|
| 1 |
|
| တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်နှင့်အတူ အာရုန်၊ နာဒပ်၊ အဘိဟုနှင့် အစ္စရေးသက်ကြီးဝါကြီးတို့ထဲမှ အယောက်ခုနစ်ဆယ်တို့သည် ထာဝရဘုရားထံတော်သို့ တက်လာ၍ အဝေးမှ ရှိခိုးကိုးကွယ်ကြစေ။ |
|
| 2 |
|
| မောရှေတစ်ဦးတည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသူတို့မူကား မချဉ်းကပ်ရ။ လူထုတို့သည် မောရှေနှင့်အတူ မတက်လာရ”ဟု မိန့်တော်မူ၏။ |
|
| 3 |
|
| ထို့နောက် မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကိုလည်းကောင်း၊ ပညတ်တော်မူချက်အလုံးစုံတို့ကိုလည်းကောင်း လူတို့အား လာ၍ပြောကြား၏။ လူအပေါင်းတို့ကလည်း “ထာဝရဘုရားမိန့်တော်မူသမျှစကားအတိုင်း အကျွန်ုပ်တို့ပြုပါမည်”ဟု တစ်သံတည်းပြန်ပြောကြ၏။ |
|
| 4 |
|
| မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးသားထားပြီးလျှင် နံနက်စောစောထ၍ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကိုလည်းကောင်း၊ အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်အတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။ |
|
| 5 |
|
| ထို့နောက် အစ္စရေးအမျိုးသားလူငယ်တို့ကိုစေလွှတ်သဖြင့် သူတို့သည် ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကိုပူဇော်၍ နွားထီးများကို မိတ်သဟာယယဇ်အဖြစ် ယဇ်ပူဇော်ကြလေ၏။ |
|
| 6 |
|
| မောရှေသည် သွေးတစ်ဝက်ကိုယူ၍ အင်တုံများထဲသို့ထည့်ပြီး သွေးတစ်ဝက်ကိုကား ယဇ်ပလ္လင်ပေါ်သို့ ဖျန်းလေ၏။ |
|
| 7 |
|
| ထို့နောက် ပဋိညာဉ်ကျမ်းကိုယူ၍ လူတို့ရှေ့၌ဖတ်ကြားလေ၏။ လူတို့ကလည်း “ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့ပြုပါမည်။ နားထောင်ပါမည်”ဟု ဆိုကြ၏။ |
|
| 8 |
|
| မောရှေသည် သွေးကိုယူ၍ လူတို့အပေါ်သို့ဖျန်းလျက် “ကြည့်လော့။ ဤသွေးကား ဤစကားတော်အလုံးစုံတို့နှင့်အညီ သင်တို့နှင့်ထာဝရဘုရားဖွဲ့တော်မူသော ပဋိညာဉ်သွေးဖြစ်၏”ဟု ဆိုလေ၏။ |
|
| 9 |
|
| ထို့နောက် မောရှေနှင့်အတူ အာရုန်၊ နာဒပ်၊ အဘိဟုနှင့် အစ္စရေးလူမျိုးသက်ကြီးဝါကြီးတို့ထဲမှ အယောက်ခုနစ်ဆယ်တို့သည် တက်သွား၍ |
|
| 10 |
|
| အစ္စရေးလူမျိုး၏ဘုရားသခင်ကို ဖူးမြင်ကြ၏။ ခြေတော်အောက်၌ ကောင်းကင်ကဲ့သို့ကြည်လင်သော နီလာကျောက် ခင်းထားသကဲ့သို့ဖြစ်၏။ |
|
| 11 |
|
| ဘုရားသခင်သည် အစ္စရေးအမျိုးသားခေါင်းဆောင်တို့ကို ဒဏ်ခတ် တော်မမူ။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုဖူးမြင်ကြ၏။ စားလျက်၊ သောက်လျက်နေကြ၏။ |
|
| 12 |
|
| ထို့နောက် ထာဝရဘုရားက မောရှေအား “ငါရှိရာ တောင်ပေါ်သို့တက်လာ၍ ထိုနေရာ၌နေလော့။ လူတို့ကို သွန်သင်ရန် ငါအက္ခရာတင်ထားသည့် တရားတော်၊ ပညတ်တော်ပါရှိသောကျောက်ပြားတို့ကို သင့်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ |
|
| 13 |
|
| ထိုအခါ မောရှေသည် မိမိလက်ထောက်ယောရှုနှင့်အတူထသွား၏။ မောရှေသည် ဘုရားသခင်၏တောင်တော်ပေါ်သို့တက်သွား၏။ |
|
| 14 |
|
| မောရှေက သက်ကြီးဝါကြီးတို့အား “သင်တို့ထံသို့ ငါတို့ပြန်လာသည့်တိုင်အောင် ဤနေရာ၌ ငါတို့ကိုစောင့်နေကြလော့။ ကြည့်လော့။ အာရုန်နှင့်ဟုရတို့သည် သင်တို့နှင့်အတူရှိသည်ဖြစ်၍ မည်သူမဆို အမှုအခင်းရှိလျှင် သူတို့ထံသို့သွားစေ”ဟု မှာကြားခဲ့၏။ |
|
| 15 |
|
| မောရှေသည် တောင်ပေါ်သို့တက်သွားသောအခါ တိမ်တိုက်သည် တောင်ကိုဖုံးလွှမ်းလေ၏။ |
|
| 16 |
|
| ထာဝရဘုရား၏ဘုန်းအသရေတော်သည် သိနာတောင်ပေါ်၌တည်၍ တိမ်တိုက်သည် ခြောက်ရက်ပတ်လုံး တောင်ကိုဖုံးလွှမ်းလေ၏။ သတ္တမနေ့၌ ထာဝရဘုရားသည် မောရှေအား တိမ်တိုက်ထဲမှ ခေါ်တော်မူ၏။ |
|
| 17 |
|
| ထာဝရဘုရား၏ဘုန်းအသရေတော်သည် အစ္စရေးအမျိုးသားတို့မျက်မှောက်တွင် တောင်ထိပ်ပေါ်၌လောင်ကျွမ်းနေသောမီးကဲ့သို့ ထင်ရှား၏။ |
|
| 18 |
|
| မောရှေသည် တိမ်တိုက်ထဲသို့ဝင်၍ တောင်ပေါ်သို့တက်သွားပြီးလျှင် ထိုတောင်ပေါ်၌ ရက်ပေါင်းလေးဆယ်နေလေ၏။ |
|
|
|
|