|
| 1 |
|
| ကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကိုပြောကြား၍ မိုးမျက်နှာကြက်သည် ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာကိုဖော်ပြ၏။ |
|
| 2 |
|
| ၎င်းတို့သည် တစ်နေ့ပြီးတစ်နေ့ မြွက်ဟပြောဆို၍ တစ်ညပြီးတစ်ညအသိပညာကိုပြသကြ၏။ |
|
| 3 |
|
| နှုတ်မြွက်ခြင်းမရှိ၊ စကားပြောခြင်းလည်းမရှိ။ သူတို့၏အသံကိုလည်းမကြားရ။ |
|
| 4 |
|
| သို့သော် သူတို့၏အသံသည် ကမ္ဘာမြေတစ်ခွင်လုံးသို့ပျံ့နှံ့သွား၍ သူတို့၏စကားသည် ကမ္ဘာလောကအစွန်းတိုင်အောင်ရောက်လေ၏။ ကိုယ်တော်သည် ကောင်းကင်၌ နေအတွက် ဗိမာန်ကိုတည်တော်မူသဖြင့် |
|
| 5 |
|
| နေသည် မိမိအခန်းထဲမှထွက်လာသော သတို့သားကဲ့သို့ဖြစ်ပြီး ပြေးလမ်းတွင်ပြေးတော့မည့် ခွန်အားကြီးသောသူကဲ့သို့ ရွှင်မြူးလျက်ရှိ၏။ |
|
| 6 |
|
| ၎င်းသည် ကောင်းကင်အစွန်းတစ်ဖက်မှထွက်လာ၍ အခြားအစွန်းတစ်ဖက်တိုင်အောင်လှည့်ပတ်သွား၏။ ၎င်း၏အပူအရှိန်မှ ပုန်းရှောင်နိုင်သောအရာ တစ်စုံတစ်ခုမျှမရှိ။ |
|
| 7 |
|
| ထာဝရဘုရား၏တရားတော်သည် ပြည့်ဝစုံလင်၍ စိတ်ဝိညာဉ်ကိုလန်းဆန်းစေ၏။ ထာဝရဘုရား၏သက်သေခံချက်သည် ယုံကြည်စိတ်ချရ၍ အသိပညာနည်းပါးသောသူတို့ကို ပညာရှိစေ၏။ |
|
| 8 |
|
| ထာဝရဘုရား၏ဥပဒေသတို့သည် ဖြောင့်မှန်၍ စိတ်နှလုံးကိုဝမ်းမြောက်စေ၏။ ထာဝရဘုရား၏ပညတ်တော်သည် သန့်ရှင်း၍ မျက်စိကိုအလင်းပေး၏။ |
|
| 9 |
|
| ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် စင်ကြယ်၍ ထာဝရတည်၏။ ထာဝရဘုရား၏စီရင်ထုံးဖွဲ့ချက်တို့သည် မှန်ကန်၍ တညီတညွတ်တည်းဖြောင့်မတ်ကြ၏။ |
|
| 10 |
|
| ၎င်းတို့သည် ရွှေထက်မက များစွာသောရွှေစင်ထက်ပင် နှစ်လိုဖွယ်ဖြစ်ပြီး ပျားရည်ထက်မက ပျားလပို့မှပျားရည်ထက်ပင် ချိုမြိန်၏။ |
|
| 11 |
|
| ၎င်းတို့အားဖြင့် ကိုယ်တော်၏အစေအပါးသည် သတိပေးခြင်းကိုခံရပါ၏။ ၎င်းတို့ကိုစောင့်ထိန်းခြင်းအကျိုးသည် ကြီးမားလှပါ၏။ |
|
| 12 |
|
| မည်သူသည် မိမိ၏အမှားများကို သိနားလည်နိုင်ပါသနည်း။ ကွယ်ဝှက်နေသောအပြစ်များနှင့် အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါ။ |
|
| 13 |
|
| ကိုယ်တော်၏အစေအပါးကို တမင်ကျူးလွန်သောအပြစ်များနှင့်လည်း ကင်းဝေးစေတော်မူပါ။ ထိုအပြစ်များသည် အကျွန်ုပ်ကိုမစိုးမိုးပါစေနှင့်။ သို့မှသာ အကျွန်ုပ်သည် အပြစ်ကင်း၍ ကြီးမားသောအပြစ်ကျူးလွန်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။ |
|
| 14 |
|
| အကျွန်ုပ်၏ကျောက်ဆောင်၊ အကျွန်ုပ်ကိုရွေးနုတ်တော်မူသောအရှင် အို ထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ထွက်စကားများနှင့် အကျွန်ုပ်စိတ်နှလုံး၏အတွေးအကြံသည် ရှေ့တော်၌နှစ်သက်ဖွယ်ဖြစ်ပါစေသော။ |
|
|
|
|