|
| 1 |
|
| တစ်ဖန် ထာဝရဘုရားက မောရှေအား “အာရုန်၏သားယဇ်ပုရောဟိတ်တို့ကို ဆင့်ဆိုလော့။ ယဇ်ပုရောဟိတ်သည် ကိုယ့်လူမျိုးထဲမှသေလွန်သွားသူအတွက် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။ |
|
| 2 |
|
| သို့သော် မိမိနှင့်ဆွေမျိုးနီးစပ်သူများဖြစ်သည့် မိဘ၊ သားသမီး၊ ညီအစ်ကို၊ |
|
| 3 |
|
| ယောက်ျားမယူသေးသော အစ်မ၊ သို့မဟုတ် နှမအပျိုကညာအတွက် ကိုယ့်ကိုယ်ကိုယ်ညစ်ညူးစေနိုင်၏။ |
|
| 4 |
|
| ယဇ်ပုရောဟိတ်သည် မိမိလူမျိုးထဲတွင် ခေါင်းဆောင်ဖြစ်သဖြင့် ကိုယ့်အသရေပျက်အောင် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။ |
|
| 5 |
|
| ယဇ်ပုရောဟိတ်တို့သည် ခေါင်းတုံးမတုံးရ။ မုတ်ဆိတ်မွေးအဖျားကို မညှပ်ရ။ ကိုယ့်အသားကို မခုတ်မရှရ။ |
|
| 6 |
|
| သူတို့သည် သူတို့၏ဘုရားသခင်အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ သူတို့ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ သူတို့ဘုရားသခင်အဖို့ စားဖွယ်ရာဖြစ်သော ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်များကို ပူဇော်ရသောသူများဖြစ်သောကြောင့် သူတို့သည် သန့်ရှင်းခြင်းရှိကြရမည်။ |
|
| 7 |
|
| သူတို့သည် သူတို့၏ဘုရားသခင်အဖို့ သန့်ရှင်းသောသူဖြစ်သောကြောင့် ပြည့်တန်ဆာလုပ်၍ အသရေမရှိသောမိန်းမကို မယူရ။ လင်ယောက်ျားနှင့်ကွာရှင်းထားသောမိန်းမကို မယူရ။ |
|
| 8 |
|
| ယဇ်ပုရောဟိတ်သည် သင်၏ဘုရားသခင်အား စားဖွယ်ရာကိုဆက်သရသောကြောင့် သင်သည် သူ့ကို သန့်ရှင်းစေရမည်။ သူသည် သင့်အဖို့ သန့်ရှင်းသောသူဖြစ်ရမည်။ အကြောင်းမူကား သင်တို့ကိုသန့်ရှင်းစေသော ငါထာဝရဘုရားသည် သန့်ရှင်း၏။ |
|
| 9 |
|
| ယဇ်ပုရောဟိတ်တစ်ပါးပါး၏သမီးသည် ပြည့်တန်ဆာလုပ်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်အသရေဖျက်လျှင် မိမိဖခင်ကိုအသရေဖျက်ရာရောက်သည်ဖြစ်၍ သူ့ကို မီးရှို့ရမည်။ |
|
| 10 |
|
| ခေါင်းပေါ်၌ဘိသိက်ဆီသွန်းလောင်း၍ အဝတ်တန်ဆာဝတ်ဆင်ရန် အပ်နှင်းခြင်းခံရသူ၊ မိမိအမျိုးသားချင်းတို့တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သူသည် ဆံပင်ဖားလျားမချရ။ မိမိအဝတ်ကို မဆုတ်ရ။ |
|
| 11 |
|
| လူသေအလောင်းရှိရာသို့ မသွားရ။ မိမိ၏မိခင်၊ သို့မဟုတ် မိမိ၏ဖခင် ဖြစ်စေကာမူ ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။ |
|
| 12 |
|
| ဘုရားသခင်၏ဆက်ကပ်ခြင်းဆိုင်ရာဘိသိက်ဆီသည် သူ့အပေါ်၌ရှိသည်ဖြစ်၍ သူသည် သန့်ရှင်းရာဌာနထဲမှ မထွက်ရ။ ဘုရားသခင်၏သန့်ရှင်းရာဌာနကို မညစ်ညူးစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။ |
|
| 13 |
|
| သူသည် အပျိုစင်မိန်းမနှင့်သာ စုံဖက်ရမည်။ |
|
| 14 |
|
| မုဆိုးမ၊ ကွာရှင်းထားသောမိန်းမ၊ အသရေမရှိသောပြည့်တန်ဆာမတို့နှင့် မစုံဖက်ရ။ သူသည် မိမိလူမျိုးထဲမှ အပျိုကညာကိုသာ မယားအဖြစ် စုံဖက်ရမည်။ |
|
| 15 |
|
| သူ၏သားသမီးတို့ကို ကိုယ့်လူမျိုးအလယ်၌ မရှုတ်ချရ။ အကြောင်းမူကား ငါသည် သူ့ကိုသန့်ရှင်းစေသောထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။ |
|
| 16 |
|
| တစ်ဖန် ထာဝရဘုရားက မောရှေအား |
|
| 17 |
|
| “အာရုန်အား ဆင့်ဆိုလော့။ သင့်သားစဉ်မြေးဆက်၏မျိုးဆက်တစ်လျှောက်တွင် ကိုယ်အင်္ဂါချို့ယွင်းသောသူသည် မိမိဘုရားသခင်အဖို့ စားဖွယ်ရာကို ပူဇော်ရန် မချဉ်းကပ်ရ။ |
|
| 18 |
|
| မျက်မမြင်သူ၊ ခြေမသန်သူ၊ မျက်နှာပုံပျက်သူ၊ ကိုယ်အင်္ဂါပုံပျက်သူ၊ |
|
| 19 |
|
| ခြေကျိုးသူ၊ လက်ကျိုးသူ၊ |
|
| 20 |
|
| ကျောဘုသူ၊ အရပ်ပုသူ၊ မျက်လုံးပုံပျက်သူ၊ နှင်းခူပေါက်သူ၊ ယားနာပေါက်သူ၊ ဝှေးစေ့ပျက်သူစသည့် ကိုယ်အင်္ဂါချို့ယွင်းသောသူသည် မချဉ်းကပ်ရ။ |
|
| 21 |
|
| ယဇ်ပုရောဟိတ်အာရုန်၏သားစဉ်မြေးဆက်တို့တွင် ကိုယ်အင်္ဂါချို့ယွင်းသောသူမည်သူမျှ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်ရန် မချဉ်းကပ်ရ။ ကိုယ်အင်္ဂါချို့ယွင်းသောသူသည် မိမိဘုရားသခင်အဖို့ စားဖွယ်ရာကို ပူဇော်ရန် မချဉ်းကပ်ရ။ |
|
| 22 |
|
| မိမိဘုရားသခင်အဖို့ စားဖွယ်ရာများဖြစ်သည့် အထူးသန့်ရှင်းသောစားဖွယ်ရာကိုလည်းကောင်း၊ သန့်ရှင်းသောစားဖွယ်ရာကိုလည်းကောင်း သူစားခွင့်ရှိ၏။ |
|
| 23 |
|
| သို့သော် သူသည် ကိုယ်အင်္ဂါချို့ယွင်းသောကြောင့် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေရာမရောက်မည့်အကြောင်း ကန့်လန့်ကာအတွင်းသို့ မဝင်ရ၊ ယဇ်ပလ္လင်သို့လည်း မချဉ်းကပ်ရ။ အကြောင်းမူကား ငါထာဝရဘုရားသည် ထိုအရာတို့ကို သန့်ရှင်းစေပြီ”ဟု မိန့်တော်မူ၏။ |
|
| 24 |
|
| မောရှေသည်လည်း အာရုန်နှင့် သူ၏သားတို့ကိုလည်းကောင်း၊ အစ္စရေးအမျိုးသားအပေါင်းတို့ကိုလည်းကောင်း ဆင့်ဆိုလေ၏။ |
|
|
|
|