|
| 1 |
|
| အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာများကိုဖော်ပြပါမည်။ |
|
| 2 |
|
| ကိုယ်တော်ရှင်ကိုအမှီပြု၍ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားထောမနာသီချင်းဆိုပါမည်။ |
|
| 3 |
|
| ကိုယ်တော်ရှင်ကြွလာတော်မူသောအခါ၊ ကျွန်တော်မျိုး၏ရန်သူများသည်ဆုတ်ခွာ ထွက်ပြေးကြပါ၏။ သူတို့သည်လဲကျသေဆုံးကြပါ၏။ |
|
| 4 |
|
| ကိုယ်တော်ရှင်သည်ပလ္လင်တော်ပေါ်တွင်စံတော်မူ၍ ဖြောင့်မှန်စွာတရားစီရင်တော်မူ၏။ ကျွန်တော်မျိုး၏အကျိုးကိုထောက်လျက် တရားစီရင်တော်မူပါပြီ။ |
|
| 5 |
|
| ကိုယ်တော်ရှင်သည်ဘုရားမဲ့သူတို့အား အပြစ်ဒဏ်စီရင်တော်မူပြီ။ သူယုတ်မာတို့အားဖျက်ဆီးပစ်တော်မူသဖြင့် သူတို့၏အမျိုးသည်တိမ်ကောသွားလိမ့်မည်။ |
|
| 6 |
|
| ကျွန်တော်မျိုးတို့၏ရန်သူများသည်ထာဝစဉ် အရေးရှုံးနိမ့်ကြလေပြီ၊ ကိုယ်တော်ရှင်သည်သူတို့၏မြို့ကြီးများကို ဖြိုဖျက်တော်မူသဖြင့် ယင်းတို့အားမေ့လျော့လျက်လုံးဝ ကွယ်ပျောက်သွားလေပြီ။ |
|
| 7 |
|
| သို့ရာတွင်ထာဝရဘုရားမူကားထာဝရ ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည်တရားစီရင်ရန်ပလ္လင်တော်ကို တည်တော်မူလေပြီ။ |
|
| 8 |
|
| လောကကိုတရားသဖြင့်အုပ်စိုးတော်မူ၍ လူမျိုးအပေါင်းတို့အားဖြောင့်မှန်စွာ တရားစီရင်တော်မူ၏။ |
|
| 9 |
|
| ထာဝရဘုရားသည်ဖိစီးနှိပ်စက်ခြင်း ခံရသူတို့၏ခိုလှုံရာ၊ ဆင်းရဲဒုက္ခရောက်ချိန်များ၌ဘေးလွတ်လုံခြုံရာ ဖြစ်တော်မူ၏။ |
|
| 10 |
|
| အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့သည် ကိုယ်တော်ရှင်အားယုံကြည်ကိုးစားကြပါ လိမ့်မည်။ ကိုယ်တော်ရှင်သည်အထံတော်သို့ချဉ်းကပ်သူ မှန်သမျှကိုစွန့်ပစ်တော်မမူပါ။ |
|
| 11 |
|
| ဇိအုန်မြို့တော်တွင်စိုးစံတော်မူသော ထာဝရဘုရားကိုထောမနာသီချင်းဆို ကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုအရာများကို လူမျိုးတကာတို့အားဖော်ပြကြလော့။ |
|
| 12 |
|
| ထာဝရဘုရားသည်ဒုက္ခရောက်သောသူတို့ကို သတိရတော်မူ၏။ သူတို့၏အော်ဟစ်သံကိုမေ့တော်မမူ။ သူတို့အားမတရားပြုသောသူတို့ကို အပြစ်ဒဏ်ခတ်တော်မူ၏။ |
|
| 13 |
|
| အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသနားတော်မူပါ။ ရန်သူများကြောင့်ကျွန်တော်မျိုးအဘယ်မျှ ဆင်းရဲ ဒုက္ခခံရကြောင်းကိုရှုမှတ်တော်မူပါ။ အို ထာဝရဘုရား ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော် မူပါ။ |
|
| 14 |
|
| သို့မှသာလျှင်ကျွန်တော်မျိုးသည် ယေရုရှလင်မြို့သားတို့၏ရှေ့တွင်ရပ်လျက် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ဖော်ပြနိုင်ပါလိမ့်မည်။ ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးတော် ကြောင့် ကျွန်တော်မျိုးရွှင်လန်းဝမ်းမြောက်ပါမည်။ |
|
| 15 |
|
| ဘုရားမဲ့သူတို့သည်မိမိတို့တူးသောကျင်း ထဲသို့ ပြန်၍ကျကြလေပြီ။ မိမိတို့ထောင်ထားသောကျော့ကွင်းတွင်း၌ ပင်လျှင် ပြန်၍မိကြလေပြီ။ |
|
| 16 |
|
| ထာဝရဘုရားသည်ဖြောင့်မှန်စွာ တရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။ သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။ |
|
| 17 |
|
| ထာဝရဘုရားကိုပစ်ပယ်သူအပေါင်းနှင့် သူယုတ်မာတို့သည်သေခြင်းတွင် လမ်းဆုံးရကြလိမ့်မည်။ |
|
| 18 |
|
| ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲမေ့လျော့တော်မူလိမ့်မည်မဟုတ်။ ဆင်းရဲသောသူတို့သည်လည်းထာဝစဉ် မျှော်လင့်ရာမဲ့ဖြစ်ရကြလိမ့်မည်မဟုတ်။ |
|
| 19 |
|
| အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ ကိုယ်တော်ရှင်အားလူတို့အာခံရန် ခွင့်ပြုတော်မမူပါနှင့်။ ဘုရားမဲ့သူတို့အားရှေ့တော်သို့ခေါ်ဆောင်၍ တရားစီရင်တော်မူပါ။ |
|
| 20 |
|
| အို ထာဝရဘုရား၊ သူတို့အားကြောက်လန့်စေတော်မူပါ။ မိမိတို့သည်လူမျှသာဖြစ်ကြောင်းကို သိစေတော်မူပါ။ |
|
|
|
|