|
| 1 |
|
| အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ပထမလ၌ ဇိနတောကန္တာရသို့ရောက်လာ၍ သူတို့သည် ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သူ့ကို ထိုအရပ်မှာပင် သင်္ဂြိုဟ်ကြ၏။ |
|
| 2 |
|
| ရေမရှိသဖြင့် လူထုတို့သည်စုရုံး၍ မောရှေနှင့်အာရုန်တို့ကို ဆန့်ကျင်ကြ၏။ |
|
| 3 |
|
| လူတို့က မောရှေအား “ထာဝရဘုရားရှေ့တော်၌ ငါတို့၏ညီအစ်ကိုများသေစဉ်က ငါတို့လည်း သေခဲ့ပါစေလား။ |
|
| 4 |
|
| သင်သည် ထာဝရဘုရား၏လူအစုအဝေးဖြစ်သောငါတို့နှင့်တကွ ငါတို့၏တိရစ္ဆာန်များကိုလည်း ဤနေရာ၊ ဤတောကန္တာရထဲ၌သေစေရန် အဘယ်ကြောင့်ခေါ်ဆောင်ခဲ့သနည်း။ |
|
| 5 |
|
| သင်သည် ငါတို့ကို အီဂျစ်ပြည်မှ ဤဆိုးရွားသောအရပ်သို့ အဘယ်ကြောင့်ခေါ်ဆောင်လာသနည်း။ ဤအရပ်သည် မျိုးစေ့ကြဲရာအရပ်မဟုတ်။ သဖန်းပင်၊ စပျစ်ပင်၊ သလဲပင် စိုက်ရာအရပ်မဟုတ်။ သောက်စရာရေလည်းမရှိ”ဟု ရန်တွေ့ကြ၏။ |
|
| 6 |
|
| မောရှေနှင့်အာရုန်သည်လည်း လူအစုအဝေးထံမှ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ သွား၍ ပျပ်ဝပ်လျက်နေကြစဉ် ထာဝရဘုရား၏ဘုန်းအသရေသည် သူတို့ရှေ့၌ ထင်ရှားလေ၏။ |
|
| 7 |
|
| ထာဝရဘုရားက မောရှေအား |
|
| 8 |
|
| “တောင်ဝှေးကို ယူလော့။ သင်နှင့်သင်၏အစ်ကိုအာရုန်သည် အစ္စရေးလူထုကိုစုရုံး၍ သူတို့ရှေ့၌ ကျောက်တုံးကို အမိန့်ပေးလော့။ ထိုကျောက်တုံးမှ ရေထွက်လာမည်။ ဤသို့ဖြင့် သင်သည် ထိုကျောက်တုံးမှရေထွက်လာစေပြီး အစ္စရေးလူထုနှင့်သူတို့၏တိရစ္ဆာန်တို့သောက်စရာရေကို ပေးရမည်”ဟု မိန့်တော်မူ၏။ |
|
| 9 |
|
| မောရှေသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရား၏ရှေ့တော်မှ တောင်ဝှေးကိုယူလေ၏။ |
|
| 10 |
|
| မောရှေနှင့်အာရုန်သည် လူအစုအဝေးတို့ကို ကျောက်တုံးရှေ့၌ စုရုံးစေပြီးလျှင် သူတို့အား “ပုန်ကန်သူတို့၊ နားထောင်လော့။ ငါတို့သည် သင်တို့အတွက် ဤကျောက်တုံးမှ ရေထွက်စေရမည်လော”ဟု ဆိုပြီးလျှင် |
|
| 11 |
|
| မောရှေသည် မိမိ၏လက်ကိုမြှောက်၍ တောင်ဝှေးဖြင့် ထိုကျောက်ကို နှစ်ကြိမ်ရိုက်လေ၏။ ထိုအခါ ရေများစွာထွက်လာသဖြင့် လူထုကြီးနှင့်သူတို့၏တိရစ္ဆာန်များ ရေသောက်ရကြ၏။ |
|
| 12 |
|
| သို့သော် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “သင်တို့သည် ငါ့ကိုမယုံကြည်၊ အစ္စရေးအမျိုးသားတို့၏ရှေ့၌ ငါသန့်ရှင်းကြောင်း အသိအမှတ်မပြုကြသောကြောင့် သင်တို့သည် ဤလူအစုအဝေးတို့အား ငါပေးသောပြည်သို့ သူတို့ကို ပို့ဆောင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။ |
|
| 13 |
|
| ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ရန်တွေ့သောနေရာကို မေရိဘစမ်းရေ ဟုခေါ်၏။ ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်းကို သူတို့အား ထိုနေရာတွင် ပြတော်မူ၏။ |
|
| 14 |
|
| မောရှေသည် ကာဒေရှအရပ်မှစေတမန်ကို ဧဒုံဘုရင်ထံ စေလွှတ်၍ “အရှင်၏ဆွေမျိုးသားချင်းအစ္စရေးလူမျိုးတို့ လျှောက်ဆိုပါ၏။ အကျွန်ုပ်တို့တွေ့ကြုံရသောအခက်အခဲအားလုံးကို အရှင်မင်းကြီးသိပါ၏။ |
|
| 15 |
|
| အကျွန်ုပ်တို့၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ရောက်သွားပြီး အကျွန်ုပ်တို့သည် အီဂျစ်ပြည်၌ ကာလကြာမြင့်စွာနေထိုင်ကြပါ၏။ အီဂျစ်လူမျိုးတို့သည် အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ဆိုးညစ်သောအမှုပြုကြပါ၏။ |
|
| 16 |
|
| အကျွန်ုပ်တို့သည် ထာဝရဘုရားထံ အော်ဟစ်သောအခါ အကျွန်ုပ်တို့၏အသံကို ကြားတော်မူ၍ ကောင်းကင်တမန်ကို စေလွှတ်ပြီး အကျွန်ုပ်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့ပါ၏။ ယခု အကျွန်ုပ်တို့သည် အရှင်မင်းကြီး၏နယ်မြေအစွန်အဖျားမြို့ဖြစ်သော ကာဒေရှမြို့သို့ရောက်နေပါပြီ။ |
|
| 17 |
|
| အကျွန်ုပ်တို့ကို အရှင်မင်းကြီး၏ပြည်ထဲမှ ဖြတ်သွားခွင့်ပြုတော်မူပါ။ လယ်ယာနှင့်စပျစ်ခြံတို့ထဲမှ ဖြတ်မသွားပါ။ ရေတွင်းထဲမှရေကိုလည်း မသောက်ပါ။ အကျွန်ုပ်တို့သည် အရှင်မင်းကြီး၏နယ်မြေကိုကျော်လွန်သည်အထိ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွှဲဘဲ ရှင်ဘုရင်လမ်းမအတိုင်းသွားပါမည်”ဟု လျှောက်စေ၏။ |
|
| 18 |
|
| သို့သော် ဧဒုံဘုရင်က “ငါ့နယ်မြေထဲမှ သင်တို့ဖြတ်မသွားရ။ ဖြတ်သွားလျှင် ငါသည် ထွက်လာ၍ သင်တို့ကို ဓားဖြင့်တိုက်ခိုက်မည်”ဟု ဆို၏။ |
|
| 19 |
|
| အစ္စရေးအမျိုးသားတို့ကလည်း “အကျွန်ုပ်တို့သည် ရှင်ဘုရင်လမ်းမအတိုင်းသာ သွားပါမည်။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏တိရစ္ဆာန်တို့သည် အရှင်၏ရေကိုသောက်မိလျှင် အဖိုးအခကိုပေးပါမည်။ ခြေဖြင့်ဖြတ်သွားရုံသာဖြတ်သွားပါမည်”ဟု ပြန်လျှောက်၏။ |
|
| 20 |
|
| သို့သော် ဧဒုံဘုရင်က “သင်တို့ဖြတ်မသွားရ”ဟု ဆိုလျက် သူတို့ကိုတိုက်ခိုက်ရန် အားကြီးသောစစ်သူရဲများစွာတို့ဖြင့် ထွက်လာ၏။ |
|
| 21 |
|
| ဧဒုံဘုရင်သည် အစ္စရေးလူမျိုးတို့ကို မိမိ၏နယ်မြေထဲမှဖြတ်သွားခွင့်မပြုသောကြောင့် အစ္စရေးလူမျိုးတို့သည် သူ့ထံမှရှောင်လွှဲသွားကြ၏။ |
|
| 22 |
|
| အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ကာဒေရှအရပ်မှ ခရီးပြုကြရာ ဟောရတောင်သို့ရောက်လာကြ၏။ |
|
| 23 |
|
| ဧဒုံပြည်နယ်စပ်ရှိဟောရတောင်၌ ထာဝရဘုရားက မောရှေနှင့်အာရုန်အား |
|
| 24 |
|
| “အာရုန်သည် မိမိလူမျိုးတို့စုစည်းရာသို့ သွားရတော့မည်။ အကြောင်းမူကား သင်တို့သည် မေရိဘစမ်းရေနားတွင် ငါ့အမိန့်ကိုဖီဆန်ကြသောကြောင့် အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်သို့ အာရုန်သည်မဝင်ရ။ |
|
| 25 |
|
| အာရုန်နှင့်သူ၏သားဧလာဇာကိုခေါ်၍ ဟောရတောင်ပေါ်သို့ တက်သွားကြလော့။ |
|
| 26 |
|
| အာရုန်၏အဝတ်ကိုချွတ်၍ သူ၏သားဧလာဇာအားဝတ်ဆင်ပေးလော့။ အာရုန်သည် ထိုတောင်ပေါ်၌သေ၍ မိမိလူမျိုးတို့စုစည်းရာသို့ ရောက်ရမည်”ဟု မိန့်တော်မူ၏။ |
|
| 27 |
|
| မောရှေသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း နာခံလျက် လူထုအပေါင်းတို့၏မျက်မှောက်မှာပင် ဟောရတောင်ပေါ်သို့သူတို့တက်သွားကြ၏။ |
|
| 28 |
|
| မောရှေသည် အာရုန်၏အဝတ်ကိုချွတ်၍ သူ့သားဧလာဇာအားဝတ်ဆင်ပေးလေ၏။ အာရုန်သည် ထိုတောင်ထိပ်တွင် သေဆုံးလေ၏။ ထို့နောက် မောရှေနှင့်ဧလာဇာတို့သည် တောင်ပေါ်မှဆင်းလာကြ၏။ |
|
| 29 |
|
| လူထုအပေါင်းတို့သည် အာရုန်သေကြောင်းကို သိမြင်သော် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် အာရုန်အတွက် ရက်ပေါင်းသုံးဆယ်ငိုကြွေးကြ၏။ |
|
|
|
|