|
| 1 |
|
| သိနာတောင်ပေါ်၌ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသောအချိန်ကာလတွင် အာရုန်နှင့်မောရှေတို့၏ဆွေစဉ်မျိုးဆက်များမှာ ဤသို့ဖြစ်၏။ |
|
| 2 |
|
| အာရုန်၏သားများကား သားဦးနာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ဖြစ်ကြ၏။ |
|
| 3 |
|
| ဤသည်ကား ယဇ်ပုရောဟိတ်အဖြစ် အမှုတော်ကိုဆောင်ရွက်ရန်ခန့်အပ်ခြင်းခံရသော ဘိသိက်ခံယဇ်ပုရောဟိတ်များဖြစ်သည့် အာရုန်၏သားများ ဖြစ်၏။ |
|
| 4 |
|
| နာဒပ်နှင့်အဘိဟုသည် သိနာတောကန္တာရတွင် ထာဝရဘုရားရှေ့တော်၌ မိန့်မှာထားတော်မူသောမီးမဟုတ်သည့် အခြားသောမီးကိုပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြလေ၏။ သူတို့၌သားသမီးမရှိ။ သို့ဖြစ်၍ ဧလာဇာနှင့်ဣသမာသည် မိမိတို့ဖခင်အာရုန်၏ရှေ့၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ကြ၏။ |
|
| 5 |
|
| တစ်ဖန် ထာဝရဘုရားက မောရှေအား |
|
| 6 |
|
| “လေဝိအမျိုးအနွယ်တို့ကို ခေါ်လာ၍ ယဇ်ပုရောဟိတ်အာရုန်နှင့်ဆိုင်သောအလုပ်ကို လုပ်ဆောင်စေလော့။ |
|
| 7 |
|
| သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏အမှုဖြစ်သော အာရုန်နှင့်ဆိုင်သောအလုပ်၊ လူထုအပေါင်းတို့နှင့်ဆိုင်သောအလုပ်တို့ကို တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့၌ လုပ်ဆောင်ရမည်။ |
|
| 8 |
|
| တွေ့ဆုံစည်းဝေးရာတဲတော်၏တန်ဆာပလာရှိသမျှကို ထိန်းသိမ်းရမည်၊ အစ္စရေးအမျိုးသားတို့နှင့်ဆိုင်သောအလုပ်ဖြစ်သည့် ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုလည်း လုပ်ဆောင်ရမည်။ |
|
| 9 |
|
| သို့ဖြစ်၍ သင်သည် လေဝိအမျိုးတို့ကို အာရုန်နှင့်သူ၏သားများထံ အပ်နှံရမည်။ လေဝိအမျိုးတို့သည် အစ္စရေးအမျိုးသားတို့အနက် အာရုန်ထံ လုံးလုံးအပ်နှံခြင်းခံရသူများဖြစ်၏။ |
|
| 10 |
|
| သင်သည် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်ရမည်။ သူတို့သည် သူတို့၏ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။ |
|
| 11 |
|
| တစ်ဖန် ထာဝရဘုရားက မောရှေအား |
|
| 12 |
|
| “ငါသည် အစ္စရေးအမျိုးသားတို့တွင် သားအိမ်မှအဦးဆုံးထွက်လာသောသားဦးရှိသမျှတို့အစား အစ္စရေးအမျိုးသားတို့ထဲမှ လေဝိအမျိုးတို့ကို ရွေးယူသည်ဖြစ်၍ လေဝိအမျိုးတို့သည် ငါ့အပိုင်ဖြစ်ရမည်။ |
|
| 13 |
|
| အကြောင်းမူကား သားဦးရှိသမျှတို့ကို ငါပိုင်၏။ အီဂျစ်ပြည်၌ သားဦးအပေါင်းတို့ကို ငါဒဏ်ခတ်သောနေ့တွင် ငါသည် အစ္စရေးလူမျိုးတို့ထဲမှ လူမှစ၍ တိရစ္ဆာန်၏သားဦးရှိသမျှတို့ကို ငါ့အဖို့ သန့်ရှင်းစေခဲ့သောကြောင့် သူတို့သည် ငါ့အပိုင်ဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။ |
|
| 14 |
|
| တစ်ဖန် သိနာတောကန္တာရတွင် ထာဝရဘုရားက မောရှေအား |
|
| 15 |
|
| “လေဝိအမျိုးသားတို့ကို ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏မျိုးနွယ်စုအလိုက် ရေတွက်လော့။ တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့ကို ရေတွက်ရမည်”ဟု မိန့်တော်မူ၏။ |
|
| 16 |
|
| သို့ဖြစ်၍ ထာဝရဘုရားမိန့်မှာတော်မူသည့် အမိန့်တော်အတိုင်း မောရှေသည် သူတို့ကို ရေတွက်လေ၏။ |
|
| 17 |
|
| လေဝိ၏သားတို့အမည်များကား ဂေရရှုန်၊ ကောဟတ်၊ မေရာရိ တို့ဖြစ်ကြ၏။ |
|
| 18 |
|
| မျိုးနွယ်စုအလိုက် ဂေရရှုန်၏သားတို့အမည်များကား လိဗနိနှင့် ရှိမိ တို့ဖြစ်ကြ၏။ |
|
| 19 |
|
| မျိုးနွယ်စုအလိုက် ကောဟတ်၏သားများကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ တို့ဖြစ်ကြ၏။ |
|
| 20 |
|
| မျိုးနွယ်စုအလိုက် မေရာရိ၏သားများကား မဟာလိနှင့် မုရှိ တို့ဖြစ်ကြ၏။ ဤသူတို့ကား မိမိတို့ဘိုးဘေးများ၏အိမ်ထောင်စုအလိုက် လေဝိ၏မျိုးနွယ်စုများ ဖြစ်၏။ |
|
| 21 |
|
| ဂေရရှုန်မှ လိဗနိမျိုးနွယ်စုနှင့် ရှိမိမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား ဂေရရှုန်မျိုးနွယ်စုများ ဖြစ်၏။ |
|
| 22 |
|
| တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့၏အရေအတွက်ကို စာရင်းကောက်ရာတွင် သူတို့၏အရေအတွက်မှာ ခုနစ်ထောင့်ငါးရာ ဖြစ်၏။ |
|
| 23 |
|
| ဂေရရှုန်၏မျိုးနွယ်စုတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ကျောဘက်၊ အနောက်အရပ်၌ စခန်းချရမည်။ |
|
| 24 |
|
| ဂေရရှုန်အမျိုး၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်သည် လေလ၏သား ဧလျာသပ် ဖြစ်၏။ |
|
| 25 |
|
| ဂေရရှုန်၏သားမြေးတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ဖြစ်သောကိန်းဝပ်တော်မူရာတဲတော်၊ တဲတော်နှင့်တကွ တဲတော်၏အမိုး၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝလိုက်ကာ၊ |
|
| 26 |
|
| ဝင်းအကာ၊ ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ကို ပတ်ပတ်လည်ကာထားသောဝင်း၏အဝင်ဝလိုက်ကာနှင့်တကွ ကြိုးများ စသည်တို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကို တာဝန်ယူထိန်းသိမ်းရ၏။ |
|
| 27 |
|
| ကောဟတ်မှ အာမရံမျိုးနွယ်စု၊ ဣဇဟာမျိုးနွယ်စု၊ ဟေဗြုန်မျိုးနွယ်စု၊ ဩဇေလမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား ကောဟတ်မျိုးနွယ်စုများ ဖြစ်၏။ |
|
| 28 |
|
| သူတို့သည် သန့်ရှင်းရာဌာန၏အမှုကိစ္စကို ဆောင်ရွက်ရသူများဖြစ်၏။ တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့ကို စာရင်းကောက်ရာတွင် ရှစ်ထောင့်ခြောက်ရာ ရှိ၏။ |
|
| 29 |
|
| ကောဟတ်သားမြေးတို့၏မျိုးနွယ်စုများသည် ကိန်းဝပ်တော်မူရာတဲတော်အနား တောင်ဘက်အရပ်၌ စခန်းချရမည်။ |
|
| 30 |
|
| ကောဟတ်မျိုးနွယ်စုများ၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်သည် ဩဇေလ၏သား ဧလိဇာဖန် ဖြစ်၏။ |
|
| 31 |
|
| သူတို့သည် သေတ္တာ၊ စားပွဲ၊ ဆီမီးခုံ၊ ယဇ်ပလ္လင်မှစ၍ အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ လိုက်ကာကိုလည်းကောင်း၊ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကိုလည်းကောင်း တာဝန်ယူထိန်းသိမ်းရ၏။ |
|
| 32 |
|
| ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာသည် လေဝိအမျိုး၏ခေါင်းဆောင်များကိုကြီးမှူးသူဖြစ်ပြီး သန့်ရှင်းရာဌာန၏အမှုကိစ္စကိုဆောင်ရွက်သောသူတို့အား ကြီးကြပ်ရ၏။ |
|
| 33 |
|
| မေရာရိမှ မဟာလိမျိုးနွယ်စုနှင့် မုရှိမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား မေရာရိမျိုးနွယ်စုများ ဖြစ်၏။ |
|
| 34 |
|
| တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့၏အရေအတွက်ကို စာရင်းကောက်ရာတွင် ခြောက်ထောင့်နှစ်ရာ ရှိ၏။ |
|
| 35 |
|
| မေရာရိမျိုးနွယ်စုများ၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်သည် အဘိဟဲလ၏သား ဇုရေလ ဖြစ်၏။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ဘေး မြောက်ဘက်အရပ်၌ စခန်းချရမည်။ |
|
| 36 |
|
| မေရာရိသားမြေးတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ဘောင်များ၊ ကန့်လန့်ကျင်များ၊ တိုင်များ၊ အောက်ခံအစွပ်များ၊ တန်ဆာပလာအားလုံး၊ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှ၊ |
|
| 37 |
|
| ဝင်းပတ်ပတ်လည်တိုင်များ၊ တိုင်များ၏အောက်ခံအစွပ်များ၊ ငုတ်တိုင်များ၊ ကြိုးများကို တာဝန်ယူထိန်းသိမ်းပေးရ၏။ |
|
| 38 |
|
| ကိန်းဝပ်တော်မူရာတဲတော်၏အရှေ့ဘက်ဖြစ်သော တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့ နေထွက်ရာအရပ်၌ စခန်းချရမည့်သူများမှာ မောရှေမှစ၍ အာရုန်နှင့်သူ၏သားတို့ ဖြစ်ကြ၏။ သူတို့သည် အစ္စရေးအမျိုးသားတို့ကိုယ်စား သန့်ရှင်းရာဌာန၏အမှုကိစ္စကိုဆောင်ရွက်သောသူများ ဖြစ်ကြ၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်။ |
|
| 39 |
|
| ထာဝရဘုရား၏အမိန့်တော်အရ မောရှေနှင့်အာရုန်သည် လေဝိအမျိုးတို့ကို မျိုးနွယ်စုအလိုက် ရေတွက်ရာတွင် တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့၏အရေအတွက်စုစုပေါင်းမှာ နှစ်သောင်းနှစ်ထောင် ဖြစ်၏။ |
|
| 40 |
|
| တစ်ဖန် ထာဝရဘုရားက မောရှေအား “အစ္စရေးအမျိုးသားတို့ထဲမှ တစ်လသားအရွယ်နှင့်အထက် သားဦးယောက်ျားရှိသမျှတို့ကို ရေတွက်လော့။ သူတို့၏အမည်များကို စာရင်းကောက်ယူလော့။ |
|
| 41 |
|
| အစ္စရေးအမျိုးသားတို့၏သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့ကိုလည်းကောင်း၊ အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန်သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့၏တိရစ္ဆာန်တို့ကိုလည်းကောင်း ငါ့အဖို့ ယူရမည်။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။ |
|
| 42 |
|
| သို့ဖြစ်၍ ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း မောရှေသည် အစ္စရေးအမျိုးသားတို့၏သားဦးအပေါင်းတို့ကို ရေတွက်လေ၏။ |
|
| 43 |
|
| သူတို့၏အမည်စာရင်းအရ တစ်လသားအရွယ်နှင့်အထက် သားဦးယောက်ျားအရေအတွက်စုစုပေါင်းမှာ နှစ်သောင်းနှစ်ထောင့်နှစ်ရာခုနစ်ဆယ့်သုံးယောက် ဖြစ်၏။ |
|
| 44 |
|
| တစ်ဖန် ထာဝရဘုရားက မောရှေအား |
|
| 45 |
|
| “အစ္စရေးအမျိုးသားတို့၏သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့ကိုလည်းကောင်း၊ အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန်အစား လေဝိအမျိုးတို့၏တိရစ္ဆာန်ကိုလည်းကောင်း ငါ့အဖို့ ယူရမည်။ လေဝိအမျိုးတို့သည် ငါ့အဖို့ဖြစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ |
|
| 46 |
|
| လေဝိအမျိုးတို့ထက်ပိုသော အစ္စရေးအမျိုးသားတို့၏သားဦး နှစ်ရာခုနစ်ဆယ့်သုံးယောက်ကို ရွေးနုတ်ရမည့်အခမှာ |
|
| 47 |
|
| သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ တစ်ယောက်ကို ငါးရှယ်ကယ် တိတိ သင်ခံယူရမည်။ (တစ်ရှယ်ကယ် လျှင် ဂေရနှစ်ဆယ် နှင့်ညီမျှ၏။) |
|
| 48 |
|
| သင်သည် လေဝိအမျိုးတို့ထက်ပိုသောသားဦးတို့အား ရွေးနုတ်သောအခငွေကို အာရုန်နှင့်သူ၏သားတို့အား ပေးရမည်”ဟု မိန့်တော်မူ၏။ |
|
| 49 |
|
| မောရှေသည် အစ္စရေးသားဦးတို့ကို လေဝိအမျိုးတို့နှင့်ရွေးနုတ်ယူပြီးမှ ပိုသေးသောသူတို့အား ရွေးနုတ်သောအခငွေကို ခံယူလေ၏။ |
|
| 50 |
|
| သူသည် အစ္စရေးအမျိုးသားတို့၏သားဦးတို့ထံမှ သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ငွေတစ်ထောင့်သုံးရာခြောက်ဆယ့်ငါးရှယ်ကယ် ခံယူ၏။ |
|
| 51 |
|
| မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့် ထာဝရဘုရား၏အမိန့်တော်အတိုင်း ရွေးနုတ်သောအခငွေကို အာရုန်နှင့်သူ့သားတို့အား ပေးလေ၏။ |
|
|
|
|