|
| 1 |
|
| ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေတို့သည် |
|
| 2 |
|
| ကောလောသဲမြို့တွင်နေကြသည့် သန့်ရှင်းသူများတည်းဟူသော ခရစ်တော်၌ရှိသောသစ္စာရှိသည့်ညီအစ်ကိုများထံသို့ စာရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ |
|
| 3 |
|
| ငါတို့သည် သင်တို့အတွက် အစဉ်အမြဲဆုတောင်းလျက် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်တည်းဟူသော ဘုရားသခင်ကို ကျေးဇူးတင်ကြ၏။ |
|
| 4 |
|
| အကြောင်းမှာ ခရစ်တော်ယေရှုအပေါ်၌ရှိသောသင်တို့၏ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့အပေါ် သင်တို့ထားရှိသည့် ချစ်ခြင်းမေတ္တာအကြောင်းကို ငါတို့ကြားရသောကြောင့်ဖြစ်၏။ |
|
| 5 |
|
| ထိုယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့သည် သင်တို့အတွက် ကောင်းကင်ဘုံ၌သိုမှီးထားသော မျှော်လင့်ခြင်းကြောင့်ဖြစ်ပေါ်လာ၍ ထိုမျှော်လင့်ခြင်းအကြောင်းကို သင်တို့ထံသို့ရောက်လာသည့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သော သမ္မာတရား၏နှုတ်ကပတ်တော်၌ သင်တို့ကြားခဲ့ရကြပြီ။ |
|
| 6 |
|
| ထိုသတင်းသည် ကမ္ဘာတစ်ဝန်းလုံး၌ အသီးသီးကာ တိုးပွားလျက်ရှိသကဲ့သို့ ၎င်းကိုသင်တို့ကြားနာလျက် ဘုရားသခင်၏ကျေးဇူးတော်ကို မှန်ကန်စွာသိရှိရသောနေ့မှစ၍ သင်တို့ထဲ၌လည်း အသီးသီးကာ တိုးပွားလျက်ရှိ၏။ |
|
| 7 |
|
| သင်တို့သည် ထိုသတင်းကို ငါတို့၏အစေအပါးချင်းဖြစ်သည့် ချစ်ရသောဧပဖြထံမှ ကြားသိခဲ့၏။ သူသည် သင်တို့အတွက် ခရစ်တော်၏ သစ္စာရှိသောအမှုတော်ဆောင်ဖြစ်၍ |
|
| 8 |
|
| ဝိညာဉ်တော်အားဖြင့်ဖြစ်လာသော သင်တို့၏ချစ်ခြင်းမေတ္တာအကြောင်းကို ငါတို့အားပြောပြ၏။ |
|
| 9 |
|
| ထို့ကြောင့် ငါတို့သည်လည်း ကြားရသည့်နေ့မှစ၍ သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းလျက် သင်တို့သည် ဝိညာဉ်ရေးဆိုင်ရာဉာဏ်ပညာနှင့် တတ်သိနားလည်မှုအလုံးစုံတို့ဖြင့် ဘုရားသခင်၏အလိုတော်ကိုသိသောဉာဏ်နှင့်ပြည့်ဝ၍ |
|
| 10 |
|
| ကောင်းသောအမှုအမျိုးမျိုးတည်းဟူသော အသီးကိုသီးကာ ဘုရားသခင်ကိုသိသောဉာဏ်၌ကြီးထွားသဖြင့် အရာရာ၌ သခင်ဘုရားကိုနှစ်သက်စေ၍ ကိုယ်တော်နှင့်ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းနိုင်မည့်အကြောင်း တောင်းလျှောက်ကြ၏။ |
|
| 11 |
|
| ထို့ပြင် သင်တို့သည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော တန်ခိုးအရှိန်အဝါနှင့်အညီ တန်ခိုးတော်ရှိသမျှတို့ဖြင့် အားဖြည့်ခြင်းကိုခံရလျက် သည်းခံခြင်းနှင့်စိတ်ရှည်ခြင်းအပြည့်အဝရှိသဖြင့် |
|
| 12 |
|
| သင်တို့ကို အလင်းထဲ၌ရှိသော သန့်ရှင်းသူများ၏ဝေစု၌ပါဝင်ရန် ထိုက်တန်သူဖြစ်စေတော်မူသောခမည်းတော်ကို ဝမ်းမြောက်သောစိတ်နှင့် ကျေးဇူးတင်ကြမည့်အကြောင်း တောင်းလျှောက်ကြ၏။ |
|
| 13 |
|
| ခမည်းတော်သည် ငါတို့ကို မှောင်မိုက်ခြင်း၏အာဏာစက်မှ ကယ်နုတ်၍ မိမိချစ်တော်မူသော သားတော်၏နိုင်ငံတော်ထဲသို့ ရွှေ့ပြောင်းပို့ဆောင်တော်မူ၏။ |
|
| 14 |
|
| ငါတို့သည် ထိုသားတော်အားဖြင့် ရွေးနုတ်ခြင်းတည်းဟူသော အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ရရှိကြ၏။ |
|
| 15 |
|
| သားတော်သည် မမြင်ရသောဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်ပြီး ဖန်ဆင်းတော်မူသောအရာအားလုံးတို့တွင် သားဦးဖြစ်တော်မူ၏။ |
|
| 16 |
|
| အကြောင်းမူကား ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ရှိသမျှသောမြင်ရသည့်အရာနှင့်မမြင်ရသည့်အရာများ၊ ရာဇပလ္လင်များဖြစ်စေ၊ စိုးပိုင်ခွင့်များဖြစ်စေ၊ အုပ်ချုပ်မှုများဖြစ်စေ၊ အာဏာစက်များဖြစ်စေ သားတော်အားဖြင့် ဖန်ဆင်းခြင်းခံရ၏။ ခပ်သိမ်းသောအရာတို့သည် သားတော်အားဖြင့်လည်းကောင်း၊ သားတော်အတွက်လည်းကောင်း ဖန်ဆင်းခြင်းခံရ၏။ |
|
| 17 |
|
| သားတော်သည် ခပ်သိမ်းသောအရာတို့ထက် အလျင်ဦးစွာရှိနှင့်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၌စုပေါင်းတည်ရှိကြ၏။ |
|
| 18 |
|
| ကိုယ်တော်သည် အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်၏ဦးခေါင်းဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့၌ အထွတ်အထိပ်ဖြစ်မည့်အကြောင်း အစအဦးဖြစ်တော်မူပြီး သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူဖြစ်တော်မူ၏။ |
|
| 19 |
|
| အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကိန်းဝပ်စေရန်လည်းကောင်း၊ |
|
| 20 |
|
| လက်ဝါးကပ်တိုင်ပေါ်၌သွန်းသော သားတော်၏သွေးတော်အားဖြင့် ရန်ငြိမ်းစေ၍ ကောင်းကင်ဘုံ၌ရှိသောအရာများဖြစ်စေ၊ မြေကြီးပေါ်၌ရှိသောအရာများဖြစ်စေ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် မိမိနှင့်ပြန်လည်သင့်မြတ်စေရန်လည်းကောင်း အလိုရှိတော်မူ၏။ |
|
| 21 |
|
| ယခင်က သင်တို့သည် ဆိုးညစ်သောအမှုများကိုပြုခြင်းအားဖြင့် ဘုရားသခင်နှင့်ကင်းကွာလျက် စိတ်နှလုံး၌ရန်သူဖြစ်ကြ၏။ |
|
| 22 |
|
| ယခုမူကား သွေးသားနှင့်ဆိုင်သောကိုယ်ခန္ဓာ၌ သားတော်ကိုအသေခံစေခြင်းအားဖြင့် ဘုရားသခင်သည် သင်တို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူ၏။ ဤသည်ကား သန့်ရှင်းလျက်အပြစ်အနာအဆာကင်း၍ အပြစ်တင်စရာမရှိသောသင်တို့ကို မိမိ၏ရှေ့တော်သို့ ဆက်သနိုင်ရန်ဖြစ်၏။ |
|
| 23 |
|
| သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။ |
|
| 24 |
|
| ငါသည် သင်တို့အတွက်ခံရသောဒုက္ခဝေဒနာ၌ ယခုဝမ်းမြောက်၍ ခရစ်တော်၏ဆင်းရဲဒုက္ခတွင် လိုအပ်သေးသည့်အပိုင်းကို ကိုယ်တော်၏ကိုယ်ခန္ဓာတည်းဟူသောအသင်းတော်အတွက် ငါ၏ကိုယ်ကာယ၌ ဖြည့်ဆည်းလျက်ရှိ၏။ |
|
| 25 |
|
| ဘုရားသခင်၏နှုတ်ကပတ်တော်ကို အပြည့်အဝဟောပြောစေရန် သင်တို့အတွက် ငါ့အားပေးတော်မူသော ဘုရားသခင်၏စီမံခန့်ခွဲမှုနှင့်အညီ ငါသည် ထိုအသင်းတော်၏အမှုတော်ဆောင်ဖြစ်လာ၏။ |
|
| 26 |
|
| ထိုနှုတ်ကပတ်တော်သည် ရှေးကာလများမှစ၍ ခေတ်ကာလအစဉ်အဆက်ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ မိမိ၏သန့်ရှင်းသူတို့အား ဖွင့်ပြတော်မူသည့် လျှို့ဝှက်နက်နဲသောအရာဖြစ်၏။ |
|
| 27 |
|
| ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။ |
|
| 28 |
|
| ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။ |
|
| 29 |
|
| ငါသည်လည်း တန်ခိုးတော်အားဖြင့် ငါ့အထဲ၌လုပ်ဆောင်နေသည့် ကိုယ်တော်၏လုပ်ဆောင်မှုအတိုင်း ထိုအမှုအတွက် ကြိုးစားအားထုတ်နေ၏။ |
|
|
|
|