|
| 1 |
|
| ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အမိတ္တဲ၏သားယောနထံသို့ ရောက်လာ၍ |
|
| 2 |
|
| “ထလော့။ နိနေဝေမြို့ကြီးသို့ သွားလော့။ သူတို့ပြုသောမကောင်းမှုများသည် ငါ့ရှေ့မှောက်တွင် ထင်ရှားလှပြီဖြစ်၍ သူတို့ကို ဆန့်ကျင်ဟောပြောလော့”ဟု မိန့်ဆို၏။ |
|
| 3 |
|
| သို့သော် ယောနသည် ထ၍ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ ထွက်ပြေးလေ၏။ သူသည် ယုပ္ပေမြို့သို့ဆင်းသွားပြီး တာရှုပြည်သို့သွားမည့်သင်္ဘောကို တွေ့သဖြင့် သင်္ဘောခပေးပြီး အထဲသို့ဝင်ကာ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ သင်္ဘောသားတို့နှင့်အတူ လိုက်သွားလေ၏။ |
|
| 4 |
|
| ထိုအခါ ထာဝရဘုရားသည် ပင်လယ်ပြင်တွင် လေပြင်းတိုက်ခတ်စေသဖြင့် လေမုန်တိုင်းကြီးကျရောက်လေ၏။ သင်္ဘောမှာလည်း ကျိုးပဲ့လုမတတ်ဖြစ်လေ၏။ |
|
| 5 |
|
| သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးသီးကိုယ့်ဘုရားများထံ အော်ဟစ်ဆုတောင်းကြလေ၏။ သင်္ဘောပေါ့စေရန် ကုန်ပစ္စည်းများကို ပင်လယ်ထဲသို့ပစ်ချကြ၏။ ယောနမူကား သင်္ဘောဝမ်းထဲသို့ ဆင်းသွားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။ |
|
| 6 |
|
| မာလိန်မှူးသည် သူ့ထံသို့သွား၍ “သင် အဘယ်ကြောင့် အိပ်မောကျနေသနည်း။ ထပြီး သင့်ဘုရားထံ ဆုတောင်းပါလော့။ ငါတို့ သေကျေပျက်စီးမသွားအောင် သင့်ဘုရားသည် ငါတို့ကို ကယ်တင်ကောင်းကယ်တင်လိမ့်မည်”ဟု ဆို၏။ |
|
| 7 |
|
| ထို့နောက် သူတို့က “မည်သူ့ကြောင့် ငါတို့အပေါ် ဤဘေးဆိုးကျရောက်သည်ကိုသိရှိနိုင်ရန် လာကြ၊ မဲချကြစို့”ဟု အချင်းချင်းပြောဆိုပြီး မဲချကြရာ ယောန၌မဲကျလေ၏။ |
|
| 8 |
|
| ထိုအခါ သူတို့က “ယခု ပြောပါလော့။ ငါတို့အပေါ် ဤဘေးဆိုးကျရောက်သည်မှာ မည်သူ့ကြောင့်နည်း။ သင် မည်သည့်အလုပ်လုပ်သနည်း။ မည်သည့်အရပ်မှ လာသနည်း။ မည်သည့်ပြည်သား ဖြစ်သနည်း။ မည်သည့်လူမျိုး ဖြစ်သနည်း”ဟု မေးကြလျှင် |
|
| 9 |
|
| သူက “ငါသည် ဟေဗြဲလူမျိုးဖြစ်၏။ ပင်လယ်နှင့်ကုန်းမြေကို ဖန်ဆင်းတော်မူသောကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သူ ဖြစ်ပါသည်”ဟု သူတို့အား ဆို၏။ |
|
| 10 |
|
| ထို့ပြင် သူသည် ထာဝရဘုရားထံတော်မှ ထွက်ပြေးခဲ့ကြောင်းကို လူတို့အား ပြောပြသဖြင့် သူတို့သိသွားကြသောအခါ အလွန်ကြောက်ရွံ့ထိတ်လန့်၍ သူ့အား “အဘယ်ကြောင့် ဤသို့ပြုသနည်း”ဟု ဆိုကြ၏။ |
|
| 11 |
|
| ထိုစဉ် ပင်လယ်ပြင်တွင် လေမုန်တိုင်းပိုမိုပြင်းထန်လာသဖြင့် သူတို့က “ပင်လယ်ငြိမ်သက်သွားအောင် သင့်ကို ငါတို့ မည်သို့ပြုရမည်နည်း”ဟု သူ့အားမေးလျှင် |
|
| 12 |
|
| သူက “ငါ့ကိုချီ၍ ပင်လယ်ထဲသို့ ပစ်ချလော့။ သို့ပြုလျှင် ပင်လယ်သည် ငြိမ်သက်သွားလိမ့်မည်။ ငါ့ကြောင့် ဤလေမုန်တိုင်းကြီး သင်တို့အပေါ်ကျရောက်ကြောင်းကို ငါသိ၏”ဟု ပြန်ပြော၏။ |
|
| 13 |
|
| လူတို့သည် ကမ်းသို့ရောက်အောင် ကြိုးစားလှော်ခတ်ကြသေး၏။ သို့သော် ပင်လယ်ပြင်တွင် လေမုန်တိုင်းပိုမိုပြင်းထန်လာသဖြင့် ကမ်းသို့ မရောက်နိုင်ကြ။ |
|
| 14 |
|
| ထိုအခါ သူတို့က “အို ထာဝရဘုရား၊ ဤသူ၏အသက်ကြောင့် အကျွန်ုပ်တို့ကိုပါ ဖျက်ဆီးတော်မမူပါနှင့်။ အပြစ်မဲ့သောသူအား သတ်သောအပြစ်ကို အကျွန်ုပ်တို့အပေါ် ကျရောက်စေတော်မမူပါနှင့်။ ထာဝရဘုရား၊ ကိုယ်တော်သည် အလိုတော်အတိုင်း ပြုတော်မူပါပြီ”ဟု ထာဝရဘုရားထံ အော်ဟစ်ပြောဆိုကြ၏။ |
|
| 15 |
|
| ထို့နောက် ယောနကိုချီမ၍ ပင်လယ်ထဲသို့ပစ်ချကြလျှင် ပင်လယ်ပြင်မှ ပြင်းထန်သောလေမုန်တိုင်းကြီးလည်း ငြိမ်သက်သွားလေ၏။ |
|
| 16 |
|
| ထိုအခါ လူတို့သည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့ကြသဖြင့် ထာဝရဘုရားထံယဇ်ပူဇော်ပြီး ကတိသစ္စာပြုကြ၏။ |
|
| 17 |
|
| ယောနကိုမျိုချရန် ငါးကြီးတစ်ကောင်ကို ထာဝရဘုရား ပြင်ဆင်ထားသဖြင့် ယောနသည် ငါးကြီးဝမ်းထဲတွင် သုံးရက်သုံးည နေရလေ၏။ |
|
|
|
|