|
| 1 |
|
| သူတို့သည် ဂျေရုဆလင်မြို့အနီးသို့ရောက်၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာသို့ ရောက်လာကြသောအခါ ယေရှုသည် တပည့်တော်နှစ်ပါးကိုစေလွှတ်၍ |
|
| 2 |
|
| “သင်တို့ရှေ့ကရွာထဲသို့ သွားကြလော့။ ထိုအခါ ချည်ထားသောမြည်းမနှင့် သူ၏အနားတွင်ရှိသောမြည်းကလေးကို သင်တို့ချက်ချင်းတွေ့ကြလိမ့်မည်။ မြည်းကြိုးဖြေ၍ ငါ့ထံသို့ ခေါ်ဆောင်လာကြလော့။ |
|
| 3 |
|
| တစ်စုံတစ်ယောက်က သင်တို့အား တစ်စုံတစ်ခုပြောလျှင် ‘သခင်ဘုရားအလိုရှိသည်’ဟု ပြောကြလော့။ ထိုသို့ပြောလျှင် ၎င်းတို့ကို ချက်ချင်းပို့ပေးလိမ့်မည်” ဟူ၍ မိန့်တော်မူ၏။ |
|
| 4 |
|
| ဤအမှုအရာဖြစ်ပျက်ခဲ့ခြင်းမှာ “ ‘ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် မြည်းမနှင့်မြည်း၏သားတည်းဟူသော မြည်းကလေးကိုစီးလျက် နူးညံ့သိမ်မွေ့စွာဖြင့် သင့်ထံသို့ကြွလာတော်မူ၏’ဟူ၍ ဇိအုန်သမီးအား ပြောကြားကြလော့”ဟု ပရောဖက်အားဖြင့်မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ |
|
| 5 |
|
|
|
| 6 |
|
| တပည့်တော်တို့သည်လည်း သွား၍ သူတို့အား ယေရှုမိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြ၏။ |
|
| 7 |
|
| သူတို့သည် မြည်းမနှင့်မြည်းကလေးကို ခေါ်ဆောင်လာပြီးလျှင် ထိုမြည်းတို့အပေါ်၌ အဝတ်များကိုခင်းကြရာ ကိုယ်တော်သည် ၎င်းတို့အပေါ်ထိုင်တော်မူ၏။ |
|
| 8 |
|
| အလွန်များပြားသောလူထုပရိသတ်သည်လည်း မိမိတို့၏ဝတ်ရုံများကို လမ်းပေါ်၌ခင်းကြ၏။ အချို့တို့မူကား သစ်ပင်တို့မှ အကိုင်းအခက်များကိုခုတ်လာ၍ လမ်းပေါ်၌ခင်းကြ၏။ |
|
| 9 |
|
| ကိုယ်တော်၏ရှေ့မှသွားသောလူထုပရိသတ်များနှင့် နောက်မှလိုက်သောလူထုပရိသတ်များသည် “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း။ အမြင့်ဆုံးသောအရပ်၌ ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ကြွေးကြော်ကြ၏။ |
|
| 10 |
|
| ဤသို့ဖြင့် ကိုယ်တော်သည် ဂျေရုဆလင်မြို့ထဲသို့ဝင်တော်မူရာ တစ်မြို့လုံးရုတ်ရုတ်ရက်ရက်ဖြစ်သဖြင့် “ဤသူကား မည်သူနည်း”ဟု မေးမြန်းကြ၏။ |
|
| 11 |
|
| လူထုပရိသတ်များကလည်း “ဤသူသည် ဂါလိလဲနယ် နာဇရက်မြို့မှ ပရောဖက်ယေရှုဖြစ်သည်”ဟု ဆိုကြ၏။ |
|
| 12 |
|
| ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်နေသောသူအပေါင်းတို့ကို နှင်ထုတ်ပြီး ငွေကြေးလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းနေသောသူတို့၏ထိုင်ခုံများကို မှောက်လှန်တော်မူကာ |
|
| 13 |
|
| ထိုသူတို့အား “ ‘ငါ့အိမ်သည် ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသော်လည်း သင်တို့သည် ၎င်းကို ဓားပြတို့ခိုအောင်းရာ ဖြစ်စေကြပြီတကား” ဟု မိန့်တော်မူ၏။ |
|
| 14 |
|
| ထို့နောက် ဗိမာန်တော်၌ မျက်မမြင်များနှင့်ခြေမသန်စွမ်းသူများသည် အထံတော်သို့လာကြရာ ကိုယ်တော်သည် သူတို့ကို အကောင်းပကတိဖြစ်စေတော်မူ၏။ |
|
| 15 |
|
| သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ကျမ်းပြုဆရာများသည် ကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်အမှုတို့ကိုလည်းကောင်း၊ “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ဗိမာန်တော်၌ ကလေးများကြွေးကြော်နေကြသည်ကိုလည်းကောင်း မြင်လျှင် အမျက်ထွက်ကြ၍ |
|
| 16 |
|
| “ဤကလေးတို့ပြောဆိုနေသောအရာကို ကြားသလော”ဟု မေးမြန်းကြ၏။ ယေရှုကလည်း “ငါကြား၏။ ‘ကလေးသူငယ်များနှင့် နို့စို့ကလေးငယ်များ၏နှုတ်ထဲမှ ချီးမွမ်းခြင်းကို ကိုယ်တော်ပြင်ဆင်တော်မူ၏’ ဟူသော ရေးထားချက်ကို သင်တို့မဖတ်ဖူးကြသလော” ဟု သူတို့အား မိန့်တော်မူ၏။ |
|
| 17 |
|
| ထို့နောက် ကိုယ်တော်သည် သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ခွာလျက် ဗေသနိရွာသို့ကြွကာ ထိုရွာ၌ တစ်ညတာကုန်လွန်စေတော်မူ၏။ |
|
| 18 |
|
| နံနက်စောစော မြို့သို့ပြန်ကြွတော်မူသောအခါ ကိုယ်တော်သည် ဆာလောင်တော်မူ၏။ |
|
| 19 |
|
| ထိုစဉ် လမ်း၌ သဖန်းပင်တစ်ပင်ကိုမြင်၍ ထိုအပင်ရှိရာသို့ကြွတော်မူရာ ၎င်းတွင် အရွက်များမှလွဲ၍ မည်သည့်အရာကိုမျှမတွေ့သဖြင့် ထိုအပင်အား “ယခုမှစ၍ ကာလအစဉ်အဆက် သင်၌အသီးမသီးစေရ” ဟု မိန့်တော်မူ၏။ ထိုအခါ သဖန်းပင်သည် ချက်ချင်းညှိုးနွမ်းခြောက်သွေ့သွားလေ၏။ |
|
| 20 |
|
| တပည့်တော်တို့သည် ထိုအခြင်းအရာကိုမြင်လျှင် အံ့သြလျက် “သဖန်းပင်သည် မည်သို့သောအားဖြင့် ချက်ချင်းညှိုးနွမ်းခြောက်သွေ့သွားသနည်း”ဟု ဆိုကြ၏။ |
|
| 21 |
|
| ယေရှုကလည်း “သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့သည် ယုံကြည်ခြင်းရှိလျက် သံသယကင်းမဲ့ကြလျှင် ဤသဖန်းပင်၌ ပြုခဲ့သည့်အမှုမျိုးကိုပြုနိုင်သည်သာမက ဤတောင်အား ‘ရွေ့သွား၍ ပင်လယ်ထဲသို့ကျလော့’ဟု ဆိုလျှင်ပင် ထိုအတိုင်းဖြစ်လိမ့်မည်။ |
|
| 22 |
|
| သင်တို့ဆုတောင်းသောအခါတွင်လည်း ယုံကြည်ခြင်းဖြင့် တောင်းလျှောက်သမျှသောအရာတို့ကို သင်တို့ရကြလိမ့်မည်” ဟု ပြန်၍မိန့်တော်မူ၏။ |
|
| 23 |
|
| ထို့နောက် ဗိမာန်တော်ထဲသို့ဝင်၍ သွန်သင်တော်မူစဉ် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှ သက်ကြီးဝါကြီးများသည် အထံတော်သို့ ချဉ်းကပ်လာ၍ “သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသနည်း။ ထိုအခွင့်အာဏာကို မည်သူက သင့်အားပေးသနည်း”ဟု မေးမြန်းကြ၏။ |
|
| 24 |
|
| ယေရှုကလည်း “ငါသည်လည်း သင်တို့ကို မေးခွန်းတစ်ခုမေးဦးမည်။ သင်တို့ ငါ့ကိုဖြေကြားလျှင် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့် ငါပြုကြောင်း သင်တို့အား ငါပြောမည်။ |
|
| 25 |
|
| ယောဟန်၏ဗတ္တိဇံသည် အဘယ်ကဖြစ်သနည်း။ ကောင်းကင်မှဖြစ်သလော၊ သို့မဟုတ် လူတို့ထံမှဖြစ်သလော” ဟု မေးတော်မူ၏။ ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေးပြောဆိုကြကာ “ ‘ကောင်းကင်မှဖြစ်သည်’ဟု ငါတို့ပြောလျှင် သူက ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်ကိုမယုံကြသနည်း’ဟု ပြောလိမ့်မည်။ |
|
| 26 |
|
| ‘လူတို့ထံမှဖြစ်သည်’ဟု ငါတို့ပြောလျှင်လည်း လူထုပရိသတ်ကိုကြောက်ရ၏။ အကြောင်းမူကား သူတို့အားလုံးသည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြ၏”ဟု ပြောဆိုကြ၏။ |
|
| 27 |
|
| ထို့ကြောင့် သူတို့က “အကျွန်ုပ်တို့မသိပါ”ဟု ယေရှုအား ပြန်ဖြေကြ၏။ ထိုအခါ ကိုယ်တော်က “ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့ကိုမပြော။ |
|
| 28 |
|
| သင်တို့သည် မည်သို့ထင်ကြသနည်း။ လူတစ်ဦးတွင် သားနှစ်ယောက်ရှိ၏။ သူသည် ပထမသားထံသို့သွား၍ ‘ငါ့သား၊ ယနေ့ စပျစ်ခြံသို့သွား၍ အလုပ်လုပ်လော့’ဟု ပြောလေ၏။ |
|
| 29 |
|
| ထိုသားသည် ‘အကျွန်ုပ်မသွားလိုပါ’ဟု ပြန်ဖြေသော်လည်း နောက်မှစိတ်ပြောင်းလဲသဖြင့် သွားလေ၏။ |
|
| 30 |
|
| ဖခင်သည် အခြားသောသားထံသို့သွား၍ ထိုနည်းတူပြောလေ၏။ ထိုသားက ‘ဟုတ်ကဲ့ အဖေ၊ အကျွန်ုပ်သွားပါမည်’ဟု ပြန်ဖြေသော်လည်း မသွားဘဲနေ၏။ |
|
| 31 |
|
| ထိုသားနှစ်ယောက်တို့တွင် မည်သူသည် ဖခင်၏အလိုကိုဆောင်ရွက်ခဲ့သနည်း” ဟု မေးတော်မူလျှင် သူတို့က “ပထမသားဖြစ်သည်”ဟု ဖြေကြ၏။ ယေရှုကလည်း “သင်တို့အား ငါအမှန်ဆိုသည်ကား အခွန်ကောက်ခံသူတို့နှင့်ပြည့်တန်ဆာတို့သည် သင်တို့ထက်အလျင်ဦးစွာ ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ကြ၏။ |
|
| 32 |
|
| အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်ခြင်းတရားလမ်းဖြင့် သင်တို့ထံသို့လာသော်လည်း သင်တို့သည် သူ့ကိုမယုံကြည်ကြ။ အခွန်ကောက်ခံသူတို့နှင့်ပြည့်တန်ဆာတို့မူကား သူ့ကိုယုံကြည်ကြ၏။ သင်တို့သည် ထိုအခြင်းအရာကိုမြင်လျက်ပင် နောက်မှစိတ်ပြောင်းလဲ၍ သူ့ကိုယုံကြည်လာခြင်းမရှိကြ။ |
|
| 33 |
|
| အခြားသောပုံဥပမာကို နားထောင်ကြလော့။ ခြံပိုင်ရှင်တစ်ဦးရှိ၏။ သူသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံစည်းရိုးခတ်လျက် ခြံထဲတွင် စပျစ်သီးနယ်ရာကျင်းကိုတူးကာ မျှော်စင်ကိုဆောက်လေ၏။ ထို့နောက် ထိုခြံကို ခြံသမားတို့အားငှားရမ်း၍ ခရီးထွက်လေ၏။ |
|
| 34 |
|
| အသီးပေါ်ချိန်နီးကပ်လာသောအခါ စပျစ်ခြံထွက်အသီးများကိုရယူရန် မိမိ၏အစေအပါးတို့ကို ခြံသမားတို့ထံသို့ စေလွှတ်လေ၏။ |
|
| 35 |
|
| ထိုအခါ ခြံသမားတို့သည် ထိုသူ၏အစေအပါးတို့ကိုဖမ်းဆီး၍ တစ်ဦးကိုရိုက်နှက်ကာ အခြားတစ်ဦးကိုသတ်ဖြတ်လျက် တစ်ဦးကိုမူ ခဲနှင့်ပေါက်သတ်ကြ၏။ |
|
| 36 |
|
| နောက်တစ်ဖန် ယခင်ထက် ပို၍များပြားသော အခြားအစေအပါးတို့ကို စေလွှတ်လိုက်ရာ ခြံသမားတို့သည် သူတို့ကိုလည်း ထိုနည်းတူပြုကြ၏။ |
|
| 37 |
|
| ခြံပိုင်ရှင်ကလည်း ‘သူတို့သည် ငါ့သားကို ရိုသေကြလိမ့်မည်’ဟု ဆိုလျက် နောက်ဆုံးတွင် မိမိ၏သားကို သူတို့ထံသို့စေလွှတ်လေ၏။ |
|
| 38 |
|
| သို့သော် ခြံသမားတို့သည် ထိုသားကိုမြင်သောအခါ ‘ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေကိုရယူကြစို့’ဟု အချင်းချင်းပြောဆိုကြပြီးလျှင် |
|
| 39 |
|
| သူ့ကိုဖမ်းဆီး၍ စပျစ်ခြံအပြင်သို့ ဆွဲထုတ်ကာ သတ်ပစ်ကြ၏။ |
|
| 40 |
|
| သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်ပြန်လာသောအခါ ထိုခြံသမားတို့ကို မည်သို့ပြုမည်နည်း” ဟု မေးတော်မူ၏။ |
|
| 41 |
|
| သူတို့က “ထိုဆိုးယုတ်သောသူတို့ကို ရက်စက်စွာအဆုံးစီရင်၍ အသီးပေါ်ချိန်တွင် သူ့ကိုအသီးပေးမည့် အခြားခြံသမားတို့အား စပျစ်ခြံကို ငှားရမ်းပါလိမ့်မည်”ဟု ဖြေကြားကြ၏။ |
|
| 42 |
|
| ယေရှုကလည်း “ ‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏။ ဤအမှုသည် ထာဝရဘုရားအားဖြင့်ဖြစ်လာ၍ ငါတို့၏မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်၏’ ဟု ကျမ်းစာထဲ၌ မဖတ်ဖူးကြသလော။ |
|
| 43 |
|
| ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှသိမ်းယူ၍ ထိုနိုင်ငံတော်၏အသီးကိုသီးမည့်လူမျိုးထံ ပေးတော်မူလိမ့်မည်။ |
|
| 44 |
|
| [ထိုကျောက်ပေါ်သို့ကျသောသူသည် အပိုင်းပိုင်းကျိုးလိမ့်မည်။ ထိုကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ကျလျှင် ထိုသူသည် ညက်ညက်ကြေလိမ့်မည်]” ဟု မိန့်တော်မူ၏။ |
|
| 45 |
|
| ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲများသည် ကိုယ်တော်၏ပုံဥပမာကိုကြားလျှင် မိမိတို့အကြောင်းမိန့်တော်မူသည်ကို သိကြသဖြင့် |
|
| 46 |
|
| ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် လူထုပရိသတ်တို့သည် ကိုယ်တော်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြသောကြောင့် သူတို့သည် လူတို့ကို ကြောက်ကြ၏။ |
|
|
|
|