|
| 1 |
|
| ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ဆဋ္ဌမလ၊ တစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလနှင့် ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုတို့ထံသို့ ရောက်လာသည်မှာ ဤသို့တည်း။ |
|
| 2 |
|
| ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ ‘ထာဝရဘုရား၏အိမ်တော်ကို ပြန်လည်တည်ဆောက်ချိန် မရောက်သေး’ဟူ၍ ဤလူတို့ ဆိုတတ်ကြသည်”ဟု မိန့်တော်မူ၏။ |
|
| 3 |
|
| ထို့နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရောက်လာ၍ |
|
| 4 |
|
| “ဤအိမ်တော် ပျက်စီးနေချိန်တွင် သင်တို့ကိုယ်တိုင် အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရသလော။ |
|
| 5 |
|
| ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏အပြုအမူအကျင့်အကြံများကို ဆင်ခြင်ကြလော့။ |
|
| 6 |
|
| သင်တို့သည် မျိုးစေ့များစွာကြဲသော်လည်း သီးနှံအနည်းငယ်သာရိတ်ရ၏။ အစာစားရသော်လည်း ဝလင်စွာမစားရ။ သောက်ရသော်လည်း ဝစွာမသောက်ရ။ အဝတ်ဝတ်ရသော်လည်း နွေးထွေးမှုမရှိ။ လုပ်အားခရသော်လည်း အိတ်ပေါက်ထဲသို့သာ ထည့်ရ၏’ဟု မိန့်တော်မူ၏။ |
|
| 7 |
|
| ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏အပြုအမူအကျင့်အကြံများကို ဆင်ခြင်ကြလော့’ဟု မိန့်ဆိုပြီ။ |
|
| 8 |
|
| ‘တောင်ပေါ်သို့တက်သွား၍ သစ်ကိုယူဆောင်လာပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ထိုအိမ်တော်ကိုငါနှစ်သက်၍ ငါ့ဘုန်းတော်ကိုလည်း ထင်ရှားစေမည်’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ |
|
| 9 |
|
| ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့သည် များများရမည်ဟုမျှော်လင့်သော်လည်း နည်းနည်းသာ ရ၏။ သင်တို့အိမ်သို့ယူဆောင်လာသောအရာကို ငါမှုတ်ထုတ်ပစ်လိုက်၏။ အဘယ်ကြောင့်နည်းဟူမူကား ငါ့အိမ်တော်မှာပျက်စီးယိုယွင်းလျက်နှင့် သင်တို့အသီးသီးသည် ကိုယ့်အိမ်ဖို့သာ အလုပ်များနေကြသောကြောင့်ဖြစ်၏’ဟု မိန့်တော်မူ၏။ |
|
| 10 |
|
| ထို့ကြောင့် သင်တို့အဖို့ မိုးနှင်းမကျ။ မြေကြီးလည်း အသီးအနှံ မဖြစ်ထွန်း။ |
|
| 11 |
|
| မြေကြီးနှင့် တောင်များအပေါ်၌လည်းကောင်း၊ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ မြေ၌ ပေါက်သောအပင်များ၊ လူနှင့်တိရစ္ဆာန်များနှင့် ပင်ပန်းခက်ခဲစွာလုပ်ဆောင်ထားသောအရာအားလုံးအပေါ်၌လည်းကောင်း မိုးခေါင်ခြင်းဘေးကျရောက်စေလေပြီ”ဟု မိန့်ဆို၏။ |
|
| 12 |
|
| ထိုအခါ ရှာလသေလ၏သား ဇေရုဗဗေလ၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုနှင့် ကြွင်းကျန်သောလူအပေါင်းတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုလည်းကောင်း၊ မိမိတို့၏ဘုရားသခင်ထာဝရဘုရားစေလွှတ်တော်မူသောပရောဖက်ဟဂ္ဂဲ ဆင့်ဆိုသည့်စကားကိုလည်းကောင်း နားထောင်ကြ၏။ လူအပေါင်းတို့သည်လည်း ထာဝရဘုရားကို ကြောက်ရွံ့ရိုသေကြ၏။ |
|
| 13 |
|
| ထို့နောက် ထာဝရဘုရား၏စေတမန်ဟဂ္ဂဲက လူတို့အား “ထာဝရဘုရားက သင်တို့နှင့်အတူ ငါရှိ၏ဟူ၍ မိန့်တော်မူသည်”ဟု ထာဝရဘုရားမိန့်တော်မူသောစကားကို ဆင့်ဆို၏။ |
|
| 14 |
|
| ဤသို့ဖြင့် ထာဝရဘုရားသည် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလ၏စိတ်ကိုလည်းကောင်း၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၏စိတ်ကိုလည်းကောင်း၊ ကြွင်းကျန်သောသူအပေါင်း၏စိတ်ကိုလည်းကောင်း လှုံ့ဆော်သဖြင့် သူတို့သည် လာ၍ မိမိတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ကြ၏။ |
|
| 15 |
|
| ထိုအချိန်သည် ဒါရိမင်းကြီးနန်းစံဒုတိယနှစ်၊ ဆဋ္ဌမလ၊ နှစ်ဆယ့်လေးရက်နေ့ ဖြစ်၏။ |
|
|
|
|