|
| 1 |
|
| ထို့နောက် ဗိမာန်တော်ထဲမှကျယ်လောင်သောအသံက “သွားကြလော့။ ဘုရားသခင်၏ပြင်းစွာသောဒေါသဖလားခုနစ်လုံးကို မြေကြီးပေါ်သို့သွန်းလောင်းကြလော့”ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ဆိုသည်ကို ငါကြားရ၏။ |
|
| 2 |
|
| ပထမကောင်းကင်တမန်သည် သွား၍ သူ၏ဖလားကို မြေကြီးပေါ်သို့သွန်းလောင်းသောအခါ သားရဲ၏အမှတ်တံဆိပ်ရှိသောသူနှင့် သူ၏ရုပ်တုကိုကိုးကွယ်သောသူများ၌ အလွန်ဆိုးရွားသောအနာစိမ်းများပေါက်လေ၏။ |
|
| 3 |
|
| ဒုတိယကောင်းကင်တမန်သည် သူ၏ဖလားကို ပင်လယ်ပေါ်သို့သွန်းလောင်းသောအခါ ရေသည် သေသောသူ၏သွေးကဲ့သို့ဖြစ်သွား၍ ပင်လယ်ထဲ၌ရှိသော သက်ရှိသတ္တဝါအားလုံးသေကြ၏။ |
|
| 4 |
|
| တတိယကောင်းကင်တမန်သည် သူ၏ဖလားကို မြစ်များနှင့် စမ်းရေများပေါ်သို့သွန်းလောင်းသောအခါ ရေသည်သွေးဖြစ်သွားလေ၏။ |
|
| 5 |
|
| ထိုအခါ ရေနှင့်ဆိုင်သောကောင်းကင်တမန်က “ယခုရှိလျက် ယခင်ကလည်းရှိသည့် သန့်ရှင်းတော်မူသောအရှင်၊ ဤအမှုအရာများကို ကိုယ်တော်စီရင်တော်မူသောကြောင့် ကိုယ်တော်သည်ဖြောင့်မတ်ပါ၏။ |
|
| 6 |
|
| အကြောင်းမူကား ထိုသူတို့သည် သန့်ရှင်းသူများနှင့် ပရောဖက်များ၏သွေးကို သွန်းခဲ့ကြသည်ဖြစ်၍ ကိုယ်တော်သည် ထိုသွေးတို့ကို သူတို့အားသောက်ရန် ပေးတော်မူပြီ။ သူတို့သည် ထိုသို့ခံရရန် ထိုက်တန်ပေ၏”ဟု ဆိုသည်ကို ငါကြားရ၏။ |
|
| 7 |
|
| ယဇ်ပလ္လင်ကလည်း “မှန်ပါ၏။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတပါ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ |
|
| 8 |
|
| စတုတ္ထကောင်းကင်တမန်သည် သူ၏ဖလားကို နေပေါ်သို့သွန်းလောင်းသောအခါ နေသည် လူတို့အား မီးဖြင့်လောင်ရသောအခွင့်ကိုရ၏။ |
|
| 9 |
|
| လူတို့သည် ပြင်းထန်သောအပူရှိန်ကြောင့် နေလောင်ဒဏ်ခံရသဖြင့် ဤဘေးဒဏ်များအပေါ်အခွင့်အာဏာရှိသော ဘုရားသခင်၏နာမတော်ကို စော်ကားပြောဆို၍ နောင်တလည်းမရ၊ ဘုရားသခင်၏ဘုန်းတော်ကိုလည်း မချီးမွမ်းကြပေ။ |
|
| 10 |
|
| ပဉ္စမကောင်းကင်တမန်သည် သူ၏ဖလားကို သားရဲ၏ပလ္လင်ပေါ်သို့သွန်းလောင်းသောအခါ သားရဲ၏နိုင်ငံသည် မှောင်မိုက်အတိဖြစ်သွား၍ လူတို့သည် နာကျင်ခြင်းဝေဒနာကြောင့် မိမိတို့လျှာကိုကိုက်ခဲကြ၏။ |
|
| 11 |
|
| လူတို့သည် သူတို့ခံရသောနာကျင်ခြင်းဝေဒနာနှင့် သူတို့၏အနာစိမ်းတို့ကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို စော်ကားပြောဆို၍ မိမိတို့ပြုသောအမှုများအတွက် နောင်တမရကြပေ။ |
|
| 12 |
|
| ဆဋ္ဌမကောင်းကင်တမန်သည် သူ၏ဖလားကို ကြီးမားသောယူဖရေးတီးမြစ်ပေါ်သို့သွန်းလောင်းသောအခါ အရှေ့ပြည်မှဘုရင်များအတွက် လမ်းကိုပြင်ဆင်ပေးရန် မြစ်ရေသည်ခန်းခြောက်သွားလေ၏။ |
|
| 13 |
|
| ထို့နောက် နဂါး၏ခံတွင်းမှလည်းကောင်း၊ သားရဲ၏ခံတွင်းမှလည်းကောင်း၊ ပရောဖက်အတုအယောင်၏ခံတွင်းမှလည်းကောင်း ဖားနှင့်တူသည့် ညစ်ညူးသောဝိညာဉ်သုံးပါး ထွက်လာသည်ကို ငါမြင်ရ၏။ |
|
| 14 |
|
| ထိုဝိညာဉ်တို့သည် နိမိတ်လက္ခဏာများကိုပြုသော နတ်ဆိုးတို့၏ဝိညာဉ်များဖြစ်ကြ၏။ ၎င်းတို့သည် ကမ္ဘာတစ်ဝန်းလုံးရှိ ဘုရင်များကို အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ရက်ကြီးနှင့်ဆိုင်သောစစ်ပွဲအတွက်စုဝေးစေရန် ထိုဘုရင်များထံသို့ ထွက်ခွာသွားကြ၏။ |
|
| 15 |
|
| (ကြည့်ရှုလော့။ ငါသည် သူခိုးကဲ့သို့လာမည်။ အဝတ်မပါအချည်းစည်းဖြင့်သွားလာ၍ မိမိအရှက်ကို လူတို့မြင်ရသည့်အဖြစ်မျိုးမရှိစေရန် မိမိအဝတ်များကိုထိန်းသိမ်းလျက် သတိနှင့်စောင့်နေသောသူသည် မင်္ဂလာရှိ၏။) |
|
| 16 |
|
| ထိုဝိညာဉ်တို့သည် ဘုရင်များကို ဟေဗြဲဘာသာစကားအားဖြင့် အာမဂေဒုန်ဟုခေါ်သောအရပ်၌ စုဝေးစေကြ၏။ |
|
| 17 |
|
| သတ္တမကောင်းကင်တမန်သည် သူ၏ဖလားကို အာကာသထဲသို့သွန်းလောင်းသောအခါ ဗိမာန်တော်ထဲရှိ ပလ္လင်တော်မှ ကျယ်လောင်သောအသံထွက်ပေါ်လာ၍ “အမှုပြီးမြောက်ပြီ”ဟု ဆို၏။ |
|
| 18 |
|
| ထိုအခါ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်းနှင့် မိုးချုန်းခြင်းများဖြစ်ပေါ်လာ၍ ငလျင်ပြင်းထန်စွာလှုပ်လေ၏။ မြေကြီးပေါ်တွင် လူဖြစ်ပေါ်လာချိန်မှစ၍ ထိုမျှလောက်ကြီးမား၍ပြင်းထန်သောငလျင်မျိုးသည် မဖြစ်ခဲ့ဖူးပေ။ |
|
| 19 |
|
| မြို့ကြီးသည် သုံးပိုင်းကွဲသွား၍ တိုင်းနိုင်ငံတို့၏မြို့များသည်လည်း ပြိုလဲကြကုန်၏။ ဘုရားသခင်သည် မိမိ၏အမျက်တော်နှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ခွက်ကိုပေးရန် ဘေဘီလုံမြို့ကြီးကိုသတိရတော်မူ၏။ |
|
| 20 |
|
| ကျွန်းရှိသမျှတို့သည် ပျောက်လွင့်သွား၍ တောင်များကိုလည်း မတွေ့ရတော့ပေ။ |
|
| 21 |
|
| ကောင်းကင်မှလည်း ပေါင်တစ်ရာခန့်လေးသောမိုးသီးကြီးများသည် လူတို့အပေါ်သို့ကျလေ၏။ ဤဘေးဒဏ်သည် အလွန်ပြင်းထန်သဖြင့် လူတို့သည် ထိုမိုးသီး၏ဘေးဒဏ်ကြောင့် ဘုရားသခင်ကိုစော်ကားပြောဆိုကြ၏။ |
|
|
|
|