|
| 1 |
|
| မွှေးသောဂုဏ်သတင်းသည် မွှေးသောနံ့သာဆီထက် ပို၍ကောင်း၏။ သေသောနေ့သည်လည်း မွေးဖွားသောနေ့ထက် ပို၍ကောင်း၏။ |
|
| 2 |
|
| အသုဘအိမ်သို့သွားခြင်းသည် စားသောက်ပွဲခံရာအိမ်သို့သွားခြင်းထက်ပို၍ကောင်း၏။ အကြောင်းမူကား သေခြင်းသည် လူအားလုံး၏နိဂုံးဖြစ်၍ အသက်ရှင်လျက်ရှိသောသူသည် ထိုအမှုအရာကိုဆင်ခြင်နှလုံးသွင်းလိမ့်မည်။ |
|
| 3 |
|
| ပူဆွေးခြင်းသည် ရယ်မောခြင်းထက်ပို၍ကောင်း၏။ အကြောင်းမူကား မျက်နှာညှိုးငယ်သောအားဖြင့် စိတ်နှလုံးကောင်းလာတတ်၏။ |
|
| 4 |
|
| ပညာရှိသောသူတို့၏စိတ်နှလုံးသည် အသုဘအိမ်၌ရှိ၏။ မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား ပျော်ပါးရာအိမ်၌ရှိ၏။ |
|
| 5 |
|
| ပညာရှိသောသူဆုံးမသွန်သင်သောစကားကိုနားထောင်ခြင်းသည် မိုက်မဲသောသူတို့ဆိုသောသီချင်းကိုနားထောင်ခြင်းထက် ပို၍ကောင်း၏။ |
|
| 6 |
|
| အကြောင်းမူကား မိုက်မဲသောသူ၏ရယ်မောသံသည် အိုးအောက်မှလောင်နေသောဆူးခက်များ၏အသံနှင့်တူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။ |
|
| 7 |
|
| အကယ်စင်စစ် ဖိနှိပ်ချုပ်ချယ်ခြင်းသည် ပညာရှိသောသူကို ရူးမိုက်စေတတ်၍ တံစိုးလက်ဆောင်သည် စိတ်နှလုံးကို ပျက်စီးစေတတ်၏။ |
|
| 8 |
|
| အမှုအရာ၏အဆုံးသည် ၎င်း၏အစထက် ပို၍ကောင်း၏။ သည်းခံသောစိတ်သည် ထောင်လွှားသောစိတ်ထက် ပို၍ကောင်း၏။ |
|
| 9 |
|
| အမျက်ဒေါသသည် မိုက်မဲသောသူတို့၏ရင်ခွင်ထဲ၌ ကိန်းအောင်းတတ်သည်ဖြစ်၍ သင့်စိတ်ထဲတွင် အမျက်ဒေါသ အလျင်စလိုမထွက်ပါစေနှင့်။ |
|
| 10 |
|
| ယခင်နေ့ရက်များသည် ယခုနေ့ရက်များထက် အဘယ်ကြောင့် ပို၍ကောင်းသနည်းဟု မမေးနှင့်။ အကြောင်းမူကား ထိုသို့မေးမြန်းခြင်းသည် ဉာဏ်ပညာမှလာသည်မဟုတ်။ |
|
| 11 |
|
| ဉာဏ်ပညာသည် အမွေဥစ္စာနှင့်အမျှကောင်းမြတ်၍ နေကိုမြင်သောသူတို့အတွက် အကျိုးရှိ၏။ |
|
| 12 |
|
| အကြောင်းမူကား ငွေသည် အကာအကွယ်ဖြစ်သကဲ့သို့ ဉာဏ်ပညာသည် အကာအကွယ်ဖြစ်၏။ ဉာဏ်ပညာသည် ၎င်းကိုပိုင်ဆိုင်သောသူအား အသက်ရှင်စေတတ်၏။ ဤသည်ကား အသိပညာ၏အကျိုးဖြစ်၏။ |
|
| 13 |
|
| ဘုရားသခင်ပြုတော်မူသောအမှုကို ဆင်ခြင်လော့။ ကိုယ်တော်ကောက်စေတော်မူသောအရာကို မည်သူဖြောင့်စေနိုင်သနည်း။ |
|
| 14 |
|
| ကောင်းကျိုးချမ်းသာခံစားရာကာလ၌ ဝမ်းမြောက်လော့။ ဒုက္ခခံရာကာလ၌မူကား ဆင်ခြင်လော့။ လူသည် သူ့နောက်တွင်ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မတွေ့ရှိစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာနှင့်အတူ ဒုက္ခကိုလည်း ဖြစ်ပေါ်စေတော်မူ၏။ |
|
| 15 |
|
| ငါ၏အချည်းနှီးသောနေ့ရက်များ၌ ခပ်သိမ်းသောအမှုတို့ကို ငါတွေ့မြင်ပြီ။ မိမိ၏ဖြောင့်မတ်ခြင်းထဲ၌ ပျက်စီးရသည့် ဖြောင့်မတ်သောသူရှိသကဲ့သို့ မိမိ၏ဆိုးယုတ်ခြင်းထဲ၌ အသက်ရှည်ရသည့်ဆိုးယုတ်သောသူလည်းရှိ၏။ |
|
| 16 |
|
| သင်သည် လွန်ကဲစွာမဖြောင့်မတ်နှင့်။ ဉာဏ်ပညာလည်း အလွန်အကျွံမရှိစေနှင့်။ အဘယ်ကြောင့် သင့်ကိုယ်သင်ဖျက်ဆီးလိုသနည်း။ |
|
| 17 |
|
| လွန်ကဲစွာမဆိုးယုတ်နှင့်။ မိုက်မဲသောသူလည်း မဖြစ်နှင့်။ သင်၏အချိန်မရောက်မီ အဘယ်ကြောင့် သေလိုသနည်း။ |
|
| 18 |
|
| ဤအချက်ကိုဆုပ်ကိုင်ထားလျှင်ကောင်း၏။ အခြားတစ်ချက်ကိုလည်း လက်မလွတ်စေနှင့်။ အကြောင်းမူကား ဘုရားသခင်ကိုကြောက်ရွံ့သောသူသည် ထိုအရာအားလုံးကို အောင်နိုင်လိမ့်မည်။ |
|
| 19 |
|
| ဉာဏ်ပညာသည် ပညာရှိသောသူကို မြို့ထဲ၌ရှိသောအုပ်ချုပ်သူဆယ်ဦးထက် ပို၍အားကြီးစေတတ်၏။ |
|
| 20 |
|
| အမှန်စင်စစ် အပြစ်မပြုဘဲ ကောင်းသောအမှုကိုသာပြုသည့်ဖြောင့်မတ်သောသူဟူ၍ ကမ္ဘာမြေကြီးပေါ်၌မရှိ။ |
|
| 21 |
|
| လူတို့ပြောသမျှသောစကားတို့ကို အာရုံမစိုက်နှင့်။ အာရုံစိုက်လျှင် သင်၏ကျွန်က သင့်ကိုကျိန်ဆဲသောစကားကို ကြားမိလိမ့်မည်။ |
|
| 22 |
|
| သင်ကိုယ်တိုင်လည်း အခြားသောသူများကိုအကြိမ်ပေါင်းများစွာကျိန်ဆဲခဲ့ကြောင်း သင့်စိတ်ကသိ၏။ |
|
| 23 |
|
| ဤအရာအားလုံးကို ဉာဏ်ပညာအားဖြင့် ငါစမ်းသပ်ပြီ။ “ငါသည်ပညာရှိဖြစ်မည်”ဟု ပြောဆိုသော်လည်း ထိုအရာသည် ငါနှင့်ဝေးကွာလျက်ရှိ၏။ |
|
| 24 |
|
| ရှိခဲ့ပြီးသောအရာသည် အလှမ်းဝေးလျက် အလွန်နက်ရှိုင်း၏။ ထိုအရာကို မည်သူတွေ့ရှိနိုင်မည်နည်း။ |
|
| 25 |
|
| ငါသည် ဉာဏ်ပညာနှင့်အကြောင်းအကျိုးတို့ကို သိရှိ၍စူးစမ်းရှာဖွေရန်လည်းကောင်း၊ စဉ်းစားဉာဏ်ကင်းမဲ့ခြင်း၏ဆိုးယုတ်မှုနှင့် ရူးသွပ်ခြင်း၏မိုက်မဲမှုတို့ကို သိရှိရန်လည်းကောင်း ငါ့စိတ်အာရုံကိုပြန်လှည့်လိုက်၏။ |
|
| 26 |
|
| တစ်ဖန် ပိုက်ကွန်နှင့်ထောင်ပိုက်ကဲ့သို့သောစိတ်နှလုံးရှိ၍ လက်ထိတ်ကဲ့သို့သောလက်ရှိသည့်မိန်းမသည် သေခြင်းထက် ပို၍ခါးသည်ကို ငါတွေ့ရ၏။ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူသည် ထိုမိန်းမ၏လက်မှလွတ်မြောက်လိမ့်မည်။ အပြစ်ပြုသောသူမူကား သူ၏ဖမ်းမိခြင်းကိုခံရလိမ့်မည်။ |
|
| 27 |
|
| ဒေသနာဆရာဆိုသည်ကား ကြည့်ရှုလော့။ ငါ၏စိတ်ဝိညာဉ်သည် အကြိမ်ကြိမ်ရှာဖွေသော်လည်း မတွေ့ခဲ့သောအကြောင်းအကျိုးကိုတွေ့ရှိနိုင်ရန် တစ်ခုအပေါ်တစ်ခုပေါင်းစပ်လိုက်ရာ ဤအချက်ကို ငါတွေ့ရှိရ၏။ |
|
| 28 |
|
| ၎င်းမှာ ယောက်ျားတစ်ထောင်တို့တွင် တစ်ယောက်ကို ငါတွေ့ရှိရ၏။ သို့သော် မိန်းမတစ်ထောင်တို့တွင် တစ်ယောက်ကိုမျှ ငါမတွေ့ရှိခဲ့ပေ။ |
|
| 29 |
|
| ကြည့်ရှုလော့။ ငါတွေ့ရှိသည့် တစ်ခုတည်းသောအရာကား ဘုရားသခင်သည် လူကိုဖြောင့်မှန်သောသူအဖြစ် ဖန်ဆင်းတော်မူသော်လည်း လူတို့သည် များစွာသောအကြောင်းအချက်တို့ကိုရှာဖွေကြသည်ဟူ၍ဖြစ်၏။ |
|
|
|
|