|
| 1 |
|
| တစ်ဖန် ဝိညာဉ်တော်သည် ငါ့ကို အရှေ့ဘက်သို့မျက်နှာမူသော ထာဝရဘုရားအိမ်တော်အရှေ့တံခါးသို့ ချီဆောင်သွား၏။ ထိုတံခါးဝ၌ လူနှစ်ဆယ့်ငါးယောက်ကို ငါတွေ့၏။ သူတို့အလယ်တွင် လူမျိုးတော်၏အကြီးအကဲဖြစ်သော အဇ္ဇုရ၏သားယာဇညာနှင့် ဗေနာယ၏သားပေလတိတို့ကိုလည်း ငါတွေ့၏။ |
|
| 2 |
|
| ထိုအခါ ငါ့အား “အချင်းလူသား၊ ဤလူတို့သည် မကောင်းသောအကြံကိုကြံစည်သောသူများ၊ ဤမြို့သားတို့ကို မကောင်းသောအကြံဉာဏ်ပေးသောသူများဖြစ်၏။ |
|
| 3 |
|
| သူတို့က ‘အိမ်ဆောက်ရမည့် အချိန်မရောက်သေးပါ။ ဤမြို့ကား ဟင်းအိုး၊ ငါတို့ကား အသားဖြစ်၏’ဟု ပြောတတ်ကြ၏။ |
|
| 4 |
|
| ထို့ကြောင့် အို အချင်းလူသား၊ သူတို့ကို ဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့”ဟု မိန့်တော်မူ၏။ |
|
| 5 |
|
| ထို့နောက် ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့သက်ရောက်၍ ငါ့အား “ထာဝရဘုရားက ‘အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့ ပြောဆိုသည့်အတိုင်းဖြစ်၏။ သင်တို့စိတ်ထဲ၌ မည်သို့တွေးနေသည်ကို ငါသိ၏။ |
|
| 6 |
|
| သင်တို့ကြောင့် ဤမြို့တွင် လူအမြောက်အမြားသေဆုံးရ၍ လမ်းများပေါ်တွင် အသေကောင်တို့ပုံနေလေပြီ’ဟု မိန့်တော်မူ၏။ |
|
| 7 |
|
| ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့ပြောသည့်အတိုင်း မြို့ထဲ၌ သင်တို့ကြောင့်ပုံနေသောအသေကောင်တို့သည် အသားဖြစ်ပြီး မြို့သည် အိုးဖြစ်မည်။ သင်တို့မူကား မြို့မှ နှင်ထုတ်ခံရမည်။ |
|
| 8 |
|
| ဓားဘေးကို သင်တို့ကြောက်ကြသည်မဟုတ်လော။ ထိုဓားဘေးကိုပင် သင်တို့အပေါ် ငါကျရောက်စေမည်’ဟု မိန့်တော်မူ၏။ |
|
| 9 |
|
| ဘုရားရှင်ထာဝရဘုရားက ‘ငါသည် သင်တို့ကိုမြို့ထဲမှ နှင်ထုတ်မည်၊ တစ်ပါးအမျိုးသားတို့၏လက်သို့အပ်မည်၊ အပြစ်ဒဏ်ပေးမည်။ |
|
| 10 |
|
| သင်တို့သည် ဓားဘေးဖြင့် သေရလိမ့်မည်။ ငါသည် သင်တို့ကိုအစ္စရေးနယ်စပ်တွင် တရားစီရင်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်။ |
|
| 11 |
|
| ဤမြို့သည် ဟင်းအိုးကဲ့သို့၊ သင်တို့သည် ဟင်းအိုးထဲမှအသားကဲ့သို့ မဖြစ်စေရ။ သင်တို့ကိုအစ္စရေးနယ်စပ်တွင် ငါတရားစီရင်မည်။ |
|
| 12 |
|
| သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြရလိမ့်မည်။ သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကိုမလိုက်နာ၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းမလိုက်လျှောက်ဘဲ သင်တို့ဝန်းကျင်ရှိ လူမျိုးခြားတို့၏စီရင်ထုံးဖွဲ့ချက်များအတိုင်း လိုက်လျှောက်ကြပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ |
|
| 13 |
|
| ထိုအကြောင်းကို ငါပရောဖက်ပြုဟောပြောနေစဉ် ဗေနာယ၏သားပေလတိ သေလေ၏။ ထိုအခါ ငါသည် ပျပ်ဝပ်လျက် “အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကြွင်းကျန်သောအစ္စရေးတို့ကိုပါ အကုန်အစင်ဖျက်ဆီးတော်မူမည်လော”ဟု အသံကုန်အော်ဟစ်လျှောက်ဆိုလေ၏။ |
|
| 14 |
|
| တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာပြန်၍ |
|
| 15 |
|
| “အချင်းလူသား၊ ဂျေရုဆလင်မြို့တွင်နေထိုင်သောသူတို့က သင်၏ညီအစ်ကိုများ၊ သင်၏ဆွေမျိုးသားချင်းများ နှင့် အစ္စရေးတစ်မျိုးနွယ်လုံးအား ‘ထာဝရဘုရားထံတော်မှ အဝေးသို့ ထွက်သွားကြလော့။ ဤပြည်ကို ငါတို့အား အမွေအဖြစ်ပေးတော်မူပြီ’ဟု ပြောဆိုကြပြီ။ |
|
| 16 |
|
| ထို့ကြောင့် ‘ဘုရားရှင်ထာဝရဘုရားက ငါသည် သူတို့ကို လူမျိုးခြားတို့နေရာ ရပ်ဝေးသို့ပို့၍ အရပ်ရပ်သို့ကွဲလွင့်စေသော်လည်း သူတို့ရောက်ရှိရာအရပ်ရပ်တွင် ငါသည် သူတို့အဖို့ ယာယီသန့်ရှင်းရာဌာနဖြစ်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။ |
|
| 17 |
|
| ထို့ကြောင့် ‘ဘုရားရှင်ထာဝရဘုရားက သင်တို့ကို လူမျိုးတကာတို့မှ ပြန်လည်စုစည်းမည်။ သင်တို့ကွဲလွင့်ရာအရပ်ရပ်တို့မှ သင်တို့ကို ပြန်ခေါ်လာမည်။ အစ္စရေးပြည်ကို သင်တို့အား ပြန်ပေးမည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။ |
|
| 18 |
|
| ဘုရားရှင်ထာဝရဘုရားက ‘သူတို့ပြန်လာကြသောအခါ ထိုပြည်ရှိ စက်ဆုပ်ရွံရှာဖွယ်အမှုရှိသမျှတို့ကို ဖယ်ရှားပစ်ကြလိမ့်မည်။ |
|
| 19 |
|
| သူတို့အား တစ်စိတ်တစ်သဘောတည်း ရှိစေမည်။ စိတ်နှလုံးသစ်ကို ပေးမည်။ သူတို့အထဲမှ ကျောက်နှလုံးသားကိုဖယ်ရှား၍ အသားနှလုံးသားကို ပေးမည်။ |
|
| 20 |
|
| သို့ဖြစ်၍ သူတို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်၍ ငါ၏စီရင်ထုံးဖွဲ့ချက်ကို လိုက်နာစောင့်ထိန်းကြလိမ့်မည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။ |
|
| 21 |
|
| သို့သော် စက်ဆုပ်ရွံရှာဖွယ်ရာများနောက်သို့လိုက်လိုသော စိတ်ဆန္ဒပြင်းပြသောသူတို့ကိုမူ သူတို့ပြုကျင့်သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ပြန်ရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆိုလေ၏။ |
|
| 22 |
|
| ထို့နောက် ဘေး၌ဘီးပါသောခေရုဗိမ် တို့သည် တောင်ပံများကိုဖြန့်၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းတော်သည်လည်း သူတို့အထက်၌ တည်နေ၏။ |
|
| 23 |
|
| ထာဝရဘုရား၏ဘုန်းတော်သည် မြို့ထဲမှတက်လာ၍ မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် ရပ်တော်မူ၏။ |
|
| 24 |
|
| ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဖွင့်ပြတော်မူသောဗျာဒိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို သုံ့ပန်းတို့ရှိရာ ခါလဒဲပြည်သို့ ပြန်ချီဆောင်လာ၏။ ထို့နောက် ငါမြင်ရသော ဗျာဒိတ်အာရုံသည် ပျောက်ကွယ်သွား၏။ |
|
| 25 |
|
| ထိုအခါ ငါ့အား ထာဝရဘုရားဖော်ပြတော်မူသောအရာအလုံးစုံကို ဖမ်းခေါ်သွားခြင်းခံရသောသူတို့အား ငါပြောပြ၏။ |
|
|
|
|