|
| 1 |
|
| အစ္စရေးခေါင်းဆောင်တို့နှင့်ဆိုင်သော ငိုချင်းကို ဖွဲ့ဆိုလော့။ |
|
| 2 |
|
| ‘သင့်မိခင်ကား မည်သို့သောသူနည်း။ ခြင်္သေ့ပျိုတို့နှင့်အတူနေထိုင်၍ သားပေါက်တို့ကိုကျွေးမွေးသောခြင်္သေ့မ၊ ခြင်္သေ့များကြားမှ ခြင်္သေ့မဖြစ်သည်မဟုတ်လော။ |
|
| 3 |
|
| သူကျွေးမွေးသောသားပေါက်တို့ထဲမှ တစ်ကောင်သည် သန်စွမ်းသောခြင်္သေ့ပျိုဖြစ်လာ၍ သားကောင်ကိုကိုက်ဖြတ်ရန် သင်ယူ၍ လူတို့ကိုပင် ကိုက်စားဝါးမျိုတတ်လာ၏။ |
|
| 4 |
|
| သူ့အကြောင်းကိုကြားသော လူမျိုးခြားတို့သည် သူ့ကိုတွင်းနှင့်ထောင်ဖမ်းပြီး ကြိုးကွင်းစွပ်၍ အီဂျစ်ပြည်သို့ ခေါ်ဆောင်သွား၏။ |
|
| 5 |
|
| မျှော်လင့်စောင့်စားခဲ့သောအရာ ပျက်စီးသွားကြောင်း ခြင်္သေ့မ သိမြင်သောအခါ သားပေါက်ထဲမှတစ်ကောင်ကို ရွေးယူ၍ သန်စွမ်းသောခြင်္သေ့ပျိုဖြစ်အောင် ကျွေးမွေးပြန်၏။ |
|
| 6 |
|
| ထိုသားပေါက်သည် ခြင်္သေ့များကြားတွင် သွားလာနေထိုင်ရင်း သန်စွမ်းသောခြင်္သေ့ပျိုဖြစ်လာပြီး သားကောင်ကိုကိုက်ဖြတ်စားသောက်သောအတတ်ကို သင်ယူ၍ လူကိုပါ ကိုက်စားဝါးမျိုတတ်လာ၏။ |
|
| 7 |
|
| လူတို့၏ခံတပ်တို့ကိုဖြိုဖျက်၍ မြို့တို့ကို တိတ်ဆိတ်ခြောက်ကပ်စေ၏။ သူ၏ဟိန်းဟောက်သံကြောင့် တစ်ပြည်လုံး တုန်လှုပ်ချောက်ချားကုန်၏။ |
|
| 8 |
|
| ထိုအခါ ဝန်းကျင်ရှိတိုင်းနိုင်ငံများမှ လူမျိုးတို့သည် သူ့ကိုလာတိုက်ခိုက်ကြ၏။ သူ့ကိုပိုက်ကွန်နှင့်အုပ်၏။ သူသည် ထောင်ချောက်တွင်းထဲသို့ ကျလေပြီ။ |
|
| 9 |
|
| သူ့ကိုကြိုးကွင်းစွပ်လျက် လှောင်အိမ်ထဲထည့်ကာ ဘေဘီလုံဘုရင်ထံသို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင်ထား၏။ ထို့ကြောင့် အစ္စရေးတောင်များပေါ်တွင် သူ၏ဟိန်းဟောက်သံကို မကြားရတော့ပေ။ |
|
| 10 |
|
| သင့်မိခင်သည် သင်နှင့်သွေးသားတူ၍ စပျစ်ပင်ကဲ့သို့ဖြစ်၏။ ရေစပ်၌စိုက်ထားသည်ဖြစ်၍ ရေဝသောကြောင့် အသီးများ၊ အကိုင်းအခက်များဖြင့် ဝေဆာ၏။ |
|
| 11 |
|
| အကိုင်းအခက်များ သန်မာသောကြောင့် ရာဇလှံတံအဖြစ်ပင် အသုံးပြုနိုင်၏။ ကြီးထွားမြင့်မားပြီး အကိုင်းအခက်များလည်း များစွာဖြာထွက်၏။ ပင်မြင့်ဖြစ်၍ အပင်တကာတို့ကြားတွင် ထီးထီးကြီးမြင်တွေ့နိုင်၏။ |
|
| 12 |
|
| သို့သော် ထိုစပျစ်ပင်သည် ဒေါသတကြီး ဆွဲနုတ်ခံရ၏။ မြေပေါ်၌ ပစ်ထားခံရ၏။ အရှေ့လေတိုက်သောအခါ သူ၏အသီးတို့သည် ခြောက်သွေ့ကုန်၏။ သန်မာသောအကိုင်းအခက်တို့သည် ကျိုးပဲ့၍ခြောက်သွားပြီး မီးရှို့ခံရလေ၏။ |
|
| 13 |
|
| ယခုမူကား ထိုစပျစ်ပင်ကို ရေမရှိ၊ ခြောက်သွေ့သောကန္တာရမြေ၌ စိုက်ပျိုးထား၏။ |
|
| 14 |
|
| အကိုင်းတစ်ကိုင်းမှ မီးထွက်လာ၍ အသီးတို့ကို လောင်ကျွမ်းလေ၏။ ထို့ကြောင့် ရာဇလှံတံအဖြစ် အသုံးပြုနိုင်သည့် သန်မာသောအကိုင်းအခက်တစ်ခုမျှမရှိတော့ပေဟု သီဆိုလော့။ ဤသည်ကား ငိုကြွေးမြည်တမ်းစရာ ငိုချင်းတစ်ပုဒ်ပေတည်း’ဟူ၍ မြွက်ဆိုလော့”ဟု မိန့်ဆို၏။ |
|
|
|
|