|
| 1 |
|
| မောရှေသည် မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော၏သိုးဆိတ်တို့ကို ထိန်းကျောင်းနေစဉ် သူသည် သိုးဆိတ်တို့ကို တောကန္တာရအနောက်ဘက်သို့နှင်သွားရာ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ ရောက်လေ၏။ |
|
| 2 |
|
| ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် မောရှေအား ချုံပုတ်အလယ် မီးလျှံထဲမှ ကိုယ်ထင်ရှားပြလေ၏။ မောရှေကြည့်လိုက်သောအခါ ချုံပုတ်သည် မီးတောက်လောင်နေသော်လည်း ကျွမ်းသွားခြင်းမရှိသည်ကို မြင်လျှင် |
|
| 3 |
|
| မောရှေက “အဘယ်ကြောင့် ချုံပုတ်ကျွမ်းသွားခြင်းမရှိသနည်း။ ဤထူးဆန်းသောအရာကို ငါသွားကြည့်မည်”ဟု ဆို၏။ |
|
| 4 |
|
| ချုံပုတ်ကိုကြည့်ရန် မောရှေသွားသည်ကို ထာဝရဘုရားမြင်တော်မူ၏။ ဘုရားသခင်က “မောရှေ၊ မောရှေ”ဟု ချုံပုတ်ထဲမှခေါ်လျှင် မောရှေက “အကျွန်ုပ်ရှိပါသည်”ဟု ထူးလေ၏။ |
|
| 5 |
|
| ဘုရားသခင်က “ဤနေရာသို့မချဉ်းကပ်နှင့်။ သင်ရပ်နေသောနေရာသည် သန့်ရှင်းသောမြေဖြစ်၍ သင်၏ခြေမှဖိနပ်ကိုချွတ်လော့” ဟု မိန့်တော်မူ၏။ |
|
| 6 |
|
| တစ်ဖန် ဘုရားသခင်က “ငါသည် သင့်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏” ဟု မိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့် မိမိမျက်နှာကို ဖုံးကွယ်ထားလေ၏။ |
|
| 7 |
|
| ထာဝရဘုရားက “အီဂျစ်ပြည်၌ရှိသောငါ့လူမျိုးတော်ခံရသည့် ဖိစီးနှိပ်စက်မှုကို အမှန်တကယ် ငါမြင်ပြီ။ အဓမ္မစေခိုင်းသူများကြောင့် သူတို့၏အော်ဟစ်ငိုကြွေးသံကိုလည်း ငါကြားပြီ။ အကယ်စင်စစ် သူတို့၏ဒုက္ခဝေဒနာများကို ငါသိပြီ။ |
|
| 8 |
|
| ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။ |
|
| 9 |
|
| ယခု အစ္စရေးအမျိုးသားတို့၏အော်ဟစ်ငိုကြွေးသံသည် ငါ့ထံသို့ရောက်၍ သူတို့အား အီဂျစ်လူမျိုးတို့ဖိနှိပ်ညှဉ်းဆဲကြသည်ကိုလည်း ငါမြင်ပြီ။ |
|
| 10 |
|
| ထို့ကြောင့် သင့်ကို ဖာရောမင်းကြီးထံသို့ ငါစေလွှတ်၏။ သင်သွား၍ ငါ၏လူမျိုးတော် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လော့”ဟု မိန့်တော်မူ၏။ |
|
| 11 |
|
| သို့သော် မောရှေက ဘုရားသခင်အား “အကျွန်ုပ်သည် မည်သို့သောသူဖြစ်၍ ဖာရောမင်းကြီးထံသွားပြီး အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာရမည်နည်း”ဟု လျှောက်လေ၏။ |
|
| 12 |
|
| ဘုရားသခင်က “အကယ်စင်စစ် သင်နှင့်အတူငါရှိမည်။ သင်သည် အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာပြီးလျှင် ဤတောင်ပေါ်၌ သင်တို့သည် ဘုရားသခင်ကို ဝတ်ပြုရကြလိမ့်မည်။ ဤသည်ကား သင့်ကို ငါစေလွှတ်ကြောင်း လက္ခဏာသက်သေဖြစ်သည်”ဟု မိန့်တော်မူ၏။ |
|
| 13 |
|
| ထိုအခါ မောရှေက ဘုရားသခင်အား “အကျွန်ုပ်သည် အစ္စရေးအမျိုးသားတို့ထံသို့သွား၍ ‘သင်တို့ဘိုးဘေးတို့၏ဘုရားသခင်သည် ငါ့ကို သင်တို့ထံသို့စေလွှတ်တော်မူ၏’ဟု ဆို၍ သူတို့ကလည်း ‘ထိုဘုရား၏နာမတော်ကား မည်သို့နည်း’ဟု ပြန်မေးလျှင် အကျွန်ုပ်သည် သူတို့ကို မည်သို့ပြန်ဖြေရမည်နည်း”ဟု လျှောက်လေ၏။ |
|
| 14 |
|
| ဘုရားသခင်က မောရှေအား “ငါသည် ငါဖြစ်၏”ဟု မိန့်တော်မူ၏။ ထို့ပြင် ကိုယ်တော်က “သင်သည် အစ္စရေးအမျိုးသားတို့အား ‘ငါဖြစ်၏ဟုဆိုသောသူက သင်တို့ထံသို့ ငါ့ကိုစေလွှတ်တော်မူသည်’ဟူ၍ ပြောရမည်”ဟု မိန့်တော်မူ၏။ |
|
| 15 |
|
| တစ်ဖန် ဘုရားသခင်က မောရှေအား “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူပြီ။ ဤနာမသည် ငါ၏ထာဝရနာမဖြစ်၏။ မျိုးဆက်အစဉ်အဆက် သိမှတ်ရမည့် ငါ၏နာမဖြစ်၏ ’ ဟု ပြောရမည်။ |
|
| 16 |
|
| သင်သည် သွား၍ အစ္စရေးသက်ကြီးဝါကြီးတို့ကိုစုဝေးစေပြီးလျှင် သူတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ဘုရား တည်းဟူသော ထာဝရဘုရားသည် ငါ့အား ကိုယ်ထင်ရှားပြတော်မူလျက် “ငါသည် သင်တို့ကိုလည်းကောင်း၊ အီဂျစ်ပြည်တွင် သင်တို့၌ဖြစ်ပျက်သောအရာကိုလည်းကောင်း အမှန်ပင် အကြည့်အရှုကြွလာပြီ။ |
|
| 17 |
|
| ငါသည် သင်တို့ကို သင်တို့ဖိစီးနှိပ်စက်ခံရသောအီဂျစ်ပြည်ထဲမှ ထုတ်ဆောင်၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်ဖြစ်သော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်မည်”ဟူ၍ မိန့်တော်မူသည်’ဟု ပြောရမည်။ |
|
| 18 |
|
| ထိုအခါ သူတို့သည် သင်၏စကားကို နားထောင်ကြလိမ့်မည်။ သင်နှင့်အစ္စရေးသက်ကြီးဝါကြီးတို့သည်လည်း အီဂျစ်ဘုရင်ထံသို့ဝင်၍ သူ့အား ‘ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရန် အကျွန်ုပ်တို့ကို သုံးရက်ခရီးအကွာအဝေးရှိသောတောကန္တာရသို့ သွားခွင့်ပြုပါ’ဟု လျှောက်ထားလော့။ |
|
| 19 |
|
| သို့သော် အီဂျစ်ဘုရင်သည် အားကြီးသောလက်တော်ကြောင့်မဟုတ်လျှင် သင်တို့အား သွားခွင့်ပြုမည်မဟုတ်ကြောင်း ငါသိ၏။ |
|
| 20 |
|
| ထို့ကြောင့် ငါ၏လက်ကိုဆန့်၍ အီဂျစ်ပြည်ထဲ၌ ငါပြုမည့် အံ့ဖွယ်သောအမှုအမျိုးမျိုးတို့ဖြင့် ထိုပြည်ကိုဒဏ်ခတ်မည်။ ထို့နောက်မှ သူသည် သင်တို့ကိုလွှတ်လိမ့်မည်။ |
|
| 21 |
|
| ငါသည် ဤလူမျိုးကို အီဂျစ်လူမျိုးတို့၏ရှေ့တွင် မျက်နှာရစေသဖြင့် သင်တို့ထွက်သွားသောအခါ လက်ချည်းသက်သက်မထွက်သွားရ။ |
|
| 22 |
|
| မိန်းမတို့သည် မိမိ၏အိမ်နီးချင်းထံမှလည်းကောင်း၊ မိမိအိမ်၌တည်းခိုနေထိုင်သောသူထံမှလည်းကောင်း ငွေထည်များ၊ ရွှေထည်များနှင့် အဝတ်အစားများကို တောင်း၍ သင်တို့သည် သင်တို့၏သားသမီးများကို ဝတ်ဆင်စေရမည်။ ဤသို့ဖြင့် သင်တို့သည် အီဂျစ်လူမျိုးတို့၏ဥစ္စာပစ္စည်းများကို သိမ်းယူရလိမ့်မည်”ဟု မိန့်တော်မူ၏။ |
|
|
: |
| ၁ | | ၂ | | ၃ | | ၄ | | ၅ | | ၆ | | ၇ | | ၈ | | ၉ | | ၁၀ | | ၁၁ | | ၁၂ | | ၁၃ | | ၁၄ | | ၁၅ | | ၁၆ | | ၁၇ | | ၁၈ | | ၁၉ | | ၂၀ | | ၂၁ | | ၂၂ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/burmesemsbu/exodus/003.mp3
40
3