|
| 1 |
|
| ငါသည် စစ်မှန်သောစပျစ်ပင်ဖြစ်၏။ ငါ့ခမည်းတော်ကား ဥယျာဉ်မှူးဖြစ်တော်မူ၏။ |
|
| 2 |
|
| ငါ၌အသီးမသီးသောအကိုင်းအခက်ရှိသမျှကို ခမည်းတော်သည် ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍အသီးသီးစေရန် ကိုင်းဖြတ်ပြုပြင်တော်မူ၏။ |
|
| 3 |
|
| သင်တို့အား ငါဟောပြောသောတရားစကားအားဖြင့် သင်တို့သည် စင်ကြယ်လျက်ရှိကြပြီ။ |
|
| 4 |
|
| ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ကိုင်းသည် စပျစ်ပင်၌မတည်မနေလျှင် အလိုအလျောက်အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်လည်း ငါ၌မတည်မနေလျှင် အသီးမသီးနိုင်။ |
|
| 5 |
|
| ငါသည် စပျစ်ပင်ဖြစ်၏။ သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။ မည်သူမဆိုငါ၌တည်နေ၍ ငါသည်လည်း သူ၌တည်နေလျှင် ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကင်းကွာလျှင် သင်တို့သည် မည်သည့်အရာကိုမျှမပြုနိုင်ကြ။ |
|
| 6 |
|
| တစ်စုံတစ်ဦးသည် ငါ၌မတည်မနေလျှင် အကိုင်းအခက်ကဲ့သို့ အပြင်သို့လွှတ်ပစ်ခြင်းခံရ၍ ညှိုးနွမ်းခြောက်သွေ့သွားရ၏။ လူတို့သည် ၎င်းတို့ကိုစုစည်းလျက် မီးထဲသို့ပစ်ချလိုက်ကြသဖြင့် လောင်ကျွမ်းသွား၏။ |
|
| 7 |
|
| သင်တို့သည် ငါ၌တည်နေ၍ ငါ့စကားတို့သည် သင်တို့၌တည်နေလျှင် သင်တို့လိုချင်သမျှတို့ကို တောင်းကြလော့။ တောင်းလျှင် သင်တို့အတွက် ပြည့်စုံစေတော်မူလိမ့်မည်။ |
|
| 8 |
|
| သင်တို့သည် များစွာသောအသီးကိုသီးလျက် ငါ၏တပည့်များဖြစ်ခြင်းအားဖြင့် ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၏။ |
|
| 9 |
|
| ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။ |
|
| 10 |
|
| ငါသည် ငါ့ခမည်းတော်၏ပညတ်ချက်များကို စောင့်ထိန်း၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာတော်၌ တည်နေသကဲ့သို့ သင်တို့သည် ငါ၏ပညတ်ချက်များကိုစောင့်ထိန်းလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။ |
|
| 11 |
|
| သင်တို့၌ ငါ၏ဝမ်းမြောက်ခြင်းတည်နေ၍ သင်တို့၏ဝမ်းမြောက်ခြင်းသည် ပြည့်ဝစုံလင်မည့်အကြောင်း ဤအရာများကို သင်တို့အား ငါပြော၏။ |
|
| 12 |
|
| ငါ၏ပညတ်ချက်ကား ‘ ငါသည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့အချင်းချင်းချစ်ကြလော့ ’ ဟူ၍ ဖြစ်၏။ |
|
| 13 |
|
| မိမိ၏မိတ်ဆွေများအတွက် ကိုယ့်အသက်ကိုစွန့်ခြင်းထက် ပို၍မြတ်သောချစ်ခြင်းမေတ္တာသည် မည်သူ၌မျှမရှိ။ |
|
| 14 |
|
| သင်တို့အား ငါပညတ်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။ |
|
| 15 |
|
| ငါသည် သင်တို့ကို ကျွန်ဟူ၍ခေါ်တော့မည်မဟုတ်။ အကြောင်းမူကား ကျွန်သည် မိမိသခင်ပြုနေသောအရာကိုမသိ။ ငါ့ခမည်းတော်ထံမှ ကြားနာခဲ့သောအရာအားလုံးကို သင်တို့အား ငါသိစေခဲ့ပြီဖြစ်သောကြောင့် သင်တို့ကို မိတ်ဆွေဟူ၍ ငါခေါ်၏။ |
|
| 16 |
|
| သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသာလျှင် သင်တို့ကိုရွေးကောက်သဖြင့် သင်တို့သည်သွားလျက် အသီးကိုသီး၍ သင်တို့၏အသီးတည်မြဲမည့်အကြောင်းနှင့် ငါ့နာမ၌ ခမည်းတော်အား တောင်းလျှောက်သမျှတို့ကို သင်တို့အား ခမည်းတော်ပေးတော်မူမည့်အကြောင်း သင်တို့ကို ငါခန့်ထား၏။ |
|
| 17 |
|
| သင်တို့အချင်းချင်းချစ်ကြလော့ဟူသော ဤပညတ်ကို သင်တို့အား ငါပေး၏။ |
|
| 18 |
|
| လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။ |
|
| 19 |
|
| သင်တို့သည် ဤလောကနှင့်ဆိုင်ခဲ့လျှင် လောကီသားတို့သည် မိမိတို့နှင့်ဆိုင်သောသင်တို့ကို ချစ်ခဲ့ကြပေလိမ့်မည်။ သို့သော် သင်တို့သည် ဤလောကနှင့်မဆိုင်။ ငါသည် သင်တို့ကို ဤလောကမှ ရွေးကောက်ခဲ့ပြီဖြစ်သောကြောင့် လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။ |
|
| 20 |
|
| ‘ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်’ဟု သင်တို့အား ငါပြောခဲ့သည့်စကားကို သတိရကြလော့။ လူတို့သည် ငါ့ကိုညှဉ်းဆဲခဲ့လျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုလိုက်နာစောင့်ထိန်းခဲ့လျှင် သင်တို့၏စကားကိုလည်း လိုက်နာစောင့်ထိန်းကြလိမ့်မည်။ |
|
| 21 |
|
| သို့ရာတွင် သူတို့သည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို မသိကြသဖြင့် ငါ၏နာမကြောင့် သင်တို့အပေါ် ထိုအမှုအရာအားလုံးတို့ကို ပြုကြလိမ့်မည်။ |
|
| 22 |
|
| ငါသည်လာ၍ သူတို့အား မဟောပြောခဲ့လျှင် သူတို့၌အပြစ်မရှိ။ သို့သော် ယခုအခါ သူတို့သည် မိမိတို့၏အပြစ်အတွက် ဆင်ခြေပေး၍မရနိုင်ကြ။ |
|
| 23 |
|
| ငါ့ကိုမုန်းသောသူသည် ငါ့ခမည်းတော်ကိုလည်းမုန်း၏။ |
|
| 24 |
|
| အခြားမည်သူမျှ မပြုဖူးသောအမှုများကို သူတို့ရှေ့၌ ငါမပြုခဲ့လျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား သူတို့သည် ထိုအမှုတို့ကိုမြင်ရလျက်နှင့်ပင် ငါနှင့်ငါ့ခမည်းတော်ကို မုန်းကြ၏။ |
|
| 25 |
|
| ဤသို့ဖြစ်ခြင်းမှာ သူတို့၏ပညတ်တရားကျမ်း၌ ‘ထိုသူတို့သည် အကြောင်းမဲ့ ငါ့ကိုမုန်းကြ၏’ ဟု ရေးထားသောစကား ပြည့်စုံစေရန်ဖြစ်၏။ |
|
| 26 |
|
| ခမည်းတော်ထံမှ သင်တို့ထံသို့ ငါစေလွှတ်မည့် ကူညီမစသူတည်းဟူသော ခမည်းတော်ထံမှလာသည့် သမ္မာတရား၏ဝိညာဉ်တော်ရောက်လာသောအခါ ငါ့အကြောင်းကို သက်သေခံလိမ့်မည်။ |
|
| 27 |
|
| သင်တို့သည်လည်း အစအဦးကပင် ငါနှင့်အတူရှိကြသောကြောင့် သက်သေခံကြလိမ့်မည်။ |
|
|
|
|