|
| 1 |
|
| သင်တို့အား ငါအမှန်အကန်ဆိုမည်။ သိုးခြံထဲသို့ တံခါးပေါက်မှမဝင်ဘဲ အခြားနည်းဖြင့်ကျော်ဝင်သောသူသည် သူခိုး၊ ဓားပြဖြစ်၏။ |
|
| 2 |
|
| တံခါးပေါက်မှဝင်သောသူမူကား သိုးတို့၏သိုးထိန်းဖြစ်၏။ |
|
| 3 |
|
| တံခါးစောင့်သည် သူ့ကို တံခါးဖွင့်ပေးတတ်၏။ သိုးတို့သည် သူ၏အသံကိုနားထောင်တတ်ကြ၏။ သူသည် မိမိ၏သိုးတို့ကို နာမည်ဖြင့်ခေါ်၍ ထုတ်ဆောင်တတ်၏။ |
|
| 4 |
|
| မိမိ၏သိုးရှိသမျှတို့ကို ထုတ်ပြီးသောအခါ သိုးတို့ရှေ့မှသွားတတ်၏။ သိုးတို့သည်လည်း သူ့အသံကိုသိသောကြောင့် သူ့နောက်သို့လိုက်သွားတတ်ကြ၏။ |
|
| 5 |
|
| သူစိမ်းတို့၏အသံကိုမူ မသိကြသောကြောင့် သူစိမ်းနောက်သို့ မည်သည့်အခါမျှ မလိုက်သည်သာမက သူစိမ်းထံမှ ထွက်ပြေးတတ်ကြ၏” ဟု မိန့်တော်မူ၏။ |
|
| 6 |
|
| ယေရှုသည် ဤပုံဥပမာကို လူတို့အားမိန့်တော်မူသော်လည်း မည်သည့်အကြောင်းအရာများမိန့်တော်မူသည်ကို သူတို့နားမလည်ကြ။ |
|
| 7 |
|
| ထို့ကြောင့် တစ်ဖန် ယေရှုက “သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါသည် သိုးတို့ဝင်သောတံခါးပေါက်ဖြစ်၏။ |
|
| 8 |
|
| ငါ့ထက်အလျင်ဦးစွာရောက်လာသောသူရှိသမျှတို့သည် သူခိုးများ၊ ဓားပြများဖြစ်ကြ၏။ သို့သော် သိုးတို့သည် သူတို့ကိုနားမထောင်ခဲ့ကြ။ |
|
| 9 |
|
| ငါသည် တံခါးပေါက်ဖြစ်၏။ မည်သူမဆို ငါ့အားဖြင့်ဝင်လျှင် ကယ်တင်ခြင်းခံရမည်။ ထိုသူသည် ဝင်ထွက်ကာ ကျက်စားရာကိုတွေ့ရလိမ့်မည်။ |
|
| 10 |
|
| သူခိုးသည် ခိုးယူ၊ သတ်ဖြတ်၊ ဖျက်ဆီးရန်သာ လာတတ်၏။ ငါမူကား သိုးတို့အား အသက်ကိုရရှိစေရန်သာမက ထိုအသက်ကို ကြွယ်ဝပြည့်စုံစွာရရှိစေရန်လာ၏။ |
|
| 11 |
|
| ငါသည် ကောင်းမြတ်သောသိုးထိန်းဖြစ်၏။ ကောင်းမြတ်သောသိုးထိန်းသည် သိုးတို့အတွက် မိမိအသက်ကိုစွန့်တတ်၏။ |
|
| 12 |
|
| သိုးထိန်းမဟုတ်၊ သိုးတို့၏ပိုင်ရှင်လည်းမဟုတ်သော လူငှားမူကား ဝံပုလွေလာသည်ကိုမြင်လျှင် သိုးတို့ကိုပစ်ထား၍ ထွက်ပြေးတတ်၏။ ထိုအခါ ဝံပုလွေသည် သိုးတို့ကိုလုယူဖမ်းဆွဲ၍ တစ်ကွဲတစ်ပြားဖြစ်စေ၏။ |
|
| 13 |
|
| ထိုသို့ဖြစ်ရခြင်းမှာ လူငှားသည် လူငှားဖြစ်သည့်အလျောက် သိုးတို့၏အရေးကိစ္စကို ဂရုမစိုက်သောကြောင့်ဖြစ်၏။ |
|
| 14 |
|
| ငါသည် ကောင်းမြတ်သောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည် ခမည်းတော်ကိုသိသကဲ့သို့ ငါ့သိုးတို့ကို ငါသိ၍ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။ |
|
| 15 |
|
| ငါသည် သိုးတို့အတွက် ငါ့အသက်ကိုစွန့်၏။ |
|
| 16 |
|
| ငါ၌ ဤသိုးခြံထဲမှမဟုတ်သော အခြားသိုးတို့ရှိသေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့အသံကိုနားထောင်ကြသဖြင့် သိုးအုပ်တစ်အုပ်တည်း၊ သိုးထိန်းတစ်ပါးတည်းဖြစ်လိမ့်မည်။ |
|
| 17 |
|
| ငါသည် အသက်ကိုပြန်လည်ရယူရန် ငါ့အသက်ကိုစွန့်သောကြောင့် ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။ |
|
| 18 |
|
| မည်သူကမျှငါ့အသက်ကို ငါ့ထံမှနုတ်ယူသည်မဟုတ်။ ငါ့ဆန္ဒအလျောက် ငါ့အသက်ကိုငါစွန့်၏။ ငါ၌ ကိုယ့်အသက်ကိုစွန့်ပိုင်ခွင့်ရှိ၍ ၎င်းကို ပြန်လည်ရယူပိုင်ခွင့်ရှိ၏။ ငါသည် ဤအမိန့်ကို ငါ့ခမည်းတော်ထံမှရရှိ၏” ဟု မိန့်တော်မူ၏။ |
|
| 19 |
|
| ဤစကားတော်များကြောင့် ဂျူးလူမျိုးတို့ထဲတွင် ကွဲပြားခြင်းရှိကြပြန်၏။ |
|
| 20 |
|
| သူတို့ထဲမှ အများစုက “သူသည် နတ်ဆိုးပူး၍ ရူးသွပ်နေပြီ။ သူ့ကို အဘယ်ကြောင့် နားထောင်ကြသနည်း”ဟု ဆိုကြ၏။ |
|
| 21 |
|
| အခြားသောသူတို့က “ဤစကားတို့သည် နတ်ဆိုးပူးသူ၏စကားမဟုတ်။ နတ်ဆိုးသည် မျက်မမြင်တို့ကိုမျက်စိမြင်စေနိုင်ပါမည်လော”ဟု ဆိုကြ၏။ |
|
| 22 |
|
| ထိုစဉ်က ဂျေရုဆလင်မြို့၌ ဗိမာန်တော်သန့်စင်ခြင်းအထိမ်းအမှတ်ပွဲတော်ရှိ၏။ အချိန်ကား ဆောင်းကာလဖြစ်၏။ |
|
| 23 |
|
| ယေရှုသည် ဗိမာန်တော်၌ရှိသော ရှောလမုန်မုခ်ဆောင်တွင် ကြွတော်မူစဉ် |
|
| 24 |
|
| ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုဝိုင်းရံလျက် “သင်သည် အကျွန်ုပ်တို့၏စိတ်ကို မည်မျှကြာအောင် ဒွိဟဖြစ်စေမည်နည်း။ သင်သည် ခရစ်တော်မှန်လျှင် အကျွန်ုပ်တို့အား အတိအလင်းပြောပါ”ဟု ဆိုကြ၏။ |
|
| 25 |
|
| ယေရှုကလည်း “သင်တို့ကို ငါပြောခဲ့သော်လည်း သင်တို့မယုံကြည်ကြ။ ငါ့ခမည်းတော်၏နာမတော်အားဖြင့် ငါပြုနေသောအမှုများသည် ငါ့အကြောင်းကိုသက်သေခံလျက်ရှိ၏။ |
|
| 26 |
|
| သို့သော် သင်တို့မယုံကြည်ကြ။ မယုံကြသည့်အကြောင်းကား သင်တို့သည် ငါ့သိုးမဟုတ်ကြသောကြောင့်ဖြစ်၏။ |
|
| 27 |
|
| ငါ့သိုးတို့သည် ငါ့အသံကိုနားထောင်ကြ၏။ ငါသည်လည်း သူတို့ကိုသိ၍ သူတို့သည် ငါ့နောက်သို့လိုက်ကြ၏။ |
|
| 28 |
|
| ငါသည် သူတို့အား ထာဝရအသက်ကိုပေး၍ သူတို့သည် ကာလအစဉ်အဆက် မည်သည့်အခါမျှ မပျက်စီးရ။ မည်သူမျှ သူတို့ကို ငါ့လက်ထဲမှလုယူ၍မရနိုင်။ |
|
| 29 |
|
| သူတို့ကို ငါ့အားပေးအပ်တော်မူသောငါ့ခမည်းတော်သည် အလုံးစုံတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ မည်သူမျှ သူတို့ကို ခမည်းတော်၏လက်ထဲမှမလုယူနိုင်။ |
|
| 30 |
|
| ငါနှင့်ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်၏” ဟု ပြန်၍မိန့်တော်မူ၏။ |
|
| 31 |
|
| ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို ခဲနှင့်ပေါက်သတ်ရန် ကျောက်ခဲတို့ကိုကောက်ယူကြပြန်၏။ |
|
| 32 |
|
| ယေရှုကလည်း “ငါသည် ခမည်းတော်ထံမှ ကောင်းသောအမှုများစွာတို့ကို သင်တို့အားပြသခဲ့၏။ ၎င်းတို့ထဲမှ မည်သည့်အမှုကြောင့် ငါ့ကိုခဲနှင့်ပေါက်သတ်ကြမည်နည်း” ဟု သူတို့အားမေးတော်မူလျှင် |
|
| 33 |
|
| ဂျူးလူမျိုးတို့က “ကောင်းသောအမှုကြောင့် သင့်ကိုခဲနှင့်ပေါက်သတ်ကြမည်မဟုတ်။ သင်သည် လူဖြစ်လျက်နှင့်ပင် သင့်ကိုယ်သင် ဘုရားအယောင်ဆောင်၍ ဘုရားသခင်ကိုစော်ကားသောကြောင့်ဖြစ်၏”ဟု ပြန်ပြောကြ၏။ |
|
| 34 |
|
| ယေရှုက “သင်တို့၏ပညတ်တရားကျမ်းတွင် ‘ငါဆိုသည်ကား သင်တို့သည် ဘုရားများဖြစ်ကြ၏’ ဟူ၍ ရေးထားသည်မဟုတ်လော။ |
|
| 35 |
|
| ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရရှိသောသူတို့အား ‘ဘုရားများ’ဟု ခေါ်လျှင် ကျမ်းစာသည် မပျက်ပြယ်နိုင်သည်ဖြစ်၍ |
|
| 36 |
|
| ခမည်းတော်သည်သန့်ရှင်းစေလျက် ဤလောကသို့စေလွှတ်တော်မူသောသူက ‘ငါသည် ဘုရားသခင်၏သားတော်ဖြစ်သည်’ဟု ဆိုသောအခါ ‘ဘုရားသခင်ကိုစော်ကားသည်’ဟု ထိုသူအား သင်တို့ဆိုကြသလော။ |
|
| 37 |
|
| ငါသည် ငါ့ခမည်းတော်၏အမှုတော်များကို မဆောင်ရွက်လျှင် ငါ့ကိုမယုံကြည်ကြနှင့်။ |
|
| 38 |
|
| သို့သော် ငါဆောင်ရွက်လျှင် ငါ့ကိုမယုံကြည်သော်လည်း ထိုအမှုတော်များကို ယုံကြည်ကြလော့။ ထိုသို့ယုံကြည်ပါက ခမည်းတော်သည် ငါ၌ရှိတော်မူလျက် ငါသည် ခမည်းတော်၌ရှိကြောင်းကို သင်တို့သိရှိ၍နားလည်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။ |
|
| 39 |
|
| ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့ရာတွင် ကိုယ်တော်သည် သူတို့၏လက်မှလွတ်မြောက်၍ ကြွသွားတော်မူ၏။ |
|
| 40 |
|
| ထို့နောက် ကိုယ်တော်သည် ယခင်က ယောဟန်ဗတ္တိဇံပေးခဲ့ရာ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ တစ်ဖန်ကြွ၍ ထိုအရပ်၌နေတော်မူ၏။ |
|
| 41 |
|
| လူများစွာတို့သည် ကိုယ်တော်ထံသို့ရောက်လာ၍ “ယောဟန်သည် မည်သည့်နိမိတ်လက္ခဏာကိုမျှ မပြုခဲ့သော်လည်း ဤသူနှင့်ပတ်သက်၍ သူပြောဆိုခဲ့သောအရာအားလုံးတို့သည် မှန်ပေ၏”ဟု ဆိုကြ၏။ |
|
| 42 |
|
| ဤသို့ဖြင့် ထိုအရပ်တွင် လူများစွာတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ |
|
|
|
|