|
| 1 |
|
| ထို့နောက် ကိုယ်တော်သည် ဂျေရိခေါမြို့သို့ဝင်၍ ထိုမြို့ကိုဖြတ်သွားတော်မူ၏။ |
|
| 2 |
|
| ထိုအရပ်တွင် ဇက္ခဲအမည်ရှိသောလူတစ်ဦးရှိ၏။ သူသည် အခွန်ကောက်ခံသူတို့၏အကြီးအကဲဖြစ်ပြီး ချမ်းသာသောသူဖြစ်၏။ |
|
| 3 |
|
| သူသည် ယေရှုမည်သူဖြစ်သည်ကို မြင်ရရန်ကြိုးစားသော်လည်း အရပ်ပုသောကြောင့် လူထုပရိသတ်ကိုကျော်၍ မမြင်နိုင်ပေ။ |
|
| 4 |
|
| ထို့ကြောင့် သူသည် ကိုယ်တော်ကိုတွေ့မြင်နိုင်ရန် ရှေ့သို့ကြိုပြေး၍ သဖန်းပိုးစာပင်ပေါ်သို့တက်လေ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ထိုနေရာကိုဖြတ်သွားတော့မည်ဖြစ်၏။ |
|
| 5 |
|
| ယေရှုသည် ထိုနေရာသို့ရောက်သောအခါ မော့ကြည့်လျက် “ဇက္ခဲ၊ သင့်အိမ်တွင် ယနေ့ ငါတည်းခိုရမည်ဖြစ်၍ အမြန်ဆင်းခဲ့လော့” ဟု မိန့်တော်မူ၏။ |
|
| 6 |
|
| ဇက္ခဲသည်အမြန်ဆင်းလာ၍ ကိုယ်တော်ကို ဝမ်းမြောက်စွာ လက်ခံကြိုဆို၏။ |
|
| 7 |
|
| ဤအခြင်းအရာကို မြင်သောသူအပေါင်းတို့က “ကိုယ်တော်သည် အပြစ်သား၏အိမ်သို့ဝင်၍တည်းခိုပါသည်တကား”ဟု ဝေဖန်ပြစ်တင်ကြ၏။ |
|
| 8 |
|
| ဇက္ခဲသည်ရပ်လျက် “သခင်ဘုရား၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အားပေးပါမည်။ ထို့ပြင် တစ်စုံတစ်ဦးထံမှ တစ်စုံတစ်ရာကို မတရားတောင်းခံထားသည်ဆိုလျှင် လေးဆပြန်ပေးပါမည်”ဟု သခင်ဘုရားအားလျှောက်လေ၏။ |
|
| 9 |
|
| ယေရှုကလည်း “ယနေ့ပင် ကယ်တင်ခြင်းသည် ဤအိမ်ပေါ်သို့သက်ရောက်လေပြီ။ အကြောင်းမူကား သူသည်လည်း အာဗြဟံ၏သားဖြစ်၏။ |
|
| 10 |
|
| အမှန်စင်စစ် လူ့သားသည် ပျောက်ဆုံးသောသူတို့ကိုရှာ၍ ကယ်တင်ရန်ကြွလာ၏” ဟု မိန့်တော်မူ၏။ |
|
| 11 |
|
| ကိုယ်တော်သည် ဤအကြောင်းအရာတို့ကို နားထောင်နေသောသူတို့အား ပုံဥပမာတစ်ခုကိုထပ်မံ၍ပေးတော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာသဖြင့် ဘုရားသခင်၏နိုင်ငံတော်သည် ချက်ချင်းပေါ်ထွန်းလာမည်ဟု သူတို့ထင်မှတ်ကြသောကြောင့်ဖြစ်၏။ |
|
| 12 |
|
| ကိုယ်တော်က “မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံတော်အုပ်စိုးခွင့်ကိုခံယူပြီးပြန်လာရန် ဝေးလံသောတိုင်းပြည်သို့ ခရီးသွားလေ၏။ |
|
| 13 |
|
| ခရီးမပြုမီ မိမိ၏အစေအပါးဆယ်ဦးကိုခေါ်၍ ငွေဆယ်မိနာ့ပေးလျက် ‘ငါပြန်လာသည်အထိ စီးပွားရှာကြလော့’ဟု မှာထားခဲ့၏။ |
|
| 14 |
|
| သို့သော် သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းသဖြင့် သူ့နောက်မှ သံတမန်ကိုစေလွှတ်၍ ‘အကျွန်ုပ်တို့အပေါ် ဤသူအုပ်ချုပ်မည်ကို အကျွန်ုပ်တို့အလိုမရှိပါ’ဟု လျှောက်ထားစေကြ၏။ |
|
| 15 |
|
| ထို့နောက် သူသည် နိုင်ငံတော်အုပ်စိုးခွင့်ကိုခံယူပြီး ပြန်လာသောအခါ ငွေပေးထားခဲ့သောအစေအပါးတို့သည် စီးပွားရှာ၍ အမြတ်မည်မျှရကြသည်ကို သိရှိနိုင်မည့်အကြောင်း သူတို့ကို မိမိထံသို့ခေါ်လာရန် အမိန့်ရှိ၏။ |
|
| 16 |
|
| ပထမတစ်ဦးသည် လာ၍ ‘သခင်၊ သခင်၏ငွေတစ်မိနာ့အားဖြင့် ငွေဆယ်မိနာ့အမြတ်ရပါသည်’ဟု လျှောက်လေ၏။ |
|
| 17 |
|
| သခင်ကလည်း ‘ကောင်းလေစွ။ အစေအပါးကောင်း၊ သင်သည် သေးငယ်သောအမှု၌ သစ္စာရှိသောကြောင့် မြို့ဆယ်မြို့ကိုအုပ်ချုပ်လော့’ဟု ဆိုလေ၏။ |
|
| 18 |
|
| ဒုတိယတစ်ဦးသည်လည်း လာ၍ ‘သခင်၊ သခင်၏ငွေတစ်မိနာ့အားဖြင့် ငွေငါးမိနာ့အမြတ်ရပါသည်’ဟု လျှောက်လေ၏။ |
|
| 19 |
|
| သခင်ကလည်း ‘သင်သည် မြို့ငါးမြို့ကိုအုပ်ချုပ်လော့’ဟု ဆို၏။ |
|
| 20 |
|
| ထို့နောက် အခြားတစ်ဦးသည်လာ၍ ‘သခင်၊ ကြည့်ပါ။ ပဝါထဲ၌ အကျွန်ုပ်ထုပ်၍သိမ်းထားသော သခင်၏ငွေတစ်မိနာ့ရှိပါသည်။ |
|
| 21 |
|
| သခင်သည် စည်းကမ်းကြီး၍တိကျသောသူဖြစ်ပြီး မိမိမထည့်သွင်းထားသောအရာကိုထုတ်ယူလျက် မိမိမစိုက်ပျိုးသည့်အရာကို ရိတ်သိမ်းတတ်သောကြောင့် အကျွန်ုပ်ကြောက်ပါသည်’ဟု လျှောက်လေ၏။ |
|
| 22 |
|
| သခင်ကလည်း ‘ဆိုးညစ်သောအစေအပါး၊ သင်၏နှုတ်ထွက်စကားအတိုင်း သင့်ကို ငါစီရင်မည်။ ငါသည် မထည့်သွင်းထားသောအရာကိုထုတ်ယူ၍ မစိုက်ပျိုးသည့်အရာကို ရိတ်သိမ်းတတ်သည့် စည်းကမ်းကြီး၍တိကျသောသူဖြစ်ကြောင်း သင်သိသည်မှန်လျှင် |
|
| 23 |
|
| အဘယ်ကြောင့် ငါ၏ငွေကို ငွေတိုးပေးသူလက်၌ မအပ်ထားသနည်း။ အပ်ထားလျှင် ငါပြန်လာသောအခါ ၎င်းကို အတိုးနှင့်တကွ ငါရရှိခဲ့ပေလိမ့်မည်’ဟု ဆိုလေ၏။ |
|
| 24 |
|
| ထို့နောက် အနီး၌ရပ်နေသောသူတို့အား ‘ထိုငွေတစ်မိနာ့ကို သူ့ထံမှယူ၍ ငွေဆယ်မိနာ့ရှိသူအားပေးကြလော့’ဟု ဆို၏။ |
|
| 25 |
|
| သူတို့ကလည်း ‘သခင်၊ ထိုသူ၌ ငွေဆယ်မိနာ့ရှိနေပါပြီ’ဟု လျှောက်ကြလျှင် |
|
| 26 |
|
| သခင်က ‘သင်တို့ကို ငါဆိုသည်ကား ရှိသောသူတိုင်းအား ထပ်၍ပေးဦးမည်။ မရှိသောသူထံမှမူကား သူ၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်။ |
|
| 27 |
|
| ထိုမှတစ်ပါး ငါအုပ်ချုပ်ရန်အလိုမရှိကြသော ငါ၏ရန်သူများကို ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မှောက်တွင် သူတို့ကိုကွပ်မျက်ကြလော့’ဟု ဆိုလေ၏” ဟူ၍ မိန့်တော်မူ၏။ |
|
| 28 |
|
| ကိုယ်တော်သည် ထိုသို့မိန့်တော်မူပြီးနောက် ရှေ့သို့ခရီးသွားလျက် ဂျေရုဆလင်မြို့သို့တက်သွားတော်မူ၏။ |
|
| 29 |
|
| သံလွင်ဟုခေါ်သောတောင်အနီးရှိ ဗက်ဖာဂေရွာနှင့်ဗေသနိရွာအနီးသို့ ရောက်တော်မူသောအခါ တပည့်တော်နှစ်ပါးကိုစေလွှတ်၍ |
|
| 30 |
|
| “သင်တို့ရှေ့ကရွာထဲသို့ သွားကြလော့။ ရွာထဲသို့ဝင်သည်နှင့် မည်သူမျှမစီးဖူးသော မြည်းကလေးတစ်ကောင်ချည်ထားသည်ကို တွေ့ကြလိမ့်မည်။ ၎င်းကိုကြိုးဖြေ၍ ခေါ်ဆောင်လာကြလော့။ |
|
| 31 |
|
| တစ်စုံတစ်ယောက်က ‘အဘယ်ကြောင့်ကြိုးဖြေကြသနည်း’ဟု သင်တို့ကို မေးလျှင် ‘သခင်ဘုရားအလိုရှိသည်’ဟု ပြောကြလော့” ဟူ၍ မိန့်တော်မူ၏။ |
|
| 32 |
|
| စေလွှတ်ခြင်းခံရသောသူတို့သည်လည်း ထွက်သွား၍ သူတို့အားကိုယ်တော်မိန့်တော်မူသည့်အတိုင်း တွေ့မြင်ကြ၏။ |
|
| 33 |
|
| သူတို့သည် မြည်းကလေးကိုကြိုးဖြေနေကြစဉ် ၎င်း၏ပိုင်ရှင်တို့က “အဘယ်ကြောင့် မြည်းကလေးကိုကြိုးဖြေကြသနည်း”ဟု မေးကြ၏။ |
|
| 34 |
|
| သူတို့ကလည်း “သခင်ဘုရားအလိုရှိသည်”ဟု ဖြေကြ၏။ |
|
| 35 |
|
| ထို့နောက် မြည်းကလေးကို ယေရှုထံသို့ခေါ်ဆောင်လာပြီးလျှင် ၎င်းပေါ်၌ သူတို့၏အဝတ်များကိုခင်း၍ ယေရှုအားစီးစေကြ၏။ |
|
| 36 |
|
| ကိုယ်တော်ကြွတော်မူစဉ်တွင် လူတို့သည် မိမိတို့၏ဝတ်ရုံများကို လမ်းပေါ်၌ခင်းကြ၏။ |
|
| 37 |
|
| ကိုယ်တော်သည် သံလွင်တောင်၏အဆင်းလမ်းအနီးသို့ ရောက်တော်မူသောအခါ တပည့်တော်အစုအဝေးအပေါင်းတို့သည် မိမိတို့တွေ့မြင်ခဲ့ရသည့် တန်ခိုးလက္ခဏာအားလုံးအတွက် ဝမ်းမြောက်လျက် ကျယ်လောင်သောအသံဖြင့် ဘုရားသခင်ကိုချီးမွမ်းကာ |
|
| 38 |
|
| “ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်၌ ငြိမ်သက်ခြင်းရှိ၍ အမြင့်ဆုံးသောအရပ်၌ ဘုန်းကြီးတော်မူစေသတည်း”ဟု ကြွေးကြော်ကြ၏။ |
|
| 39 |
|
| ထိုအခါ လူထုပရိသတ်ထဲမှ ဖာရိရှဲအချို့တို့က “ဆရာ၊ ဆရာ့တပည့်များကိုဆုံးမပါ”ဟု ကိုယ်တော်အားလျှောက်ကြ၏။ |
|
| 40 |
|
| ကိုယ်တော်ကလည်း “သင်တို့အား ငါဆိုမည်။ ဤသူတို့တိတ်ဆိတ်စွာနေကြလျှင် ကျောက်ခဲတို့သည် ကြွေးကြော်ကြလိမ့်မည်” ဟု ပြန်၍မိန့်တော်မူ၏။ |
|
| 41 |
|
| ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာ၍ ထိုမြို့ကိုမြင်တော်မူလျှင် ၎င်းအတွက် ငိုကြွေးလျက် |
|
| 42 |
|
| “သင်သာ ငြိမ်သက်ခြင်းကိုရစေသည့်အရာတို့ကို ယနေ့ပင်သိခဲ့လျှင်... သို့ရာတွင် ထိုအရာသည် ယခုသင်၏မျက်စိရှေ့မှ ကွယ်ဝှက်ထားခြင်းခံရ၏။ |
|
| 43 |
|
| အကြောင်းမူကား သင်၏ရန်သူတို့သည် ကတုတ်တည်၍ သင့်ကိုဝိုင်းရံလျက် အဘက်ဘက်မှ သင့်ကိုပိတ်ဆို့ထားကာ |
|
| 44 |
|
| သင်မှစ၍ သင့်အထဲ၌ရှိသော သင်၏သားသမီးတို့ကို မြေနှင့်တစ်ညီတည်းဖြစ်စေသဖြင့် သင့်အထဲတွင် ကျောက်တုံးတစ်တုံးကိုမျှ အခြားကျောက်တုံးတစ်တုံးပေါ်၌မကျန်ရစ်စေမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်ထံ အကြည့်အရှုကြွလာတော်မူသောအချိန်ကို သင်မသိသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။ |
|
| 45 |
|
| ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ဝင်၍ ရောင်းဝယ်နေသောသူတို့ကို နှင်ထုတ်တော်မူပြီး |
|
| 46 |
|
| ထိုသူတို့အား “ ‘ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ်လိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသော်လည်း သင်တို့သည် ၎င်းကို ဓားပြတို့ခိုအောင်းရာဖြစ်စေကြပြီတကား” ဟု မိန့်တော်မူ၏။ |
|
| 47 |
|
| ကိုယ်တော်သည် ဗိမာန်တော်၌ နေ့စဉ်နေ့တိုင်း သွန်သင်လျက်နေတော်မူ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် လူထုခေါင်းဆောင်များသည် ကိုယ်တော်ကိုသတ်ရန် ရှာကြံနေကြသော်လည်း |
|
| 48 |
|
| လူအပေါင်းတို့သည် ကိုယ်တော်ကို အာရုံစိုက်၍နားထောင်နေကြသောကြောင့် မည်သို့မျှမပြုနိုင်ကြချေ။ |
|
|
|
|