×

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း

ဆာလံကျမ်း ၂၁

1
အို ထာဝရဘုရား​၊ ဘုရင်မင်းကြီး​သည် ကိုယ်တော်​၏​အစွမ်းသတ္တိ​၌ ဝမ်းမြောက်​၍ ကိုယ်တော်​၏​ကယ်တင်​ခြင်း​၌ အလွန်​ရွှင်လန်း​ပါ​၏​။
2
ကိုယ်တော်​သည် သူ​၏​စိတ်နှလုံး​အလိုဆန္ဒ​ကို ဖြည့်ဆည်း​ပေး​၍ သူ့​နှုတ်​တောင်းဆို​သော​အရာ​ကို ငြင်းပယ်​တော်​မ​မူ​ပါ​။
3
အကြောင်းမူကား ကိုယ်တော်​သည် ကြွယ်ဝ​သော​ကောင်းချီးမင်္ဂလာ​များ​ဖြင့် သူ့​ကို​ကြိုဆို​လျက် သူ​၏​ဦးခေါင်း​ပေါ်တွင် ရွှေစင်​သရဖူ​ကို​တင်​တော်မူ​၏​။
4
သူ​သည် ကိုယ်တော့်​ထံမှ အသက်ရှင်​ခြင်း​ကို​တောင်းလျှောက်​ရာ ကိုယ်တော်​သည် ကာလအစဉ်​အသက်တာ​ရှည်​ခြင်း​ကို သူ့​အား​ပေး​တော်မူ​၏​။
5
ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကြောင့် သူ​၏​ဘုန်းအသရေ​သည် ကြီးမား​လှ​ပါ​၏​။ ကိုယ်တော်​သည် ဘုန်းကျက်သရေ​နှင့် ဘုန်းအာနုဘော်​ကို သူ့​အား​အပ်နှင်း​တော်မူ​၏​။
6
ကိုယ်တော်​သည် သူ့​အား ကောင်းချီးမင်္ဂလာ​များ​ကို ထာဝစဉ်​ချပေး​၍ ရှေ့​တော်​မှ​ဝမ်းမြောက်​ခြင်း​ဖြင့် သူ့​ကို​ဝမ်းသာအားရ​ဖြစ်​စေ​တော်မူ​၏​။
7
အကြောင်းမူကား ဘုရင်မင်းကြီး​သည် ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​၍ အမြင့်ဆုံး​သော​အရှင်​၏​မေတ္တာကရုဏာ​တော်​ကို ခံစား​ရ​သဖြင့် သူ​သည် တုန်လှုပ်​မည်​မ​ဟုတ်​။
8
ကိုယ်တော်​၏​လက်​တော်​သည် ကိုယ်တော်​၏​ရန်သူ​ရှိသမျှ​တို့​အပေါ် ကျရောက်​လိမ့်မည်​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ကိုယ်တော့်​ကို​မုန်း​သော​သူ​တို့​အပေါ် ကျရောက်​လိမ့်မည်​။
9
ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သော​အချိန်​၌ ကိုယ်တော်​သည် သူ​တို့​ကို တောက်လောင်​နေ​သော​မီးပြင်းဖို​ကဲ့သို့ ဖြစ်​စေ​တော်မူ​လိမ့်မည်​။ ထာဝရဘုရား​သည် အမျက်​တော်​ဖြင့် သူ​တို့​ကို​ဝါးမျို​လိမ့်မည်​။ မီး​သည် သူ​တို့​ကို​လောင်ကျွမ်း​လိမ့်မည်​။
10
ကိုယ်တော်​သည် သူ​တို့​ထံမှ​ပေါက်ဖွား​လာ​သော သူ​တို့​ကို ကမ္ဘာမြေ​ပေါ်မှ​လည်းကောင်း​၊ သူ​တို့​၏​သားစဉ်မြေးဆက်​တို့​ကို လူသား​တို့​ထဲမှ​လည်းကောင်း ဖျက်ဆီး​တော်မူ​လိမ့်မည်​။
11
သူ​တို့​သည် ကိုယ်တော့်​အပေါ် မကောင်း​ကြံ​၍ ကောက်ကျစ်​သော​အကြံအစည်​ကို ကြံစည်​ကြ​သော်လည်း အောင်မြင်​ကြ​လိမ့်မည်​မ​ဟုတ်​။
12
အကြောင်းမူကား ကိုယ်တော်​သည် ကိုယ်တော်​၏​လေးကြိုး​ကို​တင်​လျက် သူ​တို့​၏​မျက်နှာ​ကို​ချိန်​ထား​၍ သူ​တို့​ကို​နောက်​လှည့်ပြေး​စေ​တော်မူ​လိမ့်မည်​။
13
အို ထာဝရဘုရား​၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​အားဖြင့် ချီးမြှောက်​ခြင်း​ရှိ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏ အစွမ်းတန်ခိုး​တော်​အကြောင်း​ကို​သီကျူး​လျက် သီဆိုချီးမွမ်း​ကြ​ပါ​မည်​။
Burmese Bible MSBU
MYANMAR STANDARD BIBLE 2012, 2014, 2017, 2021 by Global Bible Initiative
:
မှတ်စုများကိုသိမ်းဆည်းပါ