|
| 1 |
|
| ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ နေဗုခဒ်နေဇာမင်းကြီးဖမ်းခေါ်သွားသောသူထဲမှ သုံ့ပန်းအဖြစ်အသက်ရှင်ကျန်ရှိသောသက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် လူအပေါင်းတို့ထံသို့ ပရောဖက်ယေရမိက ဂျေရုဆလင်မြို့မှ စာရေးသားပေးပို့လိုက်၏။ |
|
| 2 |
|
| ယေခေါနိမင်းကြီး၊ မယ်တော်၊ နန်းတွင်းအကြီးအကဲများ၊ ယုဒပြည်ဂျေရုဆလင်မြို့၏မှူးမတ်များမှစ၍ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ ဂျေရုဆလင်မြို့မှ ထွက်သွားပြီးနောက်တွင် ရေးသား၍ |
|
| 3 |
|
| ယုဒဘုရင်ဇေဒကိမင်းကြီးသည် ဘေဘီလုံမြို့ရှိ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးထံသို့ ရှာဖန်သားဧလာသနှင့် ဟိလခိသားဂေမရိတို့ကိုစေလွှတ်၍ ဤစာကို ပေးပို့လိုက်ခြင်းဖြစ်၏။ စာထဲတွင် |
|
| 4 |
|
| “ဂျေရုဆလင်မြို့မှဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်းခံရသောသုံ့ပန်းအပေါင်းတို့အား အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက |
|
| 5 |
|
| အိမ်ကိုဆောက်၍ နေထိုင်ကြလော့။ ဥယျာဉ်များ၌စိုက်ပျိုး၍ အသီးအနှံကို စားကြလော့။ |
|
| 6 |
|
| မိန်းမယူ၍ သားသမီးများကို မွေးဖွားကြလော့။ သားများကိုလည်း မိန်းမယူစေလော့။ သမီးများကိုလည်း ယောက်ျားယူစေလော့။ သားသမီးများ မွေးဖွားစေကြလော့။ ထိုအရပ်၌ မလျော့နည်းဘဲ တိုးပွားကြလော့။ |
|
| 7 |
|
| သင်တို့ကို ဖမ်းခေါ်သွား၍ သင်တို့ရောက်သောမြို့၌ အေးအေးချမ်းချမ်းနေထိုင်လျက် ထိုမြို့အတွက် ထာဝရဘုရားထံ ဆုတောင်းပေးကြလော့။ အကြောင်းမူကား ထိုမြို့အေးချမ်းလျှင် သင်တို့လည်း အေးအေးချမ်းချမ်းနေရမည်ဟူ၍ မိန့်တော်မူ၏။ |
|
| 8 |
|
| အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက သင်တို့တွင်ရှိသော ပရောဖက်များ၊ ဂမ္ဘီရအတတ်ပညာရှင်များ၏လှည့်စားခြင်းကို မခံနှင့်။ သင်တို့မြင်မက်သော အိပ်မက်တို့ကိုလည်း မယုံကြနှင့်ဟူ၍ မိန့်တော်မူ၏။ |
|
| 9 |
|
| ထာဝရဘုရားက သူတို့ကို ငါမစေလွှတ်ဘဲ ငါ့နာမဖြင့် မဟုတ်မမှန်ပရောဖက်ပြုဟောပြောကြ၏ဟူ၍ မိန့်တော်မူ၏။ |
|
| 10 |
|
| တစ်ဖန် ထာဝရဘုရားက ဘေဘီလုံမြို့တွင် အနှစ်ခုနစ်ဆယ်ပြည့်သောအခါ ငါသည် သင်တို့ကို အကြည့်အရှုကြွလာမည်။ ဤပြည်သို့ သင်တို့ကို ပြန်ခေါ်လာမည်ဟူသော ငါ၏ကတိကို ပြည့်စုံစေမည်။ |
|
| 11 |
|
| အကြောင်းမူကား ငါထာဝရဘုရားသည် သင်တို့အတွက်ကြံစည်ထားသော အကြံအစည်များကို ငါသာလျှင်သိ၏။ သင်တို့ကို ဒုက္ခရောက်စေမည်မဟုတ်၊ ကောင်းစား စေမည့် အကြံအစည်ဖြစ်၏။ သင်တို့မျှော်လင့်သောအနာဂတ်ကို ပေးရန်အတွက်ဖြစ်၏။ |
|
| 12 |
|
| သင်တို့သည် ငါ့ကိုခေါ်လိမ့်မည်။ ငါ့ထံသို့ လာ၍ဆုတောင်းလိမ့်မည်။ ငါသည်လည်း သင်တို့ကို နားထောင်မည်။ |
|
| 13 |
|
| သင်တို့သည် ငါ့ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောအခါ ငါ့ကို ရှာတွေ့လိမ့်မည်ဟူ၍ မိန့်တော်မူ၏။ |
|
| 14 |
|
| သင်တို့သည် ငါ့ကို တွေ့လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဖမ်းဆီးခေါ်ဆောင်သွားရာမှ သင်တို့ကို ငါပြန်ခေါ်လာမည်။ လူမျိုးတကာတို့ထံမှလည်းကောင်း၊ ငါနှင်ထုတ်၍ ရောက်လေရာအရပ်ရပ်မှလည်းကောင်း သင်တို့အား ပြန်စုဝေးစေမည်ဟုလည်း ထာဝရဘုရားမိန့်တော်မူ၏။ သင်တို့ကို ဖမ်းခေါ်သွား၍ သင်တို့ရောက်ရာအရပ်မှ သင်တို့ကိုပြန်ခေါ်လာမည်။ |
|
| 15 |
|
| သင်တို့က ထာဝရဘုရားသည် ဘေဘီလုံမြို့၌ ပရောဖက်များကို ပေါ်ထွန်းစေတော်မူပြီဟု ဆိုတတ်ကြ၏။ |
|
| 16 |
|
| ထို့ကြောင့် ထာဝရဘုရားက ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူသော ဘုရင်နှင့်ပတ်သက်၍လည်းကောင်း၊ သင်တို့နှင့်အတူ သုံ့ပန်းအဖြစ်ပါမသွားသော သင်တို့ညီအစ်ကိုများဖြစ်သည့် ဤမြို့တွင်ကျန်နေခဲ့သောသူအပေါင်းတို့နှင့်ပတ်သက်၍လည်းကောင်း ဤသို့မိန့်တော်မူ၏။ |
|
| 17 |
|
| ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သူတို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် ကြုံတွေ့စေမည်။ စား၍မရအောင် ပုပ်နေသောသဖန်းသီးကဲ့သို့ ဖြစ်စေမည်။ |
|
| 18 |
|
| သူတို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် လိုက်လံညှဉ်းဆဲမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးတို့အတွက် ရွံရှာစရာဖြစ်စေမည်။ ငါနှင်ထုတ်၍သူတို့ရောက်လေရာအရပ်ရပ်တို့၌ ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ လှောင်ပြောင်စရာ၊ ကဲ့ရဲ့စရာ ဖြစ်စေမည်ဟူ၍ မိန့်တော်မူ၏။ |
|
| 19 |
|
| အကြောင်းမူကား ငါ၏အစေအပါးပရောဖက်တို့ကို သူတို့ထံသို့ အကြိမ်ကြိမ်စေလွှတ်ဆင့်ဆိုစေသော်လည်း သူတို့နားမထောင်ကြဟု ထာဝရဘုရားမိန့်တော်မူ၏။ သင်တို့သည်လည်း ငါ့စကားကို နားမထောင်ကြဟူ၍ ထာဝရဘုရားမိန့်တော်မူ၏။ |
|
| 20 |
|
| ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ ငါနှင်ထုတ်လိုက်၍ ဖမ်းခေါ်သွားခြင်းခံရသူအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ |
|
| 21 |
|
| အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက သင်တို့အား ငါ့နာမဖြင့် မဟုတ်မမှန်ပရောဖက်ပြုဟောပြောသော ကောလာယ၏သား အာဟပ်နှင့် မာသေယ၏သားဇေဒကိတို့ကို ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးလက်ထဲသို့ ငါအပ်လိုက်မည်။ ထိုဘုရင်သည် သူတို့ကို သင်တို့မျက်စိရှေ့၌ပင် ကွပ်မျက်လိမ့်မည်။ |
|
| 22 |
|
| ထိုသူတို့ကြောင့် ဘေဘီလုံမြို့ရှိ ဖမ်းခေါ်သွားခြင်းခံရသောယုဒလူအပေါင်းတို့က ‘ဇေဒကိနှင့် အာဟပ်ကို ဘေဘီလုံဘုရင် မီးရှို့သတ်သကဲ့သို့ သင့်ကို ထာဝရဘုရားပြုပါစေ’ဟု အချင်းချင်းကျိန်ဆဲရာတွင် ခိုင်းနှိုင်းကျိန်ဆဲကြလိမ့်မည်ဟူ၍ မိန့်တော်မူ၏။ |
|
| 23 |
|
| သူတို့သည် အစ္စရေးလူမျိုးတို့၌ ယုတ်ညံ့သောအမှုကိုပြုကြ၏။ အိမ်နီးချင်းတို့၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်ကြ၏။ ငါမမိန့်မှာဘဲ ငါ့နာမဖြင့် မဟုတ်မမှန်သောစကားကို ပြောဆိုကြ၏။ ငါသည် သိ၏။ ငါသည် သက်သေဖြစ်၏ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ပါရှိ၏။ |
|
| 24 |
|
| သင်သည် နဟေလံအမျိုး ရှေမာယအား |
|
| 25 |
|
| “အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်သည် ယဇ်ပုရောဟိတ်မာသေယ၏သားဇေဖနိမှစ၍ ယဇ်ပုရောဟိတ်အပေါင်းတို့နှင့် ဂျေရုဆလင်မြို့သားအပေါင်းတို့ထံသို့ သင့်နာမည်ဖြင့်စာပို့၍ |
|
| 26 |
|
| ထာဝရဘုရားသည် ယဇ်ပုရောဟိတ်ယောယဒနေရာတွင် သင့်ကိုယဇ်ပုရောဟိတ်အဖြစ် ခန့်ထားတော်မူပြီ။ သင်သည် ထာဝရဘုရား၏အိမ်တော်ကိုကြီးကြပ်ရသူဖြစ်ပြီ။ ပရောဖက်အယောင်ဆောင်သောသူရူးရှိသမျှတို့ကို အချုပ်ထဲတွင် ထိပ်ခတ်ထားရမည်ဟု သင်ဆိုလေပြီ။ |
|
| 27 |
|
| ယခု သင်တို့တွင် ပရောဖက်ပြုဟောပြောနေသော အာနသုတ်မြို့သားယေရမိကို အဘယ်ကြောင့် မဆုံးမသနည်း။ |
|
| 28 |
|
| သူက ဘေဘီလုံမြို့တွင်ရှိသော ငါတို့ထံသို့စာပို့ပြီး ဘေဘီလုံမြို့တွင် ကြာမြင့်စွာနေရဦးမည်။ ထို့ကြောင့် အိမ်ကိုဆောက်၍ နေထိုင်ကြလော့။ ဥယျာဉ်များ၌ စိုက်ပျိုး၍ အသီးအနှံကိုစားကြလော့ဟု ဆိုလေပြီတကား’ဟူ၍ မိန့်တော်မူပြီ”ဟု ပြောကြားလော့။ |
|
| 29 |
|
| ယဇ်ပုရောဟိတ်ဇေဖနိသည် ထိုစာကို ပရောဖက်ယေရမိအား ဖတ်ပြလေ၏။ |
|
| 30 |
|
| ထို့နောက် ယေရမိထံသို့ ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၍ |
|
| 31 |
|
| “သုံ့ပန်းအားလုံးတို့အား ဤသို့မှာလိုက်လော့။ နဟေလံရွာသား ရှေမာယနှင့်ပတ်သက်၍ ထာဝရဘုရားက ရှေမာယသည် သင်တို့ကို ပရောဖက်ပြုဟောပြောလေပြီ။ သူ့ကိုငါစေလွှတ်သည်မဟုတ်။ သူသည် သင်တို့အား မုသားကို ကိုးစားစေပြီဟု မိန့်တော်မူ၏။ |
|
| 32 |
|
| ထာဝရဘုရားက နဟေလံအမျိုး ရှေမာယသည် ငါ့ကို ပုန်ကန်ပြောဆိုသောကြောင့် ကြည့်ရှုလော့။ ငါသည် သူနှင့်သူ၏သားစဉ်မြေးဆက်တို့ကို ဒဏ်ခတ်မည်။ ဤလူမျိုးထဲတွင် သူ၏သားစဉ်မြေးဆက်တစ်ယောက်မျှ အသက်ရှင်နေထိုင်ရမည်မဟုတ်ဟု မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရားက ငါ့လူမျိုးတော်အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာကို သူတို့ခံစားရမည်မဟုတ်”ဟု မိန့်ဆို၏။ |
|
|
|
|