|
| 1 |
|
| ထာဝရဘုရားကလည်း မောရှေအား “ကြည့်ရှုလော့။ သင့်ကို ဖာရောမင်းကြီး၏ဘုရားကဲ့သို့ ငါဖြစ်စေပြီ။ သင်၏အစ်ကိုအာရုန်သည် သင်၏ပရောဖက်ဖြစ်မည်။ |
|
| 2 |
|
| သင့်အား ငါမိန့်မှာသောအရာအားလုံးကို သင်ပြောရမည်။ ဖာရောမင်းကြီးသည် အစ္စရေးအမျိုးသားတို့ကို သူ၏ပြည်မှလွှတ်မည့်အကြောင်း သင်၏အစ်ကိုအာရုန်သည် သူ့အားလျှောက်ရမည်။ |
|
| 3 |
|
| ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေ၍ အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်အမှုများကို အများအပြားပြမည်။ |
|
| 4 |
|
| သို့သော် ဖာရောမင်းကြီးသည် သင်တို့စကားကို နားထောင်လိမ့်မည်မဟုတ်။ အီဂျစ်ပြည်အပေါ် ငါ့လက်ကိုတင်၍ ကြီးလေးသောအပြစ်ဒဏ်ပေးခြင်းဖြင့် ငါ့လူစုဖြစ်သော ငါ့လူမျိုးတော် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ငါထုတ်ဆောင်မည်။ |
|
| 5 |
|
| အီဂျစ်ပြည်အပေါ် ငါ၏လက်ကိုဆန့်၍ အစ္စရေးအမျိုးသားတို့ကို ထိုပြည်ထဲမှ ထုတ်ဆောင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ |
|
| 6 |
|
| မောရှေနှင့်အာရုန်သည် သူတို့အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း တစ်သဝေမတိမ်းပြုကြ၏။ |
|
| 7 |
|
| ဖာရောမင်းကြီးထံသွား၍ လျှောက်တင်ကြစဉ်က မောရှေသည် အသက်ရှစ်ဆယ်၊ အာရုန်သည် အသက်ရှစ်ဆယ့်သုံးနှစ် ရှိပြီဖြစ်၏။ |
|
| 8 |
|
| တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား |
|
| 9 |
|
| “သင်တို့အား ဖာရောမင်းကြီးက ‘သင်တို့ကိုယ်တိုင် အံ့ဩဖွယ်အမှုများကိုပြုလော့’ဟု ဆိုလျှင် မောရှေက အာရုန်အား ‘သင်၏တောင်ဝှေးကိုယူ၍ ဖာရောမင်းကြီး၏ရှေ့၌ပစ်ချလော့’ဟု ပြောရမည်။ တောင်ဝှေးသည် မြွေနဂါးဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။ |
|
| 10 |
|
| မောရှေနှင့်အာရုန်သည်လည်း ဖာရောမင်းကြီးထံဝင်၍ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်းပြုကြ၏။ အာရုန်သည် သူ၏တောင်ဝှေးကို ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့ရှေ့၌ ပစ်ချသော် တောင်ဝှေးသည် မြွေနဂါးဖြစ်သွား၏။ |
|
| 11 |
|
| ထိုအခါ ဖာရောမင်းကြီးသည် ပညာရှိများနှင့်မှော်ဆရာများကိုခေါ်၍ ထိုအီဂျစ်နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏နတ်ဝိဇ္ဇာအတတ်များဖြင့် ထိုနည်းတူပြုကြ၏။ |
|
| 12 |
|
| သူတို့သည် အသီးသီးမိမိတို့၏တောင်ဝှေးကို ပစ်ချကြသောအခါ မြွေနဂါးများဖြစ်သွား၏။ သို့ရာတွင် အာရုန်၏တောင်ဝှေးသည် သူတို့၏တောင်ဝှေးများကိုမျိုလေ၏။ |
|
| 13 |
|
| သို့သော် ထာဝရဘုရားမိန့်ဆိုတော်မူသည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျော၍ မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။ |
|
| 14 |
|
| ထာဝရဘုရားက မောရှေအား “ဖာရောမင်းကြီး၏စိတ်နှလုံးသည် ခိုင်မာ၍ အစ္စရေးလူမျိုးတို့ကို လွှတ်ရန်ငြင်းဆန်၏။ |
|
| 15 |
|
| နံနက်အချိန်၌ ဖာရောမင်းကြီးသည် ရေဆိပ်သို့သွားမည်ဖြစ်၍ သူနှင့်တွေ့ဆုံရန် နိုင်းမြစ်ကမ်းနား၌ သွားစောင့်နေလော့။ မြွေအဖြစ်သို့ပြောင်းလဲခဲ့သောတောင်ဝှေးကိုလည်း သင့်လက်ထဲ၌ ယူဆောင်သွားရမည်။ |
|
| 16 |
|
| သင်သည် ဖာရောမင်းကြီးအား ‘ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ငါ၏လူမျိုးတော်သည် တောကန္တာရ၌ ငါ့အားဝတ်ပြုရန် သူတို့ကိုလွှတ်လော့’ဟု ဆင့်ဆိုရန် အကျွန်ုပ်ကို အရှင့်ထံသို့စေလွှတ်တော်မူ၏။ သို့သော် အရှင်မင်းကြီးသည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည်တကား။ |
|
| 17 |
|
| ထို့ကြောင့် ‘ထာဝရဘုရားက ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ဤအမှုအားဖြင့် သင်သိရလိမ့်မည် ဟုမိန့်တော်မူပြီ။ ဤအမှုဟူမူကား အကျွန်ုပ်သည် နိုင်းမြစ်ရေကို အကျွန်ုပ်လက်၌ရှိသောတောင်ဝှေးဖြင့် ရိုက်သောအခါ သွေးအဖြစ်သို့ပြောင်းသွားမည်။ |
|
| 18 |
|
| နိုင်းမြစ်ထဲ၌ရှိသောငါးတို့သည် သေကြလိမ့်မည်။ နိုင်းမြစ်သည် အပုပ်နံ့ထွက်သဖြင့် အီဂျစ်လူမျိုးတို့သည် နိုင်းမြစ်ရေကို သောက်သုံးနိုင်မည်မဟုတ်’ဟူ၍ ပြောကြားလော့”ဟု မိန့်တော်မူ၏။ |
|
| 19 |
|
| တစ်ဖန် ထာဝရဘုရားက “သင်သည် အာရုန်အား ‘သင်၏တောင်ဝှေးကိုယူ၍ မြစ်များ၊ ချောင်းများ၊ ရေအိုင်များ၊ ရေလှောင်ကန်များစသည့် အီဂျစ်ပြည်ရှိရေရှိသမျှအပေါ်သို့ သင်၏လက်ကိုဆန့်လော့။ ထိုအခါ ရေသည် သွေးဖြစ်သွားလိမ့်မည်။ အီဂျစ်ပြည်တစ်ပြည်လုံးတွင် သစ်သားခွက်များနှင့်ကျောက်ခွက်များထဲ၌ပါမကျန် သွေးဖြစ်လိမ့်မည်’ဟူ၍ ပြောလော့”ဟု မောရှေအား မိန့်တော်မူ၏။ |
|
| 20 |
|
| မောရှေနှင့်အာရုန်သည်လည်း ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်းပြုကြ၏။ အာရုန်သည် ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့ရှေ့မှောက်၌ တောင်ဝှေးကိုမြှောက်၍ နိုင်းမြစ်ရေကို ရိုက်လေသော် နိုင်းမြစ်ရေအားလုံး သွေးအဖြစ်သို့ပြောင်းသွားလေ၏။ |
|
| 21 |
|
| နိုင်းမြစ်ထဲ၌ရှိသောငါးတို့သည် သေကြသဖြင့် နိုင်းမြစ်သည် အပုပ်နံ့ထွက်လေ၏။ ထို့ကြောင့် အီဂျစ်လူမျိုးတို့သည် နိုင်းမြစ်ထဲမှရေကိုမသောက်သုံးနိုင်ကြ။ အီဂျစ်ပြည်တစ်ပြည်လုံး သွေးနှင့်ပြည့်လေ၏။ |
|
| 22 |
|
| အီဂျစ်နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များအားဖြင့် ထိုနည်းတူပြုကြ၏။ ထို့ကြောင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျောလျက် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။ |
|
| 23 |
|
| ဖာရောမင်းကြီးသည် မိမိနန်းတော်သို့လှည့်ပြန်သွားကာ ဤအမှုကိုလည်း နှလုံးမသွင်းဘဲနေ၏။ |
|
| 24 |
|
| အီဂျစ်လူမျိုးအပေါင်းတို့သည် နိုင်းမြစ်ရေကိုမသောက်သုံးနိုင်ကြသဖြင့် သောက်သုံးရေရရှိရန် နိုင်းမြစ်တစ်လျှောက် တွင်းတူးကြ၏။ |
|
| 25 |
|
| ထာဝရဘုရားသည် နိုင်းမြစ်ကိုဒဏ်ခတ်သည်မှာ ခုနစ်ရက်ကြာလေ၏။ |
|
|
: |
| ၁ | | ၂ | | ၃ | | ၄ | | ၅ | | ၆ | | ၇ | | ၈ | | ၉ | | ၁၀ | | ၁၁ | | ၁၂ | | ၁၃ | | ၁၄ | | ၁၅ | | ၁၆ | | ၁၇ | | ၁၈ | | ၁၉ | | ၂၀ | | ၂၁ | | ၂၂ | | ၂၃ | | ၂၄ | | ၂၅ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/burmesemsbu/exodus/007.mp3
40
7