|
| 1 |
|
| ယုဒအမျိုး၏အပြစ်ကို သူတို့၏နှလုံးသားပြင်၊ သူတို့၏ယဇ်ပလ္လင်ဦးချိုများပေါ်တွင် သံကညစ်ဖြင့် ရေးထိုးထား၏။ စိန်ချွန်ဖြင့် ရေးထွင်းထား၏။ |
|
| 2 |
|
| သူတို့၏သားသမီးများပင် ကုန်းမြင့်များပေါ်ရှိ စိမ်းလန်းသောသစ်ပင်များအနီး၌ မိမိတို့တည်ထားသောယဇ်ပလ္လင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကို စွဲလမ်းကြလေပြီ။ |
|
| 3 |
|
| အို ကွင်းပြင်ရှိငါ့တောင်၊ ပြည်တစ်ပြည်လုံးရှိ အပြစ်များကြောင့် သင်၏ဥစ္စာပစ္စည်း၊ သင်၏ဘဏ္ဍာအလုံးစုံတို့နှင့် သင်အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို လုယူဖျက်ဆီးရာအဖြစ် ငါပေးလိုက်မည်။ |
|
| 4 |
|
| သင့်အား ငါပေးသောအမွေကို သင်လက်လွတ်ရမည်။ သင်မသိသောပြည်တွင် သင်၏ရန်သူတို့အား သင်အစေခံရမည်။ အစဉ်အမြဲတောက်လောင်နေမည့် ငါ့အမျက်မီးကို သင်မွှေးလေပြီ။ |
|
| 5 |
|
| ထာဝရဘုရားက “လူကိုကိုးစားသောသူ၊ လူ၏လက်ရုံးအားကိုမှီခိုသောသူ၊ ထာဝရဘုရားထံမှ ကျောခိုင်းသွားသောသူသည် ကျိန်ခြင်းခံရသောသူဖြစ်၏။ |
|
| 6 |
|
| ထိုသူသည် သဲကန္တာရရှိချုံပုတ်ကဲ့သို့ဖြစ်မည်။ ကောင်းကျိုးချမ်းသာကို ခံစားရမည်မဟုတ်။ ခြောက်သွေ့သောတောကန္တာရရှိ မည်သူမျှမနေထိုင်သောဆားမြေ၌ နေရလိမ့်မည်။ |
|
| 7 |
|
| ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာခံစားရသောသူဖြစ်၏။ |
|
| 8 |
|
| ထိုသူသည် ရေရှိရာတွင်စိုက်ထား၍ မြစ်နားအထိအမြစ်ဖြာသောအပင်ကဲ့သို့ဖြစ်မည်။ နေအပူဒဏ်ကို မကြောက်၊ မိုးခေါင်သောနှစ်တွင်လည်း မစိုးရိမ်။ အရွက်များ စိမ်းလန်းလျက်ရှိ၏၊ အသီးလည်း ပြတ်မည်မဟုတ်။ |
|
| 9 |
|
| စိတ်နှလုံးသည် အရာအားလုံးထက် စဉ်းလဲ၏။ ကုသ၍မရသောရောဂါဖြစ်၏။ စိတ်နှလုံးသဘောကို မည်သူနားလည်နိုင်သနည်း။ |
|
| 10 |
|
| ငါထာဝရဘုရားသည် လူအသီးသီးတို့အား မိမိတို့ပြုမူကျင့်ကြံသည့်အတိုင်း၊ မိမိတို့လုပ်ဆောင်မှုအသီးအပွင့်အတိုင်း ပေးဆပ်ရန် လူတို့၏စိတ်နှလုံးကို စစ်ကြောတတ်၏။ အတွင်းသဘော ကို စစ်ဆေးတတ်၏။ |
|
| 11 |
|
| ခါငှက်သည် မိမိမဥသောဥကိုဝပ်သကဲ့သို့ မတရားသောသူသည် ဓနဥစ္စာသိုမှီးတတ်၏။ သို့သော်လည်း သူသည် သက်တမ်းတစ်ဝက်၌ပင် မိမိဓနဥစ္စာကို စွန့်ထားခဲ့ရ၍ အဆုံး၌ မိုက်မဲသောသူဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။ |
|
| 12 |
|
| အစအဦးကပင် မြင့်မြတ်၍ ဘုန်းကြီးသောပလ္လင်တော်သည် ငါတို့၏သန့်ရှင်းရာဌာနဖြစ်၏။ |
|
| 13 |
|
| အစ္စရေးလူမျိုး၏မျှော်လင့်ရာဖြစ်တော်မူသောထာဝရဘုရား၊ ကိုယ်တော်ကိုစွန့်ပယ်သောသူရှိသမျှတို့သည် အရှက်ကွဲကြရလိမ့်မည်။ ကိုယ်တော့် ထံမှထွက်သွားသောသူတို့သည် အသက်စမ်းရေဖြစ်သည့်ထာဝရဘုရားကို စွန့်ပယ်ကြသောကြောင့် မြေပေါ်၌သာ စာရင်းဝင်ကြလိမ့်မည်။ |
|
| 14 |
|
| အို ထာဝရဘုရား အကျွန်ုပ်ကို ကျန်းမာစေတော်မူပါ။ သို့မှသာ အကျွန်ုပ် ကျန်းမာပါလိမ့်မည်။ အကျွန်ုပ်ကိုကယ်တော်မူပါ။ သို့မှသာ အကျွန်ုပ် ကယ်တင်ခြင်းခံရပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်၏ချီးမွမ်းရာဖြစ်တော်မူပါ၏။ |
|
| 15 |
|
| ကြည့်ရှုလော့။ ထိုသူတို့က ငါ့အား “ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အဘယ်မှာနည်း။ ယခုပင် ရောက်လာပါလေစေ”ဟု ဆိုကြ၏။ |
|
| 16 |
|
| အကျွန်ုပ်မူကား ကိုယ်တော်၏နောက်သို့လိုက်သောသိုးထိန်းအဖြစ်မှ ထွက်မပြေးပါ။ ဆိုးဝါးသောနေ့ကို အကျွန်ုပ်မတောင့်တကြောင်း ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်၏နှုတ်ထွက်စကားသည် ရှေ့တော်၌ရှိပါ၏။ |
|
| 17 |
|
| အကျွန်ုပ်ကို ထိတ်လန့်စေတော်မမူပါနှင့်။ ဘေးအန္တရာယ်ကျရောက်သောအခါ ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ |
|
| 18 |
|
| အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့သည် အရှက်ကွဲကြပါစေသော။ အကျွန်ုပ်မူကား အရှက်မကွဲရပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား စိတ်မပျက်ရပါစေနှင့်။ သူတို့ကို ဆိုးရွားသောနေ့ရက်နှင့် ကြုံတွေ့စေတော်မူပါ။ ဖျက်ဆီးခြင်းဘေးနှစ်ဆဖြင့် သူတို့ကို ဖျက်ဆီးတော်မူပါ။ |
|
| 19 |
|
| ထာဝရဘုရားက ငါ့အား “ယုဒဘုရင်များ ဝင်ထွက်သွားလာရာ ပြည်သူ့တံခါးဝနှင့် ဂျေရုဆလင်မြို့တံခါးဝအားလုံး၌ သွားရပ်၍ |
|
| 20 |
|
| ‘ဤမြို့တံခါးဖြင့် ဝင်ထွက်သွားလာကြသော ယုဒဘုရင်နှင့် ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ |
|
| 21 |
|
| ထာဝရဘုရားက သင်တို့ကိုယ်သင်တို့ သတိပြုကြလော့။ ဥပုသ်နေ့၌ ဝန်ထုပ်များ မသယ်ဆောင်ရ။ ဂျေရုဆလင်မြို့တံခါးကို ဖြတ်၍ မယူဆောင်လာရ။ |
|
| 22 |
|
| ဥပုသ်နေ့၌ အိမ်ထဲမှဝန်ထုပ်များကို မသယ်ထုတ်ရ။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာခဲ့သည့်အတိုင်း ဥပုသ်နေ့ကို သန့်ရှင်းအောင်စောင့်ထိန်းကြလော့။ |
|
| 23 |
|
| သို့သော် သူတို့သည် နားမထောင်ကြ၊ ဂရုမစိုက်ကြ။ ခေါင်းမာ ကြသောကြောင့် နားမထောင်ကြ။ ဆုံးမပဲ့ပြင်ခြင်းကို မခံယူကြဟု မိန့်တော်မူပြီ။ |
|
| 24 |
|
| တစ်ဖန် ထာဝရဘုရားက သင်တို့သည် ငါ့စကားကို အသေအချာနားထောင်၍ ဥပုသ်နေ့၌ မြို့တံခါးကိုဖြတ်ပြီး ဝန်ထုပ်ကို မသယ်ဆောင်ဘဲနေလျှင်၊ ဥပုသ်နေ့ကို သန့်ရှင်းစေ၍ မည်သည့်အလုပ်ကိုမျှ မလုပ်ဘဲနေလျှင် |
|
| 25 |
|
| ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် စိုးစံတော်မူသောရှင်ဘုရင်နှင့် မင်းညီမင်းသားတို့သည် ရထားစီးလျက်၊ မြင်းစီးလျက် သူတို့၏အကြီးအကဲများ၊ ယုဒပြည်သူဂျေရုဆလင်မြို့သားများပါလျက် ဤမြို့တံခါးကို ဖြတ်၍ဝင်ရလိမ့်မည်။ ဤပြည်၌ အစဉ်နေထိုင်ရလိမ့်မည်။ |
|
| 26 |
|
| သူတို့သည် ယုဒပြည်၊ ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ ဗင်္ယာမိန်ပြည်၊ မြေနိမ့်ဒေသ၊ တောင်ပေါ်ဒေသ၊ နေဂေ့အရပ်မှ ရောက်လာကြလိမ့်မည်။ သူတို့သည် မီးရှို့ရာယဇ်၊ ယဇ်ကောင်များ၊ ဘောဇဉ်ပူဇော်သက္ကာ၊ လော်ဗန်နှင့်တကွ ကျေးဇူးတော်ချီးမွမ်းရာပူဇော်သက္ကာကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာကြလိမ့်မည်။ |
|
| 27 |
|
| သင်တို့သည် ဥပုသ်နေ့၌ ဂျေရုဆလင်မြို့တံခါးကိုဖြတ်၍ ဝန်ထုပ်ကိုမသယ်ဆောင်ရ။ ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရမည်ဟူသော ငါ့စကားကို နားမထောင်လျှင် ငါသည် မြို့တံခါးကိုမီးရှို့၍ ဂျေရုဆလင်မြို့၏ခံတပ်များကို လောင်ကျွမ်းစေမည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ |
|
|
|
|