|
| 1 |
|
| ညီအစ်ကိုတို့၊ ငါတို့သခင် ယေရှုခရစ်တော်၏ကြွလာတော်မူခြင်းအကြောင်းနှင့် ကိုယ်တော်ထံ၌ ငါတို့အတူတကွစုဝေးခြင်းအကြောင်းတို့နှင့်ပတ်သက်၍ |
|
| 2 |
|
| ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ ငါတို့စာကဲ့သို့သောစာအားဖြင့်ဖြစ်စေ သခင်ဘုရား၏နေ့ရက်ကျရောက်ပြီဖြစ်သည့်ပုံမျိုးပြောဆိုကြသော်လည်း စိတ်ထဲ၌ အလျင်အမြန်တုန်လှုပ်ခြင်း၊ သို့မဟုတ် စိုးရိမ်ထိတ်လန့်ခြင်းမရှိကြရန် သင်တို့အား ငါတို့တောင်းပန်ကြ၏။ |
|
| 3 |
|
| မည်သူမျှ သင်တို့ကို မည်သည့်နည်းနှင့်မျှ မလှည့်ဖြားစေနှင့်။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်သွေဖည်မှုသည် ဦးစွာဖြစ်လာ၍ ပျက်စီးခြင်း၏သားတည်းဟူသော တရားမဲ့ခြင်းနှင့်ဆိုင်သောသူသည် ထင်ရှားမလာမီ ထိုနေ့ရက်သည် ရောက်လာမည်မဟုတ်။ |
|
| 4 |
|
| ထိုသူသည် ဘုရားဟုခေါ်ဝေါ်သောအရာနှင့် ကိုးကွယ်ခြင်းခံရသောအရာအားလုံးကို ဆန့်ကျင်လျက် ၎င်းတို့အပေါ် မိမိကိုယ်ကိုချီးမြှောက်ကာ ဘုရားသခင်၏ဗိမာန်တော်၌ထိုင်၍ မိမိကိုယ်ကိုဘုရားဖြစ်သည်ဟု ကြေညာလိမ့်မည်။ |
|
| 5 |
|
| သင်တို့နှင့်အတူရှိနေစဉ်က ဤအရာများကို သင်တို့အား ငါပြောခဲ့ကြောင်း သင်တို့သတိမရကြသလော။ |
|
| 6 |
|
| ထိုသူကို မိမိအချိန်အခါ၌ထင်ရှားစေရန် ယခု သူ့ကိုတားဆီးထားသောသူရှိကြောင်း သင်တို့သိကြ၏။ |
|
| 7 |
|
| အကြောင်းမူကား တရားမဲ့ခြင်းနှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာသည် လှုပ်ရှားနေပြီဖြစ်၏။ သို့သော် ယခုတားဆီးထားသောသူသည် ဖယ်ရှားခြင်းခံရသည်အထိ တားဆီးလိမ့်မည်။ |
|
| 8 |
|
| ထို့နောက် တရားမဲ့သောသူသည် ထင်ရှားလာလိမ့်မည်။ သခင်ယေရှုသည် ထိုသူကို မိမိနှုတ်တော်မှထွက်သက်လေအားဖြင့် ကွပ်မျက်၍ မိမိကြွလာတော်မူခြင်း၏ရောင်ခြည်အားဖြင့် ပယ်ဖျက်တော်မူလိမ့်မည်။ |
|
| 9 |
|
| တရားမဲ့သောသူသည် စာတန်၏လုပ်ဆောင်မှုအားဖြင့် ရောက်ရှိလာမည်ဖြစ်၍ အမျိုးမျိုးသောတန်ခိုး၊ နိမိတ်လက္ခဏာများ၊ မုသားနှင့်ဆိုင်သောအံ့ဩဖွယ်ရာများဖြင့်လည်းကောင်း၊ |
|
| 10 |
|
| ပျက်စီးခြင်းသို့ရောက်မည့်သူတို့အတွက် မတရားမှုနှင့်ဆိုင်သောလှည့်ဖြားခြင်းအမျိုးမျိုးတို့ဖြင့်လည်းကောင်း ရောက်ရှိလာမည်။ သူတို့ပျက်စီးခြင်းသို့ရောက်မည့်အကြောင်းမှာ မိမိတို့ကယ်တင်ခြင်းခံရရန်အတွက် သမ္မာတရားအားချစ်ရမည်ကို ငြင်းပယ်ကြသောကြောင့်ဖြစ်၏။ |
|
| 11 |
|
| ထို့ကြောင့် မုသားကို သူတို့ယုံကြည်ကြစေရန် ဘုရားသခင်သည် လှည့်ဖြားခြင်းတန်ခိုးကို သူတို့ထံသို့ စေလွှတ်တော်မူ၏။ |
|
| 12 |
|
| ဤသည်ကား သမ္မာတရားကိုမယုံကြည်ဘဲ မတရားမှုကိုနှစ်သက်သောသူအားလုံး စီရင်ခြင်းခံရမည့်အကြောင်းတည်း။ |
|
| 13 |
|
| သို့သော် သခင်ဘုရားချစ်တော်မူသောညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ သမ္မာတရားကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိရန်အတွက် ဘုရားသခင်သည် သင်တို့ကို အသီးဦးအဖြစ် ရွေးကောက်တော်မူသောကြောင့်ဖြစ်၏။ |
|
| 14 |
|
| ဤရည်ရွယ်ချက်အတွက် ဘုရားသခင်သည် ငါတို့ဟောပြောသည့်ကောင်းမြတ်သောသတင်းအားဖြင့် သင်တို့ကို ခေါ်ယူတော်မူ၏။ ဤသည်ကား ငါတို့သခင်ယေရှုခရစ်တော်၏ဘုန်းအသရေတော်ကို သင်တို့ရရှိရန်အတွက်ဖြစ်၏။ |
|
| 15 |
|
| ထို့ကြောင့် ညီအစ်ကိုတို့၊ ခိုင်မြဲစွာရပ်တည်လျက် ငါတို့၏စကားအားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ သင်တို့သင်ယူထားသောဓလေ့ထုံးတမ်းကို စွဲကိုင်ထားကြလော့။ |
|
| 16 |
|
| ငါတို့၏သခင်ယေရှုခရစ်တော်ကိုယ်တော်တိုင်နှင့် ငါတို့ကိုချစ်တော်မူ၍ ကျေးဇူးတော်အားဖြင့် ထာဝရနှစ်သိမ့်ခြင်းနှင့် ကောင်းမြတ်သောမျှော်လင့်ခြင်းတို့ကိုပေးတော်မူသော ငါတို့အဖဘုရားသခင်သည် |
|
| 17 |
|
| သင်တို့၏စိတ်နှလုံးကို နှစ်သိမ့်ပေး၍ ကောင်းသောစကားနှင့်ကောင်းသောအမှုအလုံးစုံတို့၌ သင်တို့ကို ခိုင်ခံ့မြဲမြံစေတော်မူပါစေသော။ |
|
|
|
|