|
| 1 |
|
| ဉာဏ်ပညာသည် မိမိအိမ်ကို တည်ဆောက်လေပြီ။ တိုင်ခုနစ်တိုင်ကိုစိုက်ထူလေပြီ။ |
|
| 2 |
|
| မိမိတိရစ္ဆာန်ကိုသတ်လေပြီ။ စပျစ်ဝိုင်ကိုရောစပ်၍ စားပွဲကိုတည်ခင်းလေပြီ။ |
|
| 3 |
|
| မိမိအစေခံမိန်းကလေးများကိုစေလွှတ်ပြီး မြို့၏အမြင့်ဆုံးနေရာများမှနေ၍ |
|
| 4 |
|
| “အသိဉာဏ်နည်းပါးသောသူမည်သူမဆို ဤနေရာသို့လှည့်လာပါစေ”ဟု ဟစ်ခေါ်၏။ အသိစိတ်မရှိသောသူအားလည်း |
|
| 5 |
|
| “လာလော့။ ငါ့မုန့်ကိုစား၍ ငါရောစပ်ထားသောစပျစ်ဝိုင်ကို သောက်လော့။ |
|
| 6 |
|
| အသိဉာဏ်နည်းပါးခြင်းကိုစွန့်ပယ်၍ အသက်ရှင်လော့။ အသိဉာဏ်လမ်းကိုလိုက်လော့”ဟု ဆို၏။ |
|
| 7 |
|
| ပြက်ရယ်ပြုတတ်သောသူကို ပဲ့ပြင်သောသူသည် အရှက်ခွဲခြင်းကိုခံရ၍ ဆိုးယုတ်သောသူကို ဆုံးမသောသူသည် ကိုယ်တိုင် အနာတရဖြစ်လိမ့်မည်။ |
|
| 8 |
|
| ပြက်ရယ်ပြုတတ်သောသူကို မဆုံးမနှင့်။ ဆုံးမလျှင် သူသည် သင့်ကိုမုန်းလိမ့်မည်။ ပညာရှိသောသူကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကိုချစ်လိမ့်မည်။ |
|
| 9 |
|
| ပညာရှိသောသူအား ပညာကိုပေးလော့။ သို့ပြုလျှင် သူသည် ပို၍ပညာရှိလာလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လော့။ သို့ပြုလျှင် သူသည် ပညာတိုးပွားလိမ့်မည်။ |
|
| 10 |
|
| ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏မူလအစဖြစ်၏။ သန့်ရှင်းသောအရှင်ကိုသိသောဉာဏ်သည် အသိဉာဏ်ဖြစ်၏။ |
|
| 11 |
|
| အကြောင်းမူကား ဉာဏ်ပညာအားဖြင့် သင်၏နေ့ရက်တို့သည် များပြား၍ သင့်အသက်တာ၏နှစ်ကာလတို့သည် ထပ်တိုးလာလိမ့်မည်။ |
|
| 12 |
|
| သင်သည် ဉာဏ်ပညာရှိလျှင် ထိုဉာဏ်ပညာရှိခြင်းသည် သင့်အတွက်ဖြစ်၏။ သင်သည် ပြက်ရယ်ပြုလျှင် သင်သာ ခံရလိမ့်မည်။ |
|
| 13 |
|
| မိုက်မဲသောမိန်းမသည် အာကျယ်၍ ဉာဏ်တိမ်ပြီး မည်သည့်အရာကိုမျှမသိတတ်။ |
|
| 14 |
|
| သူသည် မိမိ၏အိမ်တံခါးဝ၌လည်းကောင်း၊ မြို့၏မြင့်သောအရပ်ရှိထိုင်ခုံပေါ်၌လည်းကောင်း ထိုင်လျက် |
|
| 15 |
|
| လမ်း၌ဖြတ်သန်းသွားလာသောသူများ၊ မိမိတို့လမ်းခရီးကို ဖြောင့်တန်းစွာသွားနေသောသူများအား |
|
| 16 |
|
| “အသိဉာဏ်နည်းပါးသောသူမည်သူမဆို ဤနေရာသို့လှည့်လာပါစေ”ဟု ဟစ်ခေါ်၏။ အသိစိတ်မရှိသောသူအားလည်း |
|
| 17 |
|
| “ခိုးသောက်သောရေသည် ချို၍ ဝှက်စားသောမုန့်သည် အရသာရှိ၏”ဟု ဆို၏။ |
|
| 18 |
|
| သို့ရာတွင် ထိုအရပ်၌ သေသူ၏ဝိညာဉ်များရှိကြသည်ကိုလည်းကောင်း၊ ထိုမိန်းမ၏ဧည့်သည်များသည် မရဏာနိုင်ငံ၏နက်ရာအရပ်များ၌ ရှိကြသည်ကိုလည်းကောင်း ထိုသူမသိချေ။ |
|
|
|
|