|
| 1 |
|
| ထာဝရဘုရား၏ တမန်တော်သည်၊ ဂိလဂါလမြို့မှ ဗောခိမ်မြို့သို့လာ၍၊ သင်တို့ ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ အဲဂုတ္တုပြည်မှ သင်တို့ကို ငါဆောင်ခဲ့ပြီ။ သင်တို့နှင့် ငါဖွဲ့သောပဋိညာဉ်ကို ငါမဖျက် အစဉ်အမြဲစောင့်မည်။ |
|
| 2 |
|
| သင်တို့သည် ဤပြည်သားတို့နှင့် မိတ်သဟာယမဖွဲ့ရ။ သူတို့ယဇ်ပလ္လင်တို့ကို လှဲချရမည်ဟု ငါဆိုသော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ |
|
| 3 |
|
| တစ်ဖန် ငါဆိုသည်ကား၊ ဤပြည်သားတို့ကို သင်တို့ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့တစ်ဖက်၌ မုဆိုးလုပ်လျက်၊ သူတို့ဘုရားတို့သည်လည်း သင်တို့၌ ကျော့ကွင်းဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
|
| 4 |
|
| ထာဝရဘုရား၏ တမန်တော်သည် ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့မိန့်တော်မူသောအခါ၊ လူများတို့သည် အသံကိုလွှင့်၍ ငိုကြွေးကြ၏။ |
|
| 5 |
|
| ထိုအရပ်ကို ဗောခိမ်အမည်ဖြင့်မှည့်၍ ထာဝရဘုရားအား ယဇ်ပူဇော်ကြ၏။ |
|
| 6 |
|
| အထက်က ယောရှုသည် လူများတို့ကို လွှတ်လိုက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် အသီးအသီး မိမိတို့အမွေခံရာမြေကို သိမ်းယူခြင်းငှာ သွားကြ၏။ |
|
| 7 |
|
| ယောရှုလက်ထက် ကာလပတ်လုံး၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးအဖို့ ပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သိမြင်၍၊ ယောရှုမရှိသောနောက် အသက်ရှင်သေးသော အသက်ကြီးသူတို့ လက်ထက်၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။ |
|
| 8 |
|
| ထာဝရဘုရား၏ကျွန်၊ နုန်၏သားယောရှုသည် အသက်တစ်ရာတစ်ဆယ်ရှိသော် အနိစ္စရောက်လေ၏။ |
|
| 9 |
|
| ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာရှိသော သူ၏အမွေခံရာ တိမနဿေရမြို့နယ်မြေ၌ သင်္ဂြိုဟ်ကြ၏။ |
|
| 10 |
|
| ယောရှုလက်ထက် ကာလ၌ ဖြစ်သောသူအပေါင်းတို့သည်လည်း၊ ဘိုးဘေးတို့ စုဝေးရာသို့ရောက်ကြ၏။ ထာဝရဘုရားကိုလည်းကောင်း၊ ဣသရေလအမျိုးအဖို့ ပြုတော်မူသောအမှုတို့ကိုလည်းကောင်း မသိသော နောင်ကာလအမျိုးသားတို့သည် ပေါ်လာကြ၏။ |
|
| 11 |
|
| ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ဗာလဘုရားတို့ကို ဝတ်ပြုကြ၏။ |
|
| 12 |
|
| အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကိုစွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ ဘုရားတစ်ပါးတို့နောက်သို့ လိုက်လျက်ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။ |
|
| 13 |
|
| ထာဝရဘုရားကိုစွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်၊ |
|
| 14 |
|
| ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာအမျက်ထွက်လျက်၊ လုယူသော သူတို့လက်သို့အပ်၍၊ ပတ်ဝန်းကျင်သော ရန်သူတို့၌ ရောင်းတော်မူသဖြင့်၊ ရန်သူတို့ရှေ့မှာ သူတို့သည် တစ်ဖန်မရပ်နိုင်ကြ။ |
|
| 15 |
|
| သူတို့သည် ထွက်သွားလေရာရာ၌ ထာဝရဘုရား မိန့်မြွက်ကျိန်ဆိုတော်မူသည်အတိုင်း၊ လက်တော်အဆီးအတားနှင့် တွေ့၍ အလွန်ဆင်းရဲခြင်းသို့ ရောက်ကြ၏။ |
|
| 16 |
|
| သို့ရာတွင် လုယူသောသူတို့လက်မှ ကယ်လွှတ်သော တရားသူကြီးတို့ကို ထာဝရဘုရား ပေါ်ထွန်းစေတော်မူ၏။ |
|
| 17 |
|
| ထိုတရားသူကြီးတို့စကားကိုလည်း သူတို့သည် နားမထောင်၊ အခြားတစ်ပါးသော ဘုရားတို့နှင့်မှားယွင်း၍ ဦးညွှတ်ကြ၏။ ဘိုးဘေးတို့သည် ထာဝရဘုရား၏ ပညတ်တော်တို့ကိုကျင့်၍ လိုက်သောလမ်းမှ သူတို့သည် အလျင်အမြန်လွဲသွားသဖြင့်၊ ဘိုးဘေးကျင့်သည်အတိုင်း မကျင့်ကြ။ |
|
| 18 |
|
| ထာဝရဘုရားသည် တရားသူကြီးကို ပေါ်ထွန်းစေသောအခါ သူနှင့်အတူရှိ၍၊ သူ့လက်ထက်ပတ်လုံး ဣသရေလလူတို့ကို ရန်သူ၏လက်မှ ကယ်လွှတ်တော်မူ၏။ အကြောင်းမူကား သူတို့သည် နှောင့်ယှက်ညှဉ်းဆဲခြင်းကိုခံရ၍ မြည်တမ်းကြသောအခါ ထာဝရဘုရားသည် နောင်တရတော်မူ၏။ |
|
| 19 |
|
| တရားသူကြီးသေသောနောက်၊ သူတို့သည် တစ်ဖန် ဘိုးဘေးထက်သာ၍ ဆိုးသဖြင့်၊ အခြားတစ်ပါးသော ဘုရားတို့နောက်သို့လိုက်လျက် ဝတ်ပြု၍ ဦးညွှတ်ကြ၏။ မိမိတို့အကျင့်ဓလေ့နှင့် ကြမ်းတမ်းသောလမ်းကို မစွန့်မပယ်ကြ။ |
|
| 20 |
|
| ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာအမျက်ထွက်လျက်၊ ဤလူတို့သည် ငါ့စကားကိုနားမထောင်။ သူတို့ဘိုးဘေးတို့နှင့် ငါဖွဲ့သောပဋိညာဉ်ကို ဖျက်သောကြောင့်၊ |
|
| 21 |
|
| ယောရှုသေသောနောက် ကျန်ကြွင်းရစ်သော လူမျိုးတစ်စုံတစ်မျိုးကို သူတို့ရှေ့မှ နောက်တစ်ဖန် ငါမနှင်ထုတ်။ |
|
| 22 |
|
| သူတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏လမ်းတော်သို့ လိုက်ခြင်းငှာ စောင့်ရှောက်သကဲ့သို့ သူတို့သည်စောင့်ရှောက်မည်လော၊ မစောင့်ရှောက်လောဟု ကျန်သေးသောလူမျိုးအားဖြင့် ဣသရေလအမျိုးကို ငါစုံစမ်းမည်ဟု မိန့်တော်မူသည်နှင့်အညီ၊ |
|
| 23 |
|
| ထိုလူမျိုးကို ယောရှုလက်၌မအပ်၊ အလျင်အမြန် မနှင်ထုတ်ဘဲနေတော်မူ၏။ |
|
|
|
|