော​ဒါဝိဒ်​နှင့် သူ​၏​အမျိုးအနွယ်​အား မေတ္တာကရုဏာ​တော်​ကို ကာလ​အစဉ်အဆက်​ပြ​တော်မူ​၏​။
Burmese Bible MSBU
MYANMAR STANDARD BIBLE 2012, 2014, 2017, 2021 by Global Bible Initiative
:
မှတ်စုများကိုသိမ်းဆည်းပါ